နေပြည်တော်
ဓာတ်ပုံ- စိုးသန်းလင်း
အစိုးရဝန်ထမ်းများ အခြေခံလစာတိုးရေးနှင့် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ၅၀ ရာခိုင်နှုန်းတိုးရေးတို့အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က အကြံပြုတင်ပြထားသည်ဟု ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
“နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာနှုန်းရှိတဲ့ တောင်သူလယ်သမားတွေအတွက် မိုးရာသီ ချေးငွေတွေ အချိန်မီရဖို့နဲ့စိုက်ပျိုးစရိတ်ကိုလည်း အရင်က တစ်ဧကကို ကျပ်တစ်သိန်းနှုန်းကနေ အခု ကျပ် တစ်သိန်းခွဲနှုန်း ပေးနိုင်ဖို့ ကော်မရှင်က အကြံပြုထားတယ်။ သက်ဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ဘဏ် ၊ စီးပွား ကူးသန်း ဝန်ကြီးဌာနစတဲ့ အဖွဲ့အစည်းတွေက ညွှန်ချုပ် ငါးဦးနဲ့ ကော်မရှင်က တွေ့ဆုံ ဆွေးနွေး ဆုံးဖြတ်ပြီးမှ အကြံပြုထားပါတယ်။ နောက်ပြီး နိုင်ငံ့ဝန်ထမ်းတွေ ကိုယ့်ဂုဏ်သိက္ခာနဲ့အညီ နေထိုင်လုပ်ကိုင်နိုင်မယ့် အခြေခံလစာတွေ ရရှိစေဖို့ကိုလည်း ကော်မရှင်က အချိန် နှစ်လကြာ လေ့လာသုံးသပ်ပြီး အကြံပြု တင်ပြထားတယ်” ဟု ၎င်းက ဧပြီ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကော်မရှင်က အစီရင်ခံစာဖြင့် အကြံပြု ပေးပို့ထားသည့် အချက်များတွင် ဝန်ထမ်းလစာနှင့် တောင်သူ စိုက်စရိတ် ချေးငွေတိုးမြှင့်ရေးသာမက စီမံကိန်းများ၊ ဘတ်ဂျက်များအား ပြန်လည်သုံးသပ်ရန်၊ အခွန်ဥပဒေများကို ပြင်ဆင်ရန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရန်စသည့် အချက်များလည်း ပါဝင်ပြီး ထိုအချက်များသည် အင်န်အယ်လ်ဒီအစိုးရ၏ ရက် ၁၀၀ စီမံကိန်းကို အထောက်အပံ့ ဖြစ်စေမည်ဟု သူရဦးရွှေမန်းက ပြောသည်။
“အင်န်အယ်လ်ဒီအစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အများပြည်သူ လိုက်နာနိုင်မှု မရှိသော၊ တရားမျှတမှု မရှိသော ဥပဒေများကို ပြင်ဆင်ပြီး ပယ်ဖျက်ပြီး ဖြစ်လိမ့်မယ်။ နောက်ပြီး စီမံကိန်း၊ ဘတ်ဂျက်နဲ့အခွန်ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်မှာ ပြန်ပြီး Review လုပ်ဖို့၊ ဒီလိုလုပ်ခြင်းကြောင့် ဒါတွေကို အစိုးရသစ်ကလည်း နားလည်သွားမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း နားလည်သွားမယ်။ နောက်ပြီး မလုပ်သင့်တဲ့ စီမံကိန်းတွေ မလုပ်ဖို့ ပေါ်လာပြီး အဲဒီ အောင်မြင်မှု မရှိနိုင်တဲ့ စီမံကိန်းတွေ ရပ်လိုက်မယ်ဆိုရင် ငွေ မကုန်တော့ဘူး။ ပိုလာတဲ့ငွေတွေကို ဒီနေ့ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အများကြီး သုံးနိုင်မယ်။ အဲဒီလိုလုပ်ဖို့ ကော်မရှင်က လေ့လာသုံးသပ်ပြီး အကြံပြုထားတယ်။ ပြည်ထောင်စု လွှတတ်တော် စတင် ကျင်းပချင်းမှာ ဒါကို ဆောင်ရွက်ဖို့အကြံပြုထားတယ်။ နောက်တစ်ခုက လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စနစ်တကျရှိဖို့ ငွေအလေအလွင့် မရှိဖို့အတွက် တင်ဒါစည်းကမ်းတွေ ဘဏ္ဍာရေးမူဝါဒတွေအတိုင်း တိတိကျကျ ဆောင်ရွက်နိုင်အောင်လည်း ကော်မရှင်က ပြည်ထောင်စုလွှတ်တော်၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို တင်သွင်းထားတယ်” ဟု ၎င်းကပြောသည်။
သတင်း- စိုးသန်းလင်း