အေတီအမ်ကတ် လိမ်လည်မှုဖြင့် နိုင်ငံခြားသားလေးဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ရန်ကုန်၊ ဇွန် ၁၆

မြန်မာနိုင်ငံတွင်းရှိ အေတီအမ်ငွေထုတ်စက်များမှ ငွေများကို ကတ်အတုတွေနဲ့ ထုတ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၇ နှစ်ကို ယနေ့ချမှတ်လိုက်ပါတယ်။

သူနဲ့အတူ အိန္ဒိယနိုင်ငံသားသုံးဦးကိုလည်း ထောင်ဒဏ်ရှစ်နှစ်ကနေ ကိုးနှစ်အထိ တရားရုံးက ချမှတ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား Niranjan Rasalingham နဲ့ အိန္ဒိယနိုင်ငံသားသုံးဦးကို အေတီအမ်စက်တွေထဲကနေ အေတီအမ်ကတ်အတုတွေနဲ့ ငွေတွေ ထုတ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ရှုပ်ထွေးလှတဲ့ ဒီအမှုကို နှစ်နှစ်ကျော်ကြာ စစ်ဆေးပြီးတဲ့နောက် အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ(၃၈၀)၊ (၄၆၅)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄(က) အပြင် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေအရ ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံသားဖြစ်တဲ့ Niranjan Rasalingham ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မတွေအရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၈ နှစ်၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ ၈ နှစ်နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ၁ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကိုတော့ ဒဏ်ငွေနဲ့ အစားထိုးနိုင်တယ်လို့ အမိန့်မှာ ဖော်ပြထားပါတယ်။ အဲဒီဥပဒေအရ ချမှတ်တဲ့ ထောင်ဒဏ်ရှစ်နှစ်အစား ဒဏ်ငွေ ကျပ်သိန်း ၄၀၀ ဆောင်လို့ ရမှာဖြစ်ပါတယ်။

“ကျွန်တော်အနေနဲ့ ဒီလို ဒဏ်ကြေးငွေ ကျပ်သိန်း ၄၀၀ ကို ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ Rasalingham က သူ့ရဲ့ခေါင်းကို လှုပ်ခါရင်း ပြောပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ အယူခံဝင်သွားမယ်လို့လည်း ဆက်လက်ပြောပါတယ်။

သူဟာ အခြားအိန္ဒိယနိုင်ငံသားသုံးဦးရဲ့ အမှုတွေမှာလည်း ပါဝင်ပတ်သက်နေတာကြောင့် သူ့ရဲ့ ထောင်ဒဏ်သက်တမ်းက အများဆုံးဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် သူကတော့ အဲဒီအိန္ဒိယနိုင်ငံသားသုံးဦးကို မသိဘူးလို့ ပြောပါတယ်။

“ကျွန်တော် ဒီလူသုံးယောက်ကို မသိပါဘူး” လို့ သူက သူ့ရဲ့ ဘာသာပြန်နဲ့ ရှေ့နေဖြစ်သူကို တရားခွင်အပြီးမှာ ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံသားသုံးဦးကတော့ ထောင်ဒဏ် ၈ နှစ်ကနေ ၉ နှစ်အထိ ချမှတ်ခြင်းခံခဲ့ရပါတယ်။

တရားရုံးတွင် အမိန့်ချမှတ်မှုအား လာရောက်လေ့လာခဲ့တဲ့ ရန်ကုန်မြို့၊ အင်္ဂလန်သံရုံးက တာဝန်ရှိအရာရှိဖြစ်သူကတော့ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသလို မေးမြန်းမှုတွေကိုလည်း မဖြေကြားခဲ့ပါဘူး။

မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ Niranjan Rasalingham နဲ့အခြားအိန္ဒိယ နိုင်ငံသား သုံးဦးတို့ကို အေတီအမ်စက်တွေကနေ ငွေကြေးလိမ်လည်ထုတ်ယူမှုနဲ့ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို ထိန်းသိမ်းပြီး တစ်လခန့်အကြာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၂၁ ရက်နေ့ကျမှ အစိုးရဘက်က အဲဒီသတင်းကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဘဏ်ခြောက်ခုရဲ့ အေတီအမ်ငွေထုတ်စက်တွေကနေ ၅၈ ကြိမ် ထုတ်ယူခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

