ရန်ကုန်၊ ဧပြီ ၇
ယခုနှစ်အတွက် ရခိုင်ရိုးရာ မဟာသြင်္ကန်ပွဲတော်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းနှင့် ရခိုင်ပြည်နယ်ဓမ္မာရုံတို့တွင် ဧပြီ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ပါဝင်ဆင်နွှဲနိုင်မည်ဟု စီစဉ်သူများက ပြောကြားသည်။
“သုဝဏ္ဏကွင်းပတ်ပတ်လည်မှာ ကျွန်တော်တို့ ရခိုင်ရိုးရာယဉ်ကျေးမှု သြင်္ကန်ရွာအဖြစ် တည်ထားပါမယ်။ ရခိုင်တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုကို လာလေ့လာပါ။ ပျော်ပါ၊ ပါးပါ။ ရေပက်ပါ။ အဲဒီကို လာခြင်းအားဖြင့် သြင်္ကန်မှာ အရိပ်အာဝါသရမယ်။ အဲဒီထဲကို ရောက်ရင် အားလုံး လုံခြုံစေရမယ်။ ပျော်ရမယ်။ ရခိုင်ရိုးရာ အစားအစာများကိုလည်း စားသုံးရမယ်။ ဒါ့အပြင် ရခိုင်ရိုးရာအကတွေ၊ သီချင်းတွေကိုလည်း စတိတ်စင်နဲ့ ဖျော်ဖြေပေးမှာပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုက ဒီလိုရှိပါလား၊ ချစ်စရာကောင်းပါလားဆိုတာ သိရအောင် တခြားသော ညီအစ်ကိုမောင်နှမ တိုင်းရင်းသားတွေ လာရောက် ဆင်နွှဲကြပါ။ သြင်္ကန်တွင်း ရန်ကုန်မှာရှိနေမယ့် တိုင်းရင်းသားအသီးသီးအပြင် နိုင်ငံခြားသားများကိုလည်း လာရောက်လေ့လာ အပန်းဖြေဖို့ ဖိတ်ခေါ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
ရခိုင်ရိုးရာသြင်္ကန်၏ ပြယုဂ်များဖြစ်ကြသည့် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲများကို ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ဧပြီ ၁၂ ရက်နေ့နှင့် သြင်္ကန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာသြင်္ကန် ရေလောင်းပွဲကို သုဝဏ္ဏကွင်းတွင် သြင်္ကန်အတက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
“ပွဲလာချင်သူ ပြည်သူများအနေနဲ့ လုံခြုံရေးအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ ရခိုင်လူမှု အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝင်ရောက်ကူညီမယ့် ရဲအင်အား ၆၀ လောက် လုံခြုံရေးတာဝန်ယူမှာ ဖြစ်တဲ့အတွက် စိတ်ချလက်ချနဲ့ ရေကစားနိုင်ပါတယ်။ ရခိုင်လူမျိုးတွေမှ မဟုတ်ဘူး။ တခြားသော တိုင်းရင်းသားတွေလည်း လာရောက်လေ့လာပါဝင်မှ ရခိုင်တွေရဲ့ ဓလေ့ထုံးထမ်းယဉ်ကျေးမှုတွေကို နားလည်မှုရှိလာပြီး တိုင်းရင်းသား ချစ်ကြည်ရင်းနှီး စည်းလုံးမှုရလာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ရန်ကုန် ရခိုင်ရိုးရာသြင်္ကန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင်က ပြောကြားသည်။
ရခိုင်ရိုးရာသြင်္ကန်တွင် ရခိုင်မြို့နယ်ပေါင်း ၁၇ မြို့နယ်မှ အသင်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်ဆင်နွှဲမည့် ရေလောင်းမဏ္ဍပ်ပေါင်း ၂၀ နှင့် ရခိုင်တိုင်းရင်းသားရိုးရာအစားအစာ၊ သြင်္ကန်ပွဲတော်အထိမ်းအမှတ် လက်ဆောင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းပေါင်း ၈၈ ခန်းပါဝင်မည်ဖြစ်သည်။
ရေလောင်းမဏ္ဍပ်များတွင် ရခိုင်ရိုးရာထုံးထမ်းစဉ်လာဖြစ်သည့် လောင်းလှေများတွင် ရေဖြည့်ပြီး ရေပက်ကစားကြရမည်ဖြစ်သည်။ ရခိုင်ရိုးရာယိမ်းအကများအပြင် ရခိုင်တေးဂီတစင်တစ်ခုဖြင့်လည်း သြင်္ကန်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ပါဝင်ဆင်နွှဲနိုင်ကြမည်ဖြစ်သည်။
“ခါတိုင်းနှစ်တွေနဲ့ မတူတာက ဒီနှစ်အရိပ်ပိုရအောင် လုပ်ပေးမယ်။ ကွင်းထဲဝင်လာတာနဲ့ ရေစိုရအောင် အပေါ်က ရေများများ ဖြန်းပေးမယ်။ လာသမျှလူတွေကို ရခိုင်လူငယ်များကွန်ယက်နဲ့ ရခိုင်တိုင်းရင်းသား စစ်တွေကောလိပ်ကျောင်း မောင်မယ်များက စတူဒီတာတိုက်ကျွေးမယ်။ အရင် အရင်နှစ်တွေက ပြသနာတစ်စုံတစ်ရာဖြစ်ရင် မဏ္ဍပ်တွေက အပြိုင်အဆိုင်ဆောင်းဘောက်တွေ ဖွင့်ထားတော့ ဘာမှ သတင်းပေးလို့မရဘူး။ ဒီနှစ်မှာတော့ မဏ္ဍပ်အကုန်လုံးကို စင်တာဗဟိုမဏ္ဍပ်တစ်ခုတည်းကပဲ ထိန်းချူပ်ပြီး သီချင်းဖွင့်တာရော သတင်းပေးတာပါ ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု ဦးဇော်အေးအောင်က ပြောကြားသည်။
ယခုနှစ် ၁၄ ကြိမ်မြောက်၊ ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးလျက် ရခိုင်လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။
သတင်း-ထူးထက်နိုင်