ရခိုင်အကြမ်းဖက်မှုအား လုပ်ဆောင်သည့်အဖွဲ့၏ အသေးစိတ် အချက်အလက်များကို မသိရသေး

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအား ဆောင်ရွက်ခဲ့သည့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူသည် ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်သင်တန်း ခြောက်လ တက်ရောက်ခဲ့ဖူးပြီး အခြား မွတ်ဆလင်နိုင်ငံများမှလည်း ငွေကြေးအထောက်အပံ့များ ရရှိနေသည်ဟု သတင်းများ ရရှိထားသော်လည်း အသေးစိတ်အချက်အလက်များ မသိရသေးသဖြင့် တရားသေ မှတ်ယူ၍ မရနိုင်သေးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အသေးစိတ်အချက်အလက်တွေကို ကျွန်မတို့ မသိပါဘူး။ အဲဒီခြောက်လဆိုတာ ဘယ်တုန်းကလည်းဆိုတာကိုလည်း ကျွန်မတို့ မသိပါဘူး။ အခြားသော အစ္စလာမ်နိုင်ငံတွေကနေ သူ့ကို ငွေကြေးထောက်ပံ့နေတယ်လို့ ကျွန်မတို့ကို ပြောပါတယ်။ ဒါက သတင်းရင်းမြစ်တစ်ခုတည်းကနေ ရထားတဲ့ အချက်အလက်ဖြစ်ပါတယ်။ ဒါက လုံးဝမှန်ကန်တယ်လို့ ကျွန်မတို့ မှတ်ယူလို့ မရသေးပါဘူး” ဟု ၎င်းက အိန္ဒိယနိုင်ငံတွင် အောက်တိုဘာ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု Hindustan Times သတင်းစာက ရေးသားထားသည်။

အောက်တိုဘာ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် ဆက်နွယ်နေပြီး မောင်တောဒေသတွင်တွင် လှုပ်ရှားသည့် Aqa Mul Mujahidin အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို စုံစမ်းဖော်ထုတ် ရမိခဲ့သည်ဟု မြန်မာအစိုးရက အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းအဖွဲ့ကို ဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် တစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်ခန့်ရှိ ဟာဗစ်တူဟာရ် ဖြစ်ကာ ၎င်းသည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံ သင်တန်းခြောက်လ တက်ရောက်ခဲ့ဖူးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက် နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေး ထောက်ပံ့မှုများ ရယူလျက်ရှိကာ ၎င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ငါးခူရကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည်စခန်းတွင်နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည်စခန်းတွင် နေထိုင်သော ဇူဘိုင်၊ အစ္စလာမ်ဆိုသူ အပါအဝင် ၁၂ ဦးဖြစ်ကြောင်း၊ ခါလစ်သည် ပါကစ္စတန် နိုင်ငံတွင် အကြမ်းဖက် သင်တန်း တက်ရောက်ထားသူ တစ်ဦးဖြစ်ပြီး မြန်မာ၊ ဘင်္ဂလီ၊ ရခိုင်၊ မလေး၊ ပါကစ္စတန်နှင့် အင်္ဂလိပ်ဘာသာစကားများ ကျွမ်းကျင်စွာပြောဆိုနိုင်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သော ငါးလခန့်မှစ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ ဝင်ရောက်လာပြီး ဟာဗစ် တူဟာရ် စည်းရုံး ထားသော ဒေသနေ အစွန်းရောက် လူငယ်များကို အကြမ်းဖက် သင်တန်းများပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့အား နှိမ်နင်းနိုင်ရန်အတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးဆောင်ရွက်နေရာ ဒေသတွင်းရှိ အစ္စလာမ်နိုင်ငံများထံမှ ထောက်ခံမှုလည်း ရရှိထားသည်ဟု အစိုးရက အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အကြမ်းဖက်မှု လုပ်ငန်းမှန်သမျှဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အကြမ်းဖက်တဲ့နည်းကို အသုံးပြုပြီး ကမ္ဘာကြီးကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ အပြုသဘောဆောင်တဲ့ အင်အားစုတွေ အားကောင်းလာအောင် လုပ်ဆောင်ပေးတဲ့ နည်းနဲ့သာ ကမ္ဘကြီးကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုလုပ်ငန်းဟာ လုံး၀ ဆန့်ကျင်ဘက် လုပ်ရပ် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေ ရရှိအောင် အကြမ်းမဖက်တဲ့နည်းကို အသုံးပြုရမယ်လို့ ယုံကြည်ထားတဲ့ ပါတီကလာတဲ့သူ တဦးဖြစ်တဲ့အတွက် အကြမ်းဖက်လုပ်ငန်းကို လက်ခံလို့ မရနိုင်သလို၊ ရှင်သန် ကြီးထွားခွင့်ဖို့လည်း ခွင့်မပြုနိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၈ ရက်နေ့က စတင်ကာ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီး ရောက်ရှိနေခြင်ဖြစ်ကာ အိန္ဒိယခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar