ဦးကိုနီလုပ်ကြံမှု သံသယတရားခံ ဇေယျာဖြိုး ဖမ်းခံရသည့်သတင်း ထွက်ပေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တယ်လို့ ယူဆရသူတစ်ဦးဖြစ်တဲ့ ရန်ကုန်၊ တာမွေမြို့နယ်က ဇေယျာဖြိုးဟာ ဖေဖော်ဝါရီ လဆန်းက ဖမ်းဆီးခံခဲ့ရတယ်လို့ သူသင်္ကန်းစည်းခဲ့တဲ့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်က ကြာသပတေးနေ့က မိန့်ကြားပါတယ်။

ယခုလ ၁ ရက်နေ့က အဆိုပါကျောင်းမှာ သင်္ကန်းစည်းတဲ့ တပ်မတော် အရာရှိဟောင်း ဇေယျာဖြိုးဟာ ယခုလ ၃ ရက်နေ့ နံနက်ပိုင်းမှာ လူဝတ်လဲသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“လူပြန်ထွက်သွားပြီး သူ့အိမ်ပြန်သွားတယ်။ အိမ်ပြန်ပြီးမှ အဖမ်းခံရတာလားတော့ မသိဘူးလေ။ သူ့ကို ဒီမှာလာ ပြောလို့ သူသိပြီး လူထွက်တာနေမှာပေါ့။ အိမ်ခဏပြန်ပြီးမှ သူ့ကို ဟိုခေါ်သွားတာ ဖြစ်ပါလိမ့်မယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

“အဲ့ဒီအချိန်က ဆရာတော်လည်း ခရီးသွားနေတာ၊ သူလူထွက်တော့ တိုက်အုပ်ကိုယ်တော်က သိက္ခာချပေးလိုက်တာ” ဟု ဆရာတော်က မိန့်ကြားသည်။

သူတို့မိသားစုက ကျောင်းမှာ အလှူအတန်းလာရောက် လုပ်ကိုင်တတ်သလို အိမ်မှာ အလှူပွဲ ကျင်းပတဲ့အခါမှာ သွားရောက် တရားဟော၊ ဆွမ်းဘုန်းပေးခဲ့တာမျိုး ရှိတယ်လို့ ဆရာတော်ထံက သိရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က စတင်ရင်းနှီးကြချိန်မှာ သူဟာတပ်မတော်ကနေ နုတ်ထွက်ပြီးဖြစ်တယ်လို့ ယူဆကြောင်း၊ သင်္ကန်းစည်းတာ သူတစ်ဦးတည်း ဖြစ်ပြီး အဲဒီနေ့က ကျောင်းကို မိသားစုနဲ့ဆွေမျိုးသားချင်းများ လာရောက်ကြကြောင်း၊ သူဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူလို့ သိရကြောင်း ဆရာတော်က မိန့်ပါတယ်။

“သူတိုက်တွေဘာတွေ ဆောက်တယ်ဆိုတာလောက်ပဲ သိတယ်။ ကျန်တာတော့ ဦးဇင်းတို့လည်း မသိဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

“သူ့ကို ဖမ်းသွားပြီး နောက်ပိုင်းလည်း ကျောင်းကို ဘယ်ရဲတွေမှ လာမေးမြန်းကြတာမျိုး မရှိပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

ဇေယျာဖြိုးကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး တာမွေရဲစခန်းကို ကြာသပတေးနေ့ ညနေပိုင်းက ဆက်သွယ်ရာမှာ တာဝန်မှူးဖြစ်သူ ဒုရဲအုပ်တစ်ဦးက စခန်းအနေနဲ့ ဒီကိစ္စကို မသိရှိကြောင်း၊ ဖမ်းဆီးမှုမှာလည်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဇေယျာဖြိုးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အဖြေ တိတိကျကျ မပေးပေမယ့် မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မယ်လို့ ပြောပါတယ်။

“အဲ့ဒီကိစ္စအတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း သတင်း ထုတ်ပြန်မှာပါ။ အဲဒီလူကို ဖမ်းဆီးထားတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ပက်သက်သလား၊ မပက်သက်ဘူးလား အားလုံးကို သတင်းမထုတ်ပြန်သေးခင် ကျွန်တော်တို့ ဘာမှပြောလို့မရသေးပါဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီ ဇန်နဝါရီလကုန်ပိုင်းက ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုကို အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိချက်တွေကို အဆက်မပြတ် ထုတ်ပြန်ခြင်း မရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဦးဇေယျာဖြိုး အထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူက အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက်ကို စောင့်မျှော်နေကြပါတယ်။

ဇေယျာဖြိုးနဲ့ သူ့မိသားစုဟာ အမှတ် D-8၊ မင်္ဂလာလမ်း၊ တာမွေလေးရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ သူဟာ စစ်သက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းသူဖြစ်ပြီး ဗဟိုထောက်လှမ်းရေးတပ် (ဗကထ-ရေကြည်အိုင်) မှာ သင်တန်းနည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ စစ်ခွေးအထူးလေ့ကျင့်ရေး သင်တန်း တက်ရောက်ဖူးသူဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် The Speaker News Journal အတွဲ ၁၊ အမှတ် ၁၄ မှာ သတင်း ရေးသားထားပါတယ်။

ရန်ကုန်လေဆိပ် လုပ်ကြံမှုရဲ့ အဓိက ကွင်းဆက်တရားခံ တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တို့ သတင်းထုတ်ပြန်ထားတဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာလည်း စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း-ထက်ခေါင်လင်း – Myanmar Now

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.