တနင်္သာရီသတ္တုတွင်းသတင်း ရေးသားသူအား တရားစွဲမှုကို မြန်မာနှင့် ထိုင်း NGOs များ ရှုတ်ချ

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးရှိ သံဖြူသတ္တုတွင်းတစ်ခုအကြောင်း သတင်းရေးသားခဲ့သည့် ထိုင်းနိုင်ငံ၊ နေရှင်းသတင်းစာမှ သတင်းထောက်တစ်ဦးအား တရားစွဲဆိုရန် ထိုင်းကုမ္ပဏီတစ်ခု၏ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ၅၆ ခုအပါအဝင် NGO ၈၀ က ကန့်ကွက်ရှုတ်ချလိုက်သည်ဟု ၎င်းသတင်းစာက မေ ၁၅ ရက်နေ့တွင် ရေးသားထားသည်။

သတင်းထောက် မစ္စတာပရက်ချ်ရူဂျီဝါနာရွမ်အပေါ် စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ အသရေဖျက်မှုအားလုံးကို သတ္တုတွင်းကုမ္ပဏီဖြစ်သည့် Myanmar Pongpipat Co., Ltd. က ရုပ်သိမ်းပေးရန် အဆိုပါ NGO များ၏ မေ ၁၄ ရက်နေ့က ပူးတွဲထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ထိုင်းအစိုးရအနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်မှုပေးရန် ထုတ်ပြန်ကြေညာချက်တွင် တိုက်တွန်းထားပြီး အသရေဖျက်မှုကို ပြစ်မှုအဖြစ် သတ်မှတ်ထားမှုအား ပယ်ဖျက်ပြီး ထိုင်းနိုင်ငံ၏ ကွန်ပြုတာ ပြစ်မှုဆိုင်ရာ အက်ဥပဒေ (2007 Computer Crime Act) ကလည်း နိုင်ငံတကာဥပဒေနှင့် စံနှုန်းများအတိုင်း ဖြစ်စေရေးဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်။

ပူးတွဲထုတ်ပြန်ကြေညာချက်ကို နယ်စည်းမထား သတင်းထောက်များအဖွဲ့က ဦးဆောင်သော လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်းရေးသားခဲ့သည့် မစ္စတာပရက်ချ်ကို ပထမတရားခံအဖြစ်လည်းကောင်း၊ နေရှင်းသတင်းစာကို ဒုတိယတရားခံအဖြစ်လည်းကောင်း ကွန်ပြူတာပြစ်မှု အက်ဥပဒေချိုးဖောက်မှုများ၊ ပြစ်မှုမြောက်သော အသရေဖျက်မှုတို့ဖြင့် Myanmar Pongpipat ကုမ္ပဏီက မတ် ၂၀ ရက်နေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သတ္တတွင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနှင့် တနင်္သာရီဒေသရှိ မြောင်ပိုကျေးရွာတွင် နေထိုင်သူများအပေါ် ထိခိုက်မှုရှိနေခြင်းတို့အား မတ် ၁ ရက်နေ့ထုတ် နေရှင်းသတင်းစာတွင် ပရက်ချ်က သတင်းရေးသားပြီးနောက် တရားစွဲ ခံခဲ့ရခြင်းခြင်းဖြစ်သည်။ ၎င်း၏ ရေးသားမှုကြောင့် ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထိခိုက်စေသည်ဟု Myanmar Pongpipat က စွပ်စွဲခဲ့သည်။

ကုမ္ပဏီကြောင့် မြစ်နှင့် မြောင်ပိုရွာအတွက် ရေအရင်းအမြစ်ကို ညစ်ညမ်းစေသည်ဆိုသည့် သတင်းဖော်ပြချက်မှာ မှားယွင်းနေပြီး ရေထက်လေးသည့် အဆိပ်သင့်စေနိုင်သော ဓါတ်သတ္တုများကို သတ္တုတွင်းက ဘေးပတ်ဝန်းကျင်သို့ မည်သည့်အခါကမှ စွန့်ထုတ်ခဲ့ခြင်းမရှိဟု ကုမ္ပဏီက ဆိုသည်။

သတ္တုတွင်းမှ ရေတွင် မန်ဂနီးစ်၊ အာဆင်းနစ်နှင့် ခဲပါဝင်မှုအဆင့်များမှာ နိုင်ငံတကာစံနှုန်းများအရ အန္တရာယ်ကင်းပြီး ကျန်းမာရေးကို မထိခိုက်စေကြောင်း Myanmar Pongpipat ကုမ္ပဏီက အခိုင်အမာ ပြောကြားခဲ့သည်ဟု သတင်းစာက ဆိုသည်။

ထိုင်းနိုင်ငံမှ NGO ၂၄ ခုအပါအဝင် NGOs များ၏ ကြေညာချက်အရ ပရက်ချ်အပေါ် တရားစွဲဆိုချက်များမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို မှေးမှိန်စေရန်နှင့် သတင်းထောက်ကို ခြိမ်းခြောက်ရန်အတွက် အလွန်အကျွံ ကျယ်ပြန့်သည့် ပြစ်မှုဥပဒေကို အသုံးပြုထားခြင်းဖြစ်သည်ဟု ဆိုသည်။

ပူးတွဲထုတ်ပြန်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သော အဖွဲ့များတွင် Amnesty International၊ Earth Rights International၊ TERRA၊ The Seub Nakasatien Foundation၊ The Karen Environmental and Social Action Network၊ The Green Network Mergui Archipelago နှင့် The Dawei Watch Foundation တို့ပါဝင်သည်။

အမှုကို ဘန်ကောက်၏ အနောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ နာခွန်ပါသွမ်ရှိ တရားရုံးတစ်ခုတွင် ဇူလိုင် ၁၇ ရက်နေ့၌ ကနဦးကြားနာရန် စီစဉ်ထားသည်ဟု နေရှင်းသတင်းတွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.