ကရင် စစ်ဘေးဒုက္ခသည် ၄,၀၀၀ ခန့်အတွက် ဆန် အဓိက လိုအပ်နေ

ကရင်ပြည်နယ်၊ မဲသဝေါဒေသတွင် ၁၀ ရက်ကျော်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၄,၀၀၀ နီးပါးရှိလာပြီဖြစ်ပြီး၊ လှိုင်းဘွဲ့မြို့တွင် နေထိုင်စရာ အဆင်ပြေနေသော်လည်း စားသောက်ရေးအတွက် ဆန် အဓိက လိုအပ်လျက်ရှိသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နယ်မြေဖြစ်သည့် မဲသဝေါတွင် စက်တင်ဘာ ၂ ရက်နေ့က စတင်ကာ အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့နှင့် ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ဖြစ်ရာအနီး ကျေးရွာပေါင်း ၂၀ မှ ဒေသခံများ လှိုင်းဘွဲ့မြို့တွင် ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။

“စစ်ပွဲအကြောင်းတော့ မသိဘူး။ ဒုက္ခသည်တွေတော့ ထပ်ရောက် မလာတော့ဘူး” ဟု လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က Frontier ကို ပြောသည်။

စစ်ပွဲမှာ စက်တင်ဘာ ၂ ရက်နေ့က စတင်ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များမှာ စက်တင်ဘာ ၉ ရက်နေ့က စတင်ကာ ထွက်ပြေးလာကြခြင်းဖြစ်ကာ မြိုင်ကြီးငူဆရာတော် ဦးသုဇနက ကားအစီးရေ ၁၀၀ ကျော်ဖြင့် သွားရောက် ခေါ်ယူခဲ့ရသည်။

“တပ်တွေက သူတို့ တိုက်တော့မယ်ဆိုတဲ့နေရာတွေမှာ လူ အရင်ရှင်းတာ။ ပြီးတော့မှ တိုက်ကြတာ” ဟု ဦးနိုင်ဇော်ဝင်းက ဆိုသည်။

ယခုဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ဒုက္ခသည်ဦးရေများပြားနေပြီး ဖြစ်ပွားနေသည့်အချိန် ကြာမြင့်လာသော်လည်း ပြည်သူ့လွှတ်တော်ရှိ ကရင်ပြည်နယ်မှ အမတ်များက အဆိုတင်သွင်းခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဟုသာ ဆိုကြသည်။

“အရေးကြီးအဆိုတင်ဖို့တော့ မရှိသေးဘူး။ ပြီးတော့ ဒီကိစ္စက ပြည်နယ်က လွှတ်တော်အမတ်တွေနဲ့အတူ ပြည်နယ်အစိုးရနဲ့ပါ ပူးပေါင်း ဆောင်ရွက်ရမှာလေ။ သူတို့ ကြိုးစားနေကြပါတယ်” ဟု လှိုင်းဘွဲ့မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးခင်ချိုက ဆိုသည်။

ဒုက္ခသည်ဦးရေမှာ ၃,၈၇၀ ကျော် ရှိနေပြီး မိုးရာသီဖြစ်သည့်အတွက် ကျန်းမာရေးပြဿနာများ ဖြစ်ပွားလာနိုင်ပြီး ဒုက္ခသည်များမှာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရကာ အချို့မှာ နီးစပ်ရာ မိတ်ဆွေအိမ်များတွင် သွားရောက်ခိုလှုံနေကြရသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်ဘက်က တရားဝင် သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

သတင်း-မြတ်ကျော်သူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.