ကရင်ပြည်နယ်ရှိ လမ်းတစ်ခု အဆင့်မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသော စီမံကိန်းတစ်ခုအား တရုတ်ကုမ္ပဏီ တစ်ခုကို လုပ်ကိုင်ခွင့်ပေးလိုက်ရာ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးကန်ထရိုက်လုပ်ငန်းကို တရုတ်ကုမ္ပဏီက ရရှိခြင်းဖြစ်သည်ဟု China Daily သတင်းစာ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင် တည်ရှိသည့် ကရင်ပြည်နယ်မှ အိန္ဒူနှင့် ကော့ကရိတ်အကြား ၆၅ ကီလိုမီတာအရှည်ရှိ လမ်းပိုင်းအား အဆင့်မြှင့်တင်ရန် တရုတ်ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည်ဟု ဇူလိုင် ၈ ရက်နေ့က အဆိုပါ သတင်းတွင် China Road and Bridge Co Ltd ဥက္ကဋ္ဌ မစ္စတာဝမ်ဂန်း၏ ပြောကြားချက် ကို ကိုးကားပြီး ရေးသားထားသည်။
အဆိုပါလမ်းသည် အာရှအဝေးပြေး လမ်းမကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သလို ကီလိုမီတာ ၁,၄၅၀ ရှည်လျားပြီး မော်လမြိုင်နှင့် ဗီယက်နမ်နိုင်ငံ၊ ဒါနမ်းမြို့ကို ချိတ်ဆက်ထားသည့် အရှေ့အနောက် စီးပွားရေးစြင်္ကန်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ၎င်းတို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ငွေကြေးထောက်ပံ့ပေးထားသည်။
၆၅ ကီလိုမီတာအရှည်ရှိ လေးလမ်းသွား လမ်းမကြီး တည်ဆောက်ရေးအတွက် ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ ကြား ကုန်ကျနိုင်သည်ဟု အင်ဂျင်နီယာများ၏ ခန့်မှန်းချက်ကို ကိုးကားကာ China Daily က ရေးသားထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရရှိလာပြီးနောက် တရုတ်ကုမ္ပဏီတစ်ခုအား ပထမဆုံး ပေးအပ်သည့် တင်ဒါဖြစ်သလို မြန်မာနိုင်ငံတွင် အေဒီဘီ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုအား CRBC က ပထမဆုံး ရရှိခြင်းလည်းဖြစ်သည်ဟု China Daily က ရေးသားထားသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကူးသန်းသွားလာရေးများ တိုးတက်လာစေမည်ဖြစ်သလို မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးကို လမ်းမကြီးက အထောက်အကူ ပြုစေမည်ဟု မစ္စတာဝမ်က ပြောကြားသည်။
အရှေ့အနောက် စီးပွားရေးစြင်္ကန်တွင် ပျောက်ဆုံးနေသည့် ကွင်းဆက်ဟု သတ်မှတ်ထားသည့် ၆၅ ကီလိုမီတာအရှည်ရှိ လမ်းပိုင်းအား အဆင့်မြှင့်တင်ရန် ဒေါ်လာသန်း ၁၀၀ ချေးငွေပေးမည်ဟု အေဒီဘီက ပြီးခဲသည့် နိုဝင်ဘာလက ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ရေးသားထားသည်။
အရှေ့အနောက် စီးပွားရေးစြင်္ကန်သည် မြန်မာနိုင်ငံအပါအဝင်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်ယူနန်ပြည်နယ်များပါဝင်သည့် မဲခေါင်ဒေသကြီး၏ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းများအနက် တစ်ခုဖြစ်သည်။
၂၆ ကီလိုမီတာရှည်သည့် လမ်းပိုင်းအား ထိုင်းနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခဲ့ကာ ဖွင့်ပွဲကို ပြီးခဲ့သည့်နှစ် သြဂုတ်လက နယ်စပ်မြို့ဖြစ်သည့် မြဝတီတွင် ကျင်းပခဲ့ပြီး ထိုင်းနှင့် မြန်မာတာဝန်ရှိသူများအပြင် ကရင်အမျိုးသားအစည်းအရုံးမှလည်း တက်ရောက်ခဲ့သည်။
သတင်း- Frontier