သူတို့ဆီကနေ ငွေထုတ်ကတ်အတု ၃၅ ကတ်၊ Memory Card နှစ်ခု၊ iPad တစ်ခု၊ Laptop ကွန်ပျူတာတစ်ခုနှင့် မြန်မာငွေ ကျပ် ၂၅၂ သိန်း ကျော်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်လျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ဆီက ငွေထုတ်ကတ်တွေကို စင်ကာပူနိုင်ငံမှာရှိတဲ့ Visa ကုမ္ပဏီက စစ်ဆေးရာမှာ အတုအပပြုလုပ်ထားမျိုး ဖြစ်တယ်ဆိုတာ တွေ့ရှိရတယ်လို့ ယနေ့အမိန့်ချမှတ်ရာမှာ တရားသူကြီးက ထည့်သွင်းပြောကြားသွားပါတယ်။

လျှင်လျှင်မြန်မြန် တိုးတက်လာတဲ့ မြန်မာပြည်က အေတီအမ်ကတ်ဈေးကွက်ဟာ ငွေကြေးခိုးယူထုတ်ကြတဲ့သူတွေ အတွက်တော့ ကျက်စားရာနေရာအသစ်ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်ကစတင်ကာ မြန်မာနိုင်ငံမှာ ကတ်အတုနဲ့ ခိုးယူထုတ်သူတွေကို စတင်ခြေရာခံ သတိထားမိလာတယ်လို့ Myanmar Payment Union ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဆိုပါတယ်။

နိုင်ငံတကာက အေတီအမ်ကတ်တွေကို မြန်မာပြည်က အေတီအမ်စက်တွေမှာ ငွေထုတ်ယူနိုင်တဲ့စနစ်ကိုလည်း ၂၀၁၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အေတီအမ်စက်တွေကနေ ကတ်အတုတွေနဲ့ ငွေထုတ်တာတွေ ကြုံတွေ့လာတဲ့နောက်ပိုင်းမှာ မြန်မာဘဏ်တွေဟာ စိုးရိမ်တကြီးနဲ့စောင့်ကြည့်တာတွေ လုပ်လာခဲ့ကြပြီး ငွေခိုးထုတ်တယ်လို့ သံသယရှိတဲ့သူုတွေကို ဦးဆောင်ပြီး ဖမ်းဆီးတာတွေလည်း လုပ်ခဲ့ကြပါတယ်။

၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေအတွင်း ပြည်တွင်းက အေတီအမ်စက်တွေကနေ ကတ်အတုတွေနဲ့ ငွေကြေးလိမ်လည်ထုတ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံခြားသား အနည်းဆုံး ခုနစ်ဦး ထိန်းသိမ်းခံခဲ့ရပြီး တစ်ဦးကတော့ တရားခံပြေးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အဲဒီထဲမှာ ဘူဂေးရီးယားနိုင်ငံသားသုံးဦး၊ အိန္ဒိယနိုင်ငံသားသုံးဦးနဲ့ ဗြိတိန်တစ်ဦးတို့ ထိန်းသိမ်းခံခဲ့ရပြီး အိန္ဒိယနိုင်ငံသားတစ်ဦးကတော့ တရားခံပြေးအဖြစ် ကြေငြာခံထားရတာပါ။

အစိုးရထုတ်ပြန်ချက်တွေအရ Niranjan Rasalingham ဟာ အေတီအမ် စက်တွေကနေ ကတ်အတုနဲ့ ငွေထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစောဆုံး ထိန်းသိမ်းခံထားရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

နှစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်နေစဉ်အတွင်းမှာ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးရဲ့ ရပ်တည်ချက်နဲ့ ပတ်သတ်ပြီး Niranjan Rasalingham က ဝေဖန်ခဲ့သလို သူ့ကို လုံလောက်တဲ့ အကာအကွယ်ပေးဖို့ပျက်ကွက်တယ်လို့လည်း စွပ်စွဲခဲ့ဖူးပါတယ်။

ဗြိတိန်နိုင်ငံခြားရေးရုံးကတော့ Rasalingham အဖမ်းခံရတယ်ဆိုတာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ သိရှိပြီးနောက် ကောင်စစ်ဝန်ဆိုင်ရာ ပံ့ပိုးမှုတွေ ပေးခဲ့သလို ပုံမှန်သွားရောက်တွေ့ဆုံမှုတွေလည်း ရှိခဲ့တယ်လို့ ပြောကြားပါတယ်။

သတင်း- ဆုမြတ်မွန်နှင့် ထွန်းခိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.