The Voice အယ်ဒီတာချုပ် အာမခံရရှိ

ရန်ကုန်၊ သြဂုတ် ၄

သတင်းစာတွင် ဖော်ပြခဲ့သည့် သရော်စာတစ်ပုဒ်နှင့် ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုမှုကို ခံခဲ့ရကာ နှစ်လကျော်ကြာ အချုပ်တွင်းမှ အမှုရင်ဆိုင်ခဲ့ရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအား ဗဟန်းမြို့နယ် တရားရုံးက သြဂုတ် ၄ ရက်နေ့တွင် အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။

ထို့ကြောင့် ဦးကျော်မင်းဆွေသည် အမှုအား ပြင်ပမှ ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

ဆောင်းပါးရှင်ဗြိတိသျှကိုကိုမောင်ရေးသားသည့် ‘ကျည်ထောင်စုသစ္စာ’ အမည်ရှိ သရော်စာဆောင်းပါးကို The Voice သတင်းဌာန အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့သည့်အတွက် အပတ်စဉ်နှင့် နေ့စဉ်သတင်းစာစောင်များ ထုတ်ဝေနေသည့် The Voice ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအား တပ်မတော်က အမှုဖွင့်ခဲ့ပြီးနောက် ဇွန် ၂ ရက်နေ့ကတည်းက ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

အဆိုပါသရော်စာအတွက် ကနဦးတွင် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ နှစ်ဦးလုံးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် စာရေးသူမှာ ဆက်သွယ်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ မှတ်ချက်ကြောင့် ဗြိတိသျှကိုကိုမောင်မှာ ပုဒ်မ ၆၆ (ဃ) အမှုမှ လွတ်မြောက်သွားခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးလုံးအား တပ်မတော်က သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။

ယနေ့ ဗဟန်းမြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အတွက် သိန်း ၁၀၀ တန် အာမခံပေးသူ နှစ်ဦးနှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) အတွက် ၁၀ သိန်းတန် အာမခံပေးသူ နှစ်ဦးတို့က ဦးကျော်မင်းဆွေအတွက် စုစုပေါင်း ကျပ်သိန်း ၂၂ဝ တန် အာမခံကြေး ပေးသွင်းခဲ့သည်ဟု ဦးကျော်မင်းဆွေ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောကြားကြောင်း Myanmar Now သတင်းဌာနက ရေးသားထားသည်။

အချုပ်မှ အာမခံဖြင့် လွတ်မြောက်လာပြီးနောက် နာရီပိုင်းအကြာတွင် The Voice ရုံးခန်းတွင် ဦးကျော်မင်းဆွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် တပ်မတော်ဘက်က ၎င်းတို့အား စော်ကားသည်ဟု ထင်မြင်နေမှုအတွက် ဝမ်းနည်းမိကြောင်း ၎င်းကပြောကြားခဲ့သည်။

သို့သော် သတင်းအချက်အလက် မှားယွင်းမှုမဟုတ်သည့်အတွက် တောင်းပန်ရန်မဖြစ်နိုင်ကြောင်းကိုမူ ၎င်းကပြောကြားခဲ့သည်။

“ကျွန်တော် မကျုးလွန်တဲ့ကိစ္စကို တောင်းပန်လို့မရဘူး”ဟု ၎င်းကပြောကြားသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် တပ်မတော်ကို စော်ကားခြင်းလည်းမဟုတ်ဟု ၎င်းကဆက်လက်ပြောကြားသည်။

“တပ်မတော်ဆိုတဲ့ Institution ဟာ(ကျွန်တော်တို့ တိုင်းပြည်အတွက်)အရေးကြီးတယ်။ ကျွန်တော် ဘယ်တော့မှ တပ်မတော်ကို မစော်ကားဘူး” ဟု ဦးကျော်မင်းဆွေက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တပ်မတော်ဘက်က ကျောထောက်နောက်ခံပေးထားသည့် ဝါဒဖြန့်ချိရေး ရုပ်သံဇာတ်လမ်း” ပြည်ထောင်စုသစ္စာ”ဇာတ်လမ်းကို ဆောင်းပါးရှင်ဗြိတိသျှကိုကိုမောင်က “ကျည်ထောင်စုသစ္စာ” အမည်ဖြင့် ထိုကဲ့သို့ သရော်စာရေးသားခဲ့မှုမှာ တပ်မတော် အရာရှိများနှင့်အောက်ခြေတပ်သားများအကြား သဘောထား ကွဲလွဲစေနိုင်သည်ဟု တပ်မတော်ဘက်က ယူဆထားသည်။

အဆိုပါအမှုကို သြဂုတ် ၁၇ ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံး၌ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

တချိန်တည်းမှာပင် မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသည့် သတင်းထောက်သုံးဦး၏ အမှုအား ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တရားရုံးတွင် ယနေ့စစ်ဆေးခဲ့ပြီး သတင်းထောက်များ၏ အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့သည်။

တအာင်း/ပလောင်အဖွဲ့ကပြုလုပ်သည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးပွဲသို့ သွားရောက်သတင်းယူပြီးအပြန်တွင် ၎င်းတို့အား တပ်မတော်က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သတင်း-ထွန်းခိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.