အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းများအား ထုတ်ပြန်ရန် အစီအစဉ်မရှိသေး

နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းများ ရောက်ရှိပြီးဖြစ်သော်လည်း အများပြည်သူသို့ ထုတ်ပြန်ကြေညာမည်မဟုတ်ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောသည်။

“မေလကတည်းက ရောက်နေတာ။ ထုတ်ပြန်ဖို့တော့ လောလောဆယ်တော့ မရှိသေးဘူး။ ဥပဒေအရ သမ္မတဆီမှာပဲ သိမ်းထားရတာ” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တို့တွင် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများတင်ပြရန်နှင့် အများပြည်သူသို့ အသိပေး ထုတ်ပြန်ကြေညာရန်ဟူ၍ တိုက်ရိုက် ပြဋ္ဌာန်းထားခြင်း မရှိပေ။

သို့သော် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်၊ လွန်ခဲ့သော လေးနှစ်က အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ထုတ်ပြန်ကြေညာရန် လွှတ်တော်၌ အဆိုတင်သွင်းတိုက် တွန်းခဲ့ဖူးသည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်တွင် လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးဝင်းမြင့်က “အစိုးရသစ်လက်ထက်တွင် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်’’ ဟူသော အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ပြည်ထောင်စုရှေ့နေချုပ်အဖြစ် တာဝန်ယူထားသည့် ဒေါက်တာထွန်းရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၀၁ တို့ကို ပြင်ဆင်ပြီးမှသာလျှင် အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများကို အများပြည်သူထံသို့ ထုတ်ပြန်နိုင်မည်ဟု မှတ်ချက်ပြုခဲ့ပြီးနောက် လွှတ်တော်ကလည်း အဆိုကို အတည်ပြုရန် ငြင်းပယ်ခဲ့သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရချိန်အတွင်း အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများအား အများပြည်သူထံ ထုတ်ပြန်နိုင်ရေးအတွက် ဥပဒေဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် ရှိမရှိ ပြည်သူ့လွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ထံ Frontier က မေးမြန်းခဲ့သော်လည်း တိကျသည့် အဖြေမရခဲ့ပေ။

“ပြင်ဖို့ ဥပဒေတွေကတော့ အများကြီးပဲ။ ကော်မတီတွေခွဲပြီး လုပ်နေတယ်။ NLD ကို ကိုယ်စားပြုတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုစာရင်းက ပါတီမှာ ရှိပြီးသားပါ”ဟု NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီ NLD မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့် အမတ်လောင်းများအား ပိုင်ဆိုင်မှုစာရင်း ပူးတွဲတင်ပြရန် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် NLD ပါတီဝင် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူသို့ ပါတီအနေဖြင့် ထုတ်ပြန်ရန် အစီအစဉ် ရှိမရှိကိုမူ “စဉ်းစားထားတာတော့ မရှိသေးဘူး” ဟု ဦးထွန်းထွန်းဟိန်က ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ တွင် “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” ဟု ဖော်ပြထားသည်။

ထို့အတူ “ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တွင်လည်း လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သောပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်” ဟူ၍ဖော်ပြထားသည်။

ထိုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ လက်ရှိသမ္မတနှင့် ဒုတိယသမ္မတများ၏ ပိုင်ဆိုင်မှုများအား ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံပေးပို့ ပြီးမပြီးကိုလည်း Frontier က အတည်မပြုနိုင်သေးပေ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.