မွန်ပြည်နယ်၌ သေမင်းတမန် ရထားလမ်း ပြတိုက်ဖွင့်

မွန်ပြည်နယ်မှာ ဂျပန်တပ်မတော်က ဒုတိယကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့တဲ့ သေမင်းတမန် မီးရထားလမ်းနဲ့ ပတ်သက်တဲ့ ပြတိုက်ကို ရထားလမ်းအဆုံးနေရာမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမီးရထားလမ်းဆောက်လုပ်ဖို့ ဂျပန်တပ်မတော်က အာရှတိုက်နဲ့ ဥရောပမှ အသက်ပေါင်းများစွာကို စတေးခဲ့တဲ့အတွက် သေမင်းတမန် မီးရထားလမ်းလို့ ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂

သေမင်းတမန် မီးရထားလမ်းပြတိုက်ကို ဇန်နဝါရီ ၄ ရက်က မော်လမြိုင်မြို့ တောင်ပိုင်း ၆၅ ကီလိုမီတာ(မိုင် ၄၀) အကွာက သံဖြူဇရပ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ ဓာတ်ပုံများ၊ ပန်းချီကားများ၊ ရုပ်တုများ၊ မီးရထားလမ်း တည်ဆောက်တာကို မှတ်တမ်းရိုက်ကူးထားတဲ့ သရီးဒီပုံရိပ်များ ဖော်ပြထားတယ်လို့ မြန်မာနိုင်ငံ အစိုးရပိုင် သတင်းစာဖြစ်တဲ့ Global New Light of Myanmar က ဖော်ပြခဲ့ပါတယ်။ ဂျပန် အင်ပါယာ တပ်မတော်သားတွေနဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်တုများကိုတော့ အဆောက်အအုံ ပြင်ပမှာ ပြသထားပါတယ်။

ပြတိုက်ကို တလမွန်ကုမ္ပဏီ Tala Mon Co., Ltd က ဆောက်လုပ်ထားတာဖြစ်ပြီး မြေနေရာ ၄ ဧက ကျယ်ဝန်းတဲ့ နေရာမှာ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ တခြား ခရီးသွားလာရေး ပစ္စည်းတွေလည်း ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။

ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို မီးရထားလမ်းဖောက်လုပ်မှုမှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာဖြစ်သူ အသက် ၉၅ နှစ်အရွယ်ရှိ မီကို ကီနိုရှီတ Miko Kinoshita ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ကီနိုရှီတ က ငိုကြွေးခဲ့ကြောင်းနဲ့ ပြတိုက်ဟာ အသက်ပေးပြီး မီးရထားဖောက်လုပ်ခဲ့သူတွေအတွက် ဂုဏ်ပြုမှုတစ်ခု ဖြစ်တယ်လို့ သူက ပြောကြားခဲ့ကြောင်း Global New Light of Myanmar က ဆိုပါတယ်။

သံဖြူဇရပ်နဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီအနီးက ဘန်ပေါင် ကို ဆက်သွယ်ထားတဲ့ ၂၅၈ မိုင် အကွာအဝေးရှိ မီးရထားလမ်းမှာ စစ်သင်္ချိုင်းများနဲ့ ပြတိုက်တွေဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့် ခရီးသည် ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

မီးရထားဖောက်လုပ်ရမှာ အာရှတိုက်သား ၁၈၀,၀၀၀ နဲ့ မဟာမိတ်ဘက်မှ တပ်သား ၆၀,၀၀၀ ခန့်တို့ကို အတင်းအဓမ္မ စေခိုင်းခဲ့တာဖြစ်ပြီး ၁၉၄၃ ခုနှစ် ဒီဇင်ဘာလမှာ အဆုံးသတ်ခဲ့ပါတယ်။ မီးရထားလမ်း ဖောက်လုပ်စဉ် လူမဆန်တဲ့ လုပ်ရပ်များနဲ့ အခြေအနေများကြောင့် အာရှတိုက်သား ၉၀,၀၀၀ ခန့်နဲ့ မဟာမိတ် တပ်သား ၁၂,၄၀၀ တို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

သံဖြူဇရပ်ရှိ စစ်သင်္ချိုင်းမှာ မီးရထားလမ်း ဖောက်လုပ်ရာမှာ အသက်ဆုံးရှုံးခဲ့တဲ့ မဟာမိတ်တပ်သား ၃,၆၀၀ ကို ဂူသွင်းမြုပ်နှံထားပါတယ်။ အဲဒီစစ်သင်္ချိုင်းဟာ ဓနသဟာယ စစ်သင်္ချိုင်း ကော်မရှင် Commonwealth War Graves Commission က ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံအတွင်းက စစ်သင်္ချိုင်း ၃ ခုအနက် ၁ ခု ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ စစ်ရှုံးခဲ့ပြီးနောက် မီးရထားလမ်း ဆောက်လုပ်ရာမှာ ပါဝင်ခဲ့တဲ့ ဂျပန်နဲ့ ကိုရီးယား တပ်သား ၁၁၁ ဦးကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဆီးကာ ၃၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

သတင်း – အိုလီဗာ ဆလိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.