နေပြည်တော်၊ ဧပြီ ၂၈
ဓာတ်ပုံ- စိုးသန်းလင်း
၂၁ ရာစု ပင်လုံ၊ သို့မဟုတ် ပထမဆုံးသော ငြိမ်းချမ်းရေးညီလာခံအား နှစ်လအတွင်း ကျင်းပရန် JMC (Joint Monitoring Committee) အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။
“ဒီခေတ်ဒီအခါနဲ့ ဆီလျော်တဲ့ ၂၁ ရာစု ပင်လုံပေါ့နော်၊ ဒီလိုပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက်ကိုတော့ ကျွန်မ သိပ်အချိန်မဆွဲချင်ပါဘူး။ တစ်လနှစ်လအတွင်းမှာတော့ ဒီအစီအစဉ်တွေကို ပြီးမြောက်စေချင်တယ်။ ဒါမှ တစ်လ နှစ်လအလိုလောက်မှာ စပြီးတော့ ငြိမ်းချမ်းရေးညီလာခံကို လုပ်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးကို လိုအပ်တယ်ဆိုတာ နိစ္စဓူဝ လိုအပ်နေပါတယ်။ တစ်နေ့နဲ့ တစ်နေ့ နေ့တိုင်းနေ့တိုင်း ငြိမ်းချမ်းရေးမရလို့ ဒုက္ခခံနေရတဲ့ ကျွန်မတို့နိုင်ငံသားတွေ ရှိပါတယ်။ အဲ့ဒါကြောင့်မို့ ဒုက္ခခံနေရသူတွေအတွက် ၂၄ နာရီဆိုတာ နည်းတဲ့အချိန်မဟုတ်ပါဘူး။ မခံရတဲ့သူတွေအတွက်က ၂၄နာရီဆိုတာ ဘာမှမဟုတ်ပါဘူး ပြီးသွားတာပဲ”ဟု ၎င်းက နေပြည်တော်တွင် ကျင်းပသော JMC အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို ဧပြီ ၂၆ နှင့်၂၇ ရက်နေ့များက ကျင်းပရာတွင် ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ပြောကြားခြင်း ဖြစ်သည်။
“အဲဒီတော့ ကျွန်မတို့က ကိုယ်ချင်းစာစိတ်နဲ့ ကျွန်မတို့ နိုင်ငံသားတွေ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးညီလာခံကြီး အမြန်ဆုံး ဖြစ်မြောက်နိုင်ရေး ဝိုင်းပြီးတော့ စဉ်းစားရင်းနဲ့ပဲ အခုလက်ရှိ JMC ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ သင်ယူစရာရှိတာတွေ ပို့ချပေးပါ။ ကျွန်မတို့က သင်ယူရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျွန်မတို့ ဒီအစည်းအဝေးကနေ စပြီးတော့ ငြိမ်းချမ်းရေးအတွက် လုပ်တဲ့အခါမှာ တစ်ယောက်ချင်း တစ်ယောက်ချင်းကနေစပြီးတော့ ဘာပေးနိုင်သလဲဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ်က အပေးသမားဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တယ်။ ကိုယ်က အယူသမားဆိုရင် တန်ဖိုးမရှိတဲ့နေရာ ရောက်သွားမယ်။ အဲဒီတော့ ကိုယ် ဘာပေးနိုင်သလဲဆိုတာ အဓိက စဉ်းစားပြီးတော့ ကျွန်မတို့ကို ကူညီစေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဒီလိုဖန်တီးနိုင်တဲ့ တစ်ချိန်ထဲမှာလည်း ကျွန်မတို့ ငြိမ်းချမ်းရေးညီလာခံကို စတင်နိုင်မယ်။ ကျွန်မအမြင်ကတော့ ငြိမ်းချမ်းရေးညီလာခံ ဖြစ်မြောက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်သင့်တဲ့ အဖွဲ့တွေ ပါဝင်ရေးဟာ နှစ်ခုစလုံး မျဉ်းပြိုင်အနေနဲ့ လုပ်သွားဖို့ လိုတယ်လို့ ထင်ပါတယ်။ တစ်ခုထဲက ခွဲလုပ်ဖို့ အဲ့လိုမဖြစ်ပါဘူး။ အဲ့ဒါကြောင့်မို့ ကျွန်မတို့က အခုကတည်းက စပြီးတော့ အပစ်အခတ် ရပ်စဲရေး ခိုင်မြဲအောင် လုပ်ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေးခိုင်မြဲရေးရဲ့ အကျိုးဆက်ကို ပြည်သူတွေကနေပြီးတော့ ဘယ်လိုအကောင်းခံစားရလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း၊ ထင်သာမြင်သာအောင် ပြနိုင်ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေးအတွင်းမှာ အခြားမပါသေးတဲ့ အစုအဖွဲ့တွေပါလာအောင်လို့ ကျွန်မတို့က ဆွဲဆောင်နိုင်တယ်။ တချိန်ထဲမှာလည်း ကျွန်မတို့က တကယ်ကို ငြိမ်းချမ်းေရးရစေမယ့် နည်းလမ်းများကိုစပြီးတော့ အစပျိုးနိုင်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သတင်း- Frontier