ထွက်ပြေးတိမ်းရှောင်နေရသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က လက်ရှိ ထိုင်းနိုင်ငံ၏ အခြေအနေမှာ အတိတ်က မြန်မာနိုင်ငံ၏ အခြေအနေနှင့် တူညီနေသည်ဟု ပြောကြားလိုက်သည်။
အဆိုပါ ပြောကြားချက်သည် လက်ရှိအုပ်ချုပ်နေသည့် ထိုင်း စစ်အစိုးရကို အကြီးအကျယ် ဒေါသထွက်စေမည် ဖြစ်သည်။
စစ်အစိုးရက အတည်ပြုပေးထားသောအဖွဲ့က ရေးဆွဲကာ ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် အခြေခံဥပဒေမူကြမ်းမှာ တိုင်းပြည်၏ အခြေအနေသည် ပုံမှန်သို့ ရောက်ရှိနေပြီဟု ပြသနိုင်ရန် အမြင်ကောင်းအောင် ပြုလုပ်ခြင်းသာဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း Asian Wall Street Journal က ရေးသားထားသည်။
“ဒါပေမယ့် တစ်ကယ့်အဖြစ်မှန်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မပြုလုပ်ခင်က ပုံစံမျိုးပဲ” ဟု သက်ဆင်က စင်ကာပူတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က အဆိုပါ ဂျာနယ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ဝန်ကြီးချုပ်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် တကယ့်အာဏာက သူ့အထက်က ပေါလစ်ဗျူရိုအချို့ရဲ့ လက်ထဲမှာပဲ ရှိနေပြီး တိုင်းပြည်စီးပွားရေးကိုလည်း ထိခိုက်လိမ့်မယ်။ တခြားအစိုးရတွေကလဲ ထိုင်းနဲ့ ထိတွေ့ချင်တော့မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
မစ္စတာသက်ဆင်သည် Financial Times နှင့် အင်တာဗျူး ပြုလုပ်ခဲ့ရာတွင်လည်း အခြေခံဥပဒေမူကြမ်းသည် “အချိန်ကုန်၊ လူပင်ပန်းယုံ သက်သက်သာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
“ဒီအခြေခံဥပဒေကိုသာ အကောင်အထည်ဖော်မယ်ဆိုရင် ထိုင်းနိုင်ငံက နောက်ပြန်ရောက် သွားလိမ့်မယ်” ဟု ၎င်းကပြောသည်။
၂၀၀၆ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မစ္စတာ သက်ဆင်သည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ထို့နောက် အကျင့်ပျက်ခြစားမှုဖြင့် ၎င်းအား မျက်ကွယ်တွင် ထောင်ဒဏ်နှစ်နှစ် ချမှတ်ပြီးသည့်နောက်ပိုင်း ၂၀၀၈ ခုနှစ်မှ စတင်ကာ ပြည်ပြေးအဖြစ် ထိုင်းနိုင်ငံ ပြင်ပတွင် နေထိုင်နေသည်။
သတင်း- Frontier