ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့်အမှုတွင် သံသယရှိနေသူနှင့် အမည်တူသည့် မြင့်ဆွေကို ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခေါ်ယူစစ်ဆေးနေသည်ဟု တာဝန်ရှိသူများက Frontier ကို ပြောကြားသည်။
“မြင့်ဆွေကို သတင်းအရ အရင်နှစ်ရက်ကတည်းက ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်နေတာရှိတယ်” ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားသည်။
မြဝတီမြို့တွင်နေထိုင်ပြီး သံသယရှိသူအဖြစ် စစ်ဆေးခံနေရသည့် မြင့်ဆွေဆိုသူကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြဝတီမြို့နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင်ဘက်တွင် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းက ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်လုပ်ကြံပြီး ဖမ်းဆီးခံထားရသူ ကြည်လင်းက ထွက်ဆိုထားသည့် သံသယရှိသူ မြင့်ဆွေ ဟုတ်မဟုတ်ကို စစ်ဆေးရန် ဖမ်းဆီးခြင်းလည်း ဖြစ်သည်။
“နာမည်တူ၊ နေရပ်တူ၊ အလုပ်တူတဲ့သူကို ဖမ်းဆီးတာလို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့ကတစ်ဆင့် သိရတယ်။ သူက သံသယရှိသူ ဟုတ်မဟုတ်ကို ရန်ကုန်က လာစစ်မယ်လို့ ပြောတယ်” ဟု မြဝတီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။
သံသယရှိသူ ဟုတ်မဟုတ်စစ်ဆေးရန် နာမည်တူ မြင့်ဆွေအား ဖမ်းဆီးထားသည့်သတင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်ဇော်ဝင်းက အတည်ပြုပြောကြားခြင်းမရှိသော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြင့်ဆွေဆိုသူကို ဖမ်းဆီးခဲ့ကြောင်း ကရင်ပြည်နယ်မှ အမည်မဖော်လိုသူ အဆင့်မြင့် အရာရှိတစ်ဦးက Frontier ကို အတည်ပြုခဲ့သည်။ သို့သော် သံသယရှိသူ ဟုတ်မဟုတ်ကိုမူ ၎င်းက အတည်ပြုပေးနိုင်ခြင်း မရှိသေးပေ။
မြဝတီမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကိုကိုနိုင်ကမူ မြင့်ဆွေအား ဖမ်းမိသည့် ကိစ္စအပါအဝင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများနှင့် ပက်သက်ပြီး သတင်းမီဒီယာမျာသို့ ပြောဆိုခွင့် ၎င်းတို့တွင် မရှိကြောင်း Frontier ကို ပြောကြားသည်။
ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပြင်ဘက်တွင် ဦးကိုနီအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံပြီးနောက် ဖမ်းဆီးရမိခဲ့သူ ကြည်လင်းကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်။
၎င်းအား ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချက် မှတ်တမ်းများဟု ယူဆရပြီး စာမျက်နှာ ၄ နှင့် ၅ မပါဝင်သော စာမျက်နှာ ခြောက်မျက်နှာပါ ရဲမှတ်တမ်းတစ်ခုမှာ ဇန်နဝါရီ ၃၀ ရက်နေ့တွင် Facebook လူမှုကွန်ယက်ပေါ်တွင် ပျံနှံ့လာခဲ့သည်။
ထိုပျံနံှ့ခဲ့သည့် ရဲမှတ်တမ်းများအရ သေနတ်သမား ကြည်လင်းနှင့် နောက်ကွယ်မှ စေခိုင်းသူ မြင့်ဆွေတို့သည် ရန်ကုန်မြိ့ုတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ဆုံခဲ့ကြသည်ဟု ဖော်ပြထားသည်။ ထို့နောက် ဦးကိုနီအား သတ်ဖြတ်ပေးပါက ကားတစ်စီးပေးမည်ဟု မြင့်ဆွေက ကြည်လင်းကို ကမ်းလှမ်းခဲ့ကာ ကြည်လင်းကလည်း သဘောတူညီခဲ့ပြီးနောက် ဦးကိုနီအား လုပ်ကြံခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ မှတ်တမ်းစာရွက်များ ပျံနှံ့မှုနှင့် ပက်သက်ပြီး ရဲချုပ်ဇော်ဝင်းက “တစ်ချို့ဟာတွေက မပေါက်သင့်တာတွေ ပေါက်ကုန်တာတွေ၊ အဲဒါတွေကို အတည်မယူပါနဲ့။ အတည်ပြုမယ့် သတင်းတွေကို ကျွန်တော်တို့ ထုတ်ပေးပါ့မယ်။ အဲဒါတွေကို အတည်ယူပါ။ အွန်လိုင်းဆိုတာတော့ အမျိုးမျိုးတွေ ရှိတတ်ကြပါတယ်” ဟု ပြောကြားသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို ကြည်လင်းဆိုသူက ဇန်နဝါရီ ၂၉ ရက်နေ့၊ ညနေငါးနာရီကျော်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 အရှေ့တွင် သေနတ်ဖြင့် ဦးခေါင်းကို အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားသည့် ကြည်လင်းကို အနီးရှိ အငှားယာဉ်မောင်းများက ဝိုင်းဝန်းဖမ်းဆီးချိန်တွင် ကြည်လင်းက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်းဖြစ်သူ ဦးနေဝင်း သေဆုံးခဲ့ရသည်။
သတင်း-ဟိန်းကိုစိုး