ဒီမိုကရေစီဖြစ်စဉ်နှင့်အညီ ဆောင်ရွက်ရန်၊ ခေတ်ကာလနှင့်အညီအညွတ် ဖြစ်စေရန်၊ အောက်ခြေအဆင့်ဆင့်ကို လုပ်ကိုင်ခွင့်များ ပိုမိုပေးခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ကို ပိုမိုပီပြင်အောင် ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက အောက်တိုဘာလ ၁၄ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည်။
တာမွေမြို့နယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးအေးမြင့်က ဒီမိုကရေစီဖြစ်စဉ်နှင့်အညီ ဆောင်ရွက်ရန်၊ ခေတ်ကာလနှင့်အညီအညွတ် ဖြစ်စေရန်၊ အောက်ခြေအဆင့်ဆင့်ကို လုပ်ကိုင်ခွင့်များ ပိုမိုပေးခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ကို ပိုမိုပီပြင်အောင် ဆောင်ရွက်ရန် စသည်တို့အပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၁၉၀)၊ ပုဒ်မခွဲ (က) အရ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ဆိုင်ရာ နည်းဥပဒေပုဒ်မ (၁၃၂)၊ ပုဒ်မခွဲ (က) အရ ယင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းကို သာကေတမြို့နယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောသည်။
လမ်းမတော်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်းကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ထွတ်က ယင်းအဆိုနှင့်စပ်လျဉ်းပြီး ဗဟိုချုပ်ကိုင်မှုကို လျှော့ချ၍ လုပ်ပိုင်ခွင့်များပေးရေးအတွက် လေ့လာတွေ့ရှိချက်ကို သဘောထားမှတ်ချက်ပေးကာ ဥပဒေကြမ်းကို ဆွေးနွေးသင့်ကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးသည်များနှင့်ပတ်သက်၍ လသာမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ မေးခွန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက အများပြည်သူပိုင်မြေများတွင် ဈေးရောင်းနေသော ရန်ကုန်မြို့လယ်ရှိ ဈေးသည်များကို နေရာသတ်မှတ်ပေးကာ ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်ထားသော မှတ်ပုံတင်ကတ်ပြားများ စီစဉ်ထုတ်ပေးပြီး မကြာမီကာလအတွင်း စနစ်တကျရောင်းချနိုင်ရန် စီမံနေကြောင်း ဖြေကြားသွားသည်။
“အဲဒီကတ်ပြားတွေနဲ့ အခွန်အခကို စစ်ဆေးပြီး စနစ်တကျ ရောင်းချနိုင်ဖို့ Night Life (ညပိုင်းဈေးရောင်းတဲ့) နေရာတွေဖြစ်တဲ့ ပြည်သူအများအပြားရှိတဲ့ နေရာတွေမှာ ရောင်းချနိုင်ဖို့ စီမံနေပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါကတ်ပြားထုတ်ပေးရေး အစီအစဉ်ကို ၂၀၁၆ ဇူလိုင်လ ၇ ရက်မှ စတင်လုပ်ဆောင်နေကြောင်း၊ ယင်းအစီအစဉ် ဆောင်ရွက်ပြီးပါက လက်မှတ်များထုတ်ပေးကာ စနစ်တကျ ရောင်းချနိုင်မည့် သတ်မှတ်နေရာများကို မကြာခင် ကြေညာသွားရန်ရှိကြောင်း ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။
သတင်း – ဆုမြတ်မွန်