မသန်စွမ်းသူများအသုံးပြုနိုင်မည့် ဘတ်စ်ကားမှတ်တိုင် ၅၀၀ တည်ဆောက်ရန် စီစဉ်ထား

ရန်ကုန်၊ မေ ၁၇

ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား မသန်စွမ်းသူများ အလွယ်တကူအသုံးပြု စီးနင်းနိုင်စေရေးအတွက် နိုင်ငံတကာအဆင့်မှီ ကားမှတ်တိုင် ၅၀၀ ကို လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်မတို့ ယခုဆောက်လုပ်မယ့် ကားမှတ်တိုင်များအတွက် ၂၅၀ စီခွဲကာ တင်ဒါခေါ်ယူပြီးဖြစ်ကာ မကြာမှီတွင် စတင်သွားမှာဖြစ်ပါတယ်” ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့ ပြောကြားသည်။

သို့သော် မည်သို့ တင်ဒါခေါ်ယူခဲ့သည်နှင့် ထိုသို့တည်ဆောက်ရေးအတွက် ငွေကြေးမည်မျှ အသုံးပြုမည် စသည်တို့ကိုမူ ဒေါ်နီလာကျော်က ပြောကြားခြင်းမရှိပေ။

၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်ဖြင့် လမ်းများ၊ ပလတ်ဖောင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မျက်မမြင်များအတွက် လျှောက်လမ်းများ၊ မသန်စွမ်းသူများအတွက် အဆင်ပြေစေမည့် အစီအစဉ်များကို ထည့်သွင်းဆောက်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် ဘတ်စ်ကားစနစ်ဖြစ်သည့်YBS စနစ်တွင်သာမကပဲ နောက်ပိုင်း အသစ်ဆောက်လုပ်မည့် စီမံကိန်းများ၊ အဆောက်အဦးများ၊ အများပြည်သူဆိုင်ရာ အဆောက်အဦးများ၊ ပလတ်ဖောင်းများအားလုံးတွင် မသန်စွမ်းသူများအတွက် ဒီဇိုင်းများကို ထည့်သွင်းစဉ်းစားသွားရန်လည်း စီစဉ်ထားသည်ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

YBS ယာဉ်များတွင် မသန်စွမ်းသူမျာ အဆင်ပြေလွယ်ကူစွာ စီးနင်းနိုင်မည့် အစီအမံများကို ထည့်သွင်း စဉ်းစားပေးရန် လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည့် သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က YBS အပြောင်းအလဲတွင် မသန်စွမ်းသူများပါ ဒုက္ခရောက်နေရသည်ဟု ပြောကြားသည်။

“ကျွန်တော်အနေ့နဲ့ အမှန်တိုင်းပြောရရင် YBS အပြောင်းအလဲမှာ မသန်စွမ်းသူတွေ ဒီလောက် ဒုက္ခရောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူူး” ဟု ၎င်းကပြောသည်။

“YBS ပြောင်းလဲချိန်မှာ သာမန်လူတွေတောင် ဟိုပြေးဒီပြေးနဲ့ အခက်အခဲရှိခဲ့တာ၊ မသန်စွမ်းဖြစ်တဲ့ မျက်မမြင်တွေဆိုရင် မှတ်တိုင်တွေအပြောင်းအလဲကြောင့် သူတို့ မှတ်ထားတာတွေအကုန်လုံးက အသစ်ဖြစ်သွားတော့ သူတို့ ဒုက္ခတွေ အများကြီးရောက်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar