ရန်ကုန်
ပုဂံရှုခင်းကို ဘုရားတစ်ဆူပေါ်မှ ဓာတ်ပုံရိုက်နေသော ခရီးသွားတစ်ဦး။ ဓာတ်ပုံ- ဆန်းဦး
ပုဂံဒေသရှိ ဘုရားငါးဆူပေါ်သို့ ပြည်တွင်း၊ ပြည်ပဧည့်သည်များကို ပြန်လည်တက်ရောက်ခွင့်ပြုမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထပ်မံ သတင်းထုတ်ပြန်ခဲ့သည်။
ပုဂံဘုရားတစ်ဆူပေါ်တွင် နိုင်ငံခြားသားများနှင့် မြန်မာများ ကခုန်နေကြသည့် ဗီဒီယိုတစ်ခု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပုဂံဘုရားများပေါ်သို့ တက်ရောက်ခွင့်ကို မတ် ၁ ရက်နေ့မှ စတင်ကာ ပိတ်ပင်တော့မည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကြေညာခဲ့သည်။ အဆိုပါတားမြစ်ချက်ကို ဝိုင်းဝန်းဝေဖန် ကန့်ကွက်မှုများရှိခဲ့ပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ကြောင်း ပြောကြားမှုများလည်း ပေါ်ထွက်လာသည်။ နာမည်ကျော် ပုဂံနေဝင်ချိန်ရှုခင်းကို ပုဂံဘုရားများပေါ်မှ ကြည့်ရှုခြင်းသည် ပြည်တွင်း၊ ပြည်ပခရီးသည်များအတွက် အဓိက ဆွဲဆောင်မှုတစ်ခုဖြစ်သည်။
ယခင်ကတည်းက ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများအား ထိန်းသိမ်းနိုင်ရန်အတွက် ဧည့်သည်များကို ဘုရားငါးဆူပေါ်ကိုသာ တက်ရောက်ခွင့် ပြုထားခဲ့ခြင်း ဖြစ်သည်။ ယဉ်ကျေးမှုဝန်ကြီးဌာနက ဘုရားများအားလုံးပေါ်သို့ တက်ရောက်ခွင့် ပိတ်ပင်မှုကို ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကပါ ဝေဖန်ကန့်ကွက်မှုများ ပေါ်ပေါက်လာပြီးနောက် ယခု ကြေညာချက် ထပ်မံပေါ်ထွက်လာခြင်းဖြစ်သည်။
“ယဉ်ကျေးမှုဝန်ကြီးဌာနသည် ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များ၏ ပန်ကြားချက်များအရ ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများအနက် နေဝင်ချိန်မြင်ကွင်း ကောင်းမွန်သည့် ရွှေဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီဟူသည့် ဘုရားငါးဆူ၏ ပစ္စယံများပေါ်သို့ ပြည်တွင်းပြည်ပဧည့်သည်များကို တက်ရောက်ရန်အတွက် ခွင့်ပြုပေးခဲ့ပါသည်” ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သို့ရာတွင် အချို့သောလူတို့သည် သတ်မှတ်သောနေရာထက်လွန်၍ အခြား ဘုရားပစ္စယံများပေါ်တွင် ယဉ်ကျေးမှုအရ ဘုရားစေတီများကို အဂါရဝဖြစ်စေခြင်း၊ အရက်၊ ဘီယာသောက်၍ တက်ခြင်း၊ အဂါရဝဖြစ်စေသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခြင်း၊ ကခုန်ခြင်း၊ အိပ်စက်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းစသည့် ပြုမူဆောင်ရွက်မှုများ ပြုလုပ်လာကြသည်ကို လူမှုကွန်ရက် (Facebook) များတွင် ဖော်ပြမှုအရလည်းကောင်း၊ သတင်းပေးပို့သည့် ဓာတ်ပုံများ အရ လည်းကောင်း သိရှိရပါသည်” ဟုလည်း ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညအချိန်မတော် ရွှေဂူကြီးဘုရား ပစ္စယံပေါ်သို့ တက်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသားတစ်ဦး ပြုတ်ကျသဖြင့် ဆေးရုံတင်ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။
“ဘုရားပစ္စယံများပေါ်တွင် တွယ်ဖက်ဓာတ်ပုံရိုက်ကူးမှုများကြောင့် စိန်တောင်များ၊ တံတိုင်း မုခ်တိုင်များ ထိခိုက်ရှနာမှုများ ရှိခဲ့ပါသည်။ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အဦများသည် နှစ်ပေါင်းကြာမြင့်ပြီး ခံနိုင်ရည် လျော့နည်း လာသည့်အပြင် လူအင်အား အရေအတွက်များစွာ တက်ရောက်ခြင်းများကြောင့် ဘုရားများ ပျက်စီးမှုအန္တရာယ်၊ လူများ ထိခိုက်မှုအန္တရာယ်များ ဖြစ်လာနိုင်သည် ကိုလည်းမျှော်မှန်းရပါသည်။ UNESCO နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနတို့အကြား Heritage Impact Assessment (HIA) အလုပ်ရုံဆွေးနွေးပွဲတွင် ဘုရားစေတီများပေါ်သို့ လူများတက်ရောက်ခြင်းကိုထိန်းသိမ်းရန် လိုအပ်ကြောင်း ကောက်နှုတ်ချက်အဖြစ် ဆွေးနွေးဖော်ပြခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုး၊ စေတီ၊ ပစ္စယံများပေါ်သို့ တက်ရောက်ခွင့် မပြုကြောင်း ဖော်ပြချက်ပါသတင်းကို ပြန်လည်ရုပ်သိမ်းကာ သတ်မှတ်ထားသော ဘုရားစေတီငါးဆူမှအပ တက်ရောက်ခွင့် မပြုကြောင်း ပြင်ဆင်လိုက်သည်ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စသည့် ရှေးဟောင်း အဆောက်အဦး ၃,၀၀၀ ကျာ်ရှိသည်ဟု သိရသည်။