လူငယ်များနေ့ အခမ်းအနားသို့ အစိုးရအဖွဲ့ဝင်များ မတက်ရောက်မှုကို စီစဉ်သူများ မေးခွန်းထုတ်

ရန်ကုန်

သြဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် ၁၇ ကြိမ်မြောက် နိုင်ငံတကာ လူငယ်နေ့အခမ်းအနားသို့ တက်ရောက်ပေးရန် ဖိတ်ကြားခဲ့သော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့များ တက်ရောက်ခဲ့ခြင်းမရှိဟု ပွဲစီစဉ်ကျင်းပသူ အမျိုးသားလူငယ်များကွန်ကရက်မှ သိရသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub တွင် သြဂုတ် ၁၂ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါပွဲသို့ တက်ရောက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များထံ ဇွန်လကပင် စတင် ဆက်သွယ်ခဲ့ပြီးနောက် ပွဲမကျင်းပမှီ ၁၀ ရက်ကျော်အလိုဖြစ်သည့် သြဂုတ်လ ပထမအပတ်တွင် တရားဝင်ဖိတ်ကြားမှုများပြုလုပ်ခဲ့သော်လည်း မတက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားလူငယ်များ ကွန်ကရက် ဥက္ကဋ္ဌ မသဉ္ဇာရွှန်းလဲ့ရည်ကပြောသည်။

“ရန်ကုန်တိုင်းအစိုးရက ဘာမှအကြောင်းမပြန်ဘူး။ ဒီနေ့ လှိုင်သာယာမှာ ပညာရေးဌာနက လုပ်တဲ့ပွဲကိုတက်ဖို့ စဉ်းစား ဆုံးဖြတ်ထားတယ်လို့ပဲ ဝန်ကြီးချုပ်ရုံးက အကြောင်းပြန်တယ်။ တော်တော်လေးကို ရုပ်ဆိုးတယ်လို့ ပြောလို့ရတယ်။ ဒေါက်တာဝင်းမြတ်အေးကတော့ ကိုယ်စားလွှတ်ပြီး သဝဏ်လွှာပို့ပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ၎င်းကပြောသည်။

သတင်းမီဒီယာများနှင့် တက်ရောက်ကြမည့်ပုဂ္ဂိုလ်များသို့ ကြိုတင်ပေးပို့ထားသည့် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားအစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့နှင့်အတူ ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့နှင့် ရန်ကုန်တက္ကသိုလ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကာ ကျေးဇူးတင်စကားပြောကြားကြမည်ဟု ဖော်ပြထားသည်။

“ဒေါက်တာဝင်းမြတ်အေးက အရေးပေါ်ကိစ္စရှိရင်မလာဖြစ်မှာကို ကြိုပြောထားပါတယ်။ ရန်ကုန်အစိုးရအဖွဲ့က တော့ စဖိတ်ကတည်းက ဘာသံမှ အကြောင်းမပြန်ဘူး။ ဒီပွဲအတွက် ခွင့်ပြုချက်ကိုတောင် ၉ ရက်နေ့ကမှရတယ်” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။

“အစိုးရက လူငယ်တွေအပေါ် ဘယ်လိုမြင်လဲတော့မသိဘူး။ လူငယ်အသံ နားထောင်ရမယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ရမယ်လို့ နိုင်ငံတော်အဆင့်အထိ ပြောနေကြတယ်။ လက်တွေ့မှာ ဘယ်လိုနားထောင်မယ်၊ ပြုစုပျိုးထောင်မယ်ဆိုတာက မေးခွန်းတွေဖြစ်နေဆဲပဲ” ဟု ၎င်းက ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ မတ်လတွင် ယခုအစိုးရ အာဏာရရှိခဲ့ပြီးနောက် ကျင်းပသည့် နိုင်ငံတကာလူငယ်နေ့ အခမ်းအနားများသို့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းအစိုးရအဖွဲ့ဝင်များကို ဖိတ်ကြားခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ တက်ရောက်ခဲ့ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က စတင်ကာကျင်းပခဲ့သည့် ပထမအကြိမ် နိုင်ငံတကာလူငယ်နေ့အခမ်းအနားသို့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေး တက်ရောက်ခဲ့သည်။ ဒုတိယနှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ်တွင်မူ ကျောင်းသားများကို ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်ခဲ့သည့် ဖြစ်စဉ်များကြောင့် အစိုးရအဖွဲ့အား လူငယ်အဖွဲ့အစည်းများက ဖိတ်ကြားခဲ့ခြင်းမရှိပေ။

နိုင်ငံတကာလူငယ်နေ့ကို ကုလသမဂ္ဂက ၁၉၉၉ ခုနှစ်တွင် တရားဝင်သတ်မှတ်ခဲ့ပြီး နှစ်စဉ် လူငယ်အထိမ်းအမှတ်ပွဲများကို ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြသည်။

သတင်း-ဟိန်းကိုစိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.