ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် တိုက်ခိုက်ခံနေရ

နေပြည်တော်၊ ဇန်နဝါရီ ၁၀

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို ပြီးခဲ့တဲ့ စနေနေ့ညကစပြီး DDoS စနစ်နဲ့ တိုက်ခိုက်ခံနေရတာကြောင့် အသုံးပြုနိုင်ဖို့ ပြန်လည်ပြင်ဆင်နေတယ်လို့ အဆိုပါဝန်ကြီးဌာနက လက်အောက်ဌာနခွဲတစ်ခုဖြစ်တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က Frontier ကို ပြောပါတယ်။

“ဘယ်နိုင်ငံကနေပြီး ဘယ်သူတွေလုပ်နေတာလဲဆိုတာကို နည်းပညာဆိုင်ရာအဖွဲ့နဲ့ စုံစမ်းမှုတွေ လုပ်နေတယ်။ မကြာခင် ပြန်သုံးလို့ရအောင် လုပ်နေပါတယ်” လို့ သူကဆိုတယ်။ စုံစမ်းစစ်ဆေးမှုတွေပြီးလို့ အစီရင်ခံစာရပြီဆိုရင် အခြေအနေတွေအကြောင်း အသေးစိတ်ကို အများပြည်သူထံ အသိပေးမယ်လို့လည်း ဦးမြင့်ကျော်က ပြောတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရတော့ ြပန်ကြားရေးဝန်ကြီးဌာန Webportal ကို ယခုလ ၇ ရက်နေ့ ည (၉)နာရီခွဲ အချိန်မှအစပြု၍ DDoS attack ဖြင့်တိုက်ခိုက်ခဲ့ပြီး ယခုလ ၈ ရက်နေ့ နံနက် လေးနာရီအချိန်တွင် Webportal ကို ကြည့်ရှု၍ မရတော့သဖြင့် ပြန်လည် လွှင့်တင်ရန် ဟံသာဝတီ Data Center ၌ နည်းလမ်း အဆင့်ဆင့်ဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဆိုပါ တိုက်ခိုက်မှုမှာ ပြည်ပ အခြေပြု IP နံပါတ်များဖြင့် အများဆုံး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒါကြောင့် MPT Gateway အတွင်းကို ဝင်ရောက်လာတဲ့ အန္တရာယ်ရှိ IP များကို ပိတ်ခဲ့ပြီး ယခုလ ၉ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်မှာတော့ Webportal ကို ပြည်တွင်းကနေ ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ပေမယ့် ပြည်ပနိုင်ငံတွေနဲ့ မိုဘိုင်းဖုန်းတွေကနေ ကြည့်ရှုလို့ မရသေးဘူးလို့ဆိုပါတယ်။ ဝက်ဘ်ဆိုက်ကို ပုံမှန်အတိုင်း ပြည်တွင်း ပြည်ပနဲ့ မိုဘိုင်းဖုန်းတွေကနေ ကြည့်ရှုနိုင်အောင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ကို အခုလိုတိုက်ခိုက်ခံရမှု ငါးကြိမ်ထက်မနည်း ကြုံခဲ့ဖူးပါတယ်။ ယခင် ဝက်ဆိုက်ဟောင်းဖြစ်တဲ့ www.ministry.information.gov.mm တုန်းကရော၊ အခုအသုံးပြုနေတဲ့ ဝက်ဆိုက် www.moi.gov.mm မှာပါ ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်တိုက်ခိုက်မှုကတော့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေချိန်နဲ့ တိုက်ဆိုင်နေတာ တွေ့ရပါတယ်။

“ဘာကြောင့်ရယ်လို့တော့ ကျွန်တော် အခုမပြောနိုင်သေးပါဘူး။ DDoS ကတော့ ခဏခဏ အတိုက်ခံနေရတာပါပဲ”လို့ ဦးမြင့်ကျော်ကပြောပါတယ်။

DDoS ဆိုတာ ဝက်ဆိုက်တစ်ခုမှာ တစ်ပြိုင်နက်တည်း ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ပမာဏ ထက်ကျော်လွန်သွားစေတဲ့ အခြေအနေမျိုးရောက်အောင် ကွန်ပျူတာစနစ်တစ်ခုကို အသုံးပြု တိုက်ခိုက်တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ ဝက်ဆိုက်ဟာ အသုံးပြုလို့ မရတဲ့အခြေအနေနဲ့ ကြုံတွေ့သွားရမှာ ဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း Union of Hacktivists လို့ အမည်ရတဲ့အဖွဲ့က မြန်မာနိုင်ငံ အခြေစိုက် မီဒီယာများရဲ့ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီ မီဒီယာတွေထဲမှာ ဧရာဝတီနဲ့ DVB တို့ပါဝင်ခဲ့သလို Eleven Media နဲ့ 7 Day News တို့ရဲ့ ဝက်ဘ်ဆိုက်တွေလည်း ပါဝင်ခဲ့ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.