တောဆင်ရိုင်းများကို ကယ်တင်ရေး လှုပ်ရှားမှု၌ ကမ္ဘောဇနှင့် ရွှေတောင်တို့ ပူးပေါင်းပါဝင်

မြန်မာနိုင်ငံအတွင်း ဆင်များမှရရှိသော ပစ္စည်းများနှင့် အခြားသော တရားမဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှုကို ပပျောက်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ရှားဆောင်ရွက်နေသည့် လှုပ်ရှားမှုကြီး အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီလုပ်ငန်းစုကြီးများဖြစ်သော ကမ္ဘောဇ ကုမ္ပဏီများအုပ်စုနှင့် ရွှေတောင် လုပ်ငန်းစုတို့က မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) နှင့် ပူးပေါင်းကာ ပံ့ပိုး ကူညီမည်ဖြစ်သည်။

ကမ္ဘောဇကုမ္ပဏီများအုပ်စုသည် မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ၏ လူထုပညာပေး လှုပ်ရှားမှု ကို ပိုမိုထိရောက်မှုရှိစေရန် ပုံနှိပ်ထုတ်လုပ်သည့် လုပ်ဆောင်ချက်များ၊ ဒစ်ဂျစ်တယ်နှင့် ပြင်ပကြော်ငြာ လှုပ်ရှားမှုတို့မှ တစ်ဆင့် လုပ်ဆောင်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဘုရား၌ အသစ်စတင် ပြေးဆွဲမည့် ကေဘယ်ကားများတွင် လူထုအသိပညာပေး စာတိုများကပ်ကာ အသိပညာပေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ကျိုက်ထီးရိုးဘုရား၏ ပတ်လည်နေရာတစ်ဝိုက်သည် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားနေသည့် အဓိကနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ထိုနေရာအနီးတစ်ဝိုက်တွင် လူထုအသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ကုန်သွယ်မှုပြုနေသည့် ကုန်သည်များကို တိုက်ရိုက်တားဆီးနိုင်ပြီး တစ်ချိန်တည်းတွင် လူထုကို အသိပညာပေးနိုင်ကာ တောရိုင်းတိရစ္ဆာန်များမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို ပြည်တွင်းဘုရားဖူး ခရီးသည်များနှင့် နိုင်ငံခြားသားများ မဝယ်ယူစေရန် နှိုးဆော်နိုင်မည်ဟု ကမ္ဘောဇနှင့် မိုမိုတို့အတွက် ရင်တွင်းစကားသံတို့က ရည်ရွယ်ထားသည်။

“သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုး ကို အခြေတဲ့ အလေ့အကျင့်ကောင်းတွေနဲ့ ဆန်းသစ်တီထွင်မှု အသစ်တွေဟာ သဘာဝတရားနဲ့ သဟဇာတဖြစ်ပြီး သားစဉ်မြေးဆက်ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး ရပ်ဝန်းကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဇကုမ္ပဏီများအုပ်စု၏ အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းလိုင်ခမ်းက ပြောသည်။

မိုမိုတို့အတွက်ရင်တွင်းစကားသံအား အများပြည်သူနှင့် ထိတွေ့နိုင်ရန်အတွက် ကမ္ဘောဇက ရုပ်သံနှင့် ဆိုင်းဘုတ်များ အပါအဝင် ၎င်းတို့၏ ကြော်ငြာနေရာများကို သုံးစွဲခွင့်ပေးမည်ဖြစ်သလို နိုင်ငံတဝှမ်းရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများနှင့် ATM စက်အလုံး ၁,၀၀၀ ကျော်တို့ကို အသုံးပြုကာ တောဆင်ရိုင်းကြီးများ အမဲလိုက် သတ်ဖြတ်ခံနေရသည့် အရေးကိစ္စအတွက် လူထုအသိပညာပေးခြင်းများအား လုပ်ဆောင်မည်ဖြစ်သည်။

ထို့အတူ ရွှေတောင်လုပ်ငန်းစုကလည်း မိုမိုတို့အတွက် ရင်တွင်းစကားသံ၏ လူထု အသိပညာပေးပွဲများကို ၎င်းတို့ပိုင် ဈေးဝယ်စင်တာများဖြစ်သော Junction Square နှင့် Junction City တို့တွင် ကျင်းပပေးမည်ဖြစ်ပြီး ကမ်ပိန်း ဗီဒီယိုများနှင့် အခြားသောကမ်ပိန်းနှင့်ဆိုင်သည့် အချက်အလက်များကို အဆိုပါ ဈေးဝယ်စင်တာများရှိ ရုပ်ရှင်ရုံများတွင် လာမည့် ရက်သတ္တပတ်များ၌ ပြသပေးသွားမည်ဖြစ်သည်။

“ထင်ရှားတဲ့ ဆင်ကြီးတွေကို ကာကွယ်ဖို့ဆိုတာ အင်မတန် အရေးကြီးတဲ့ကိစ္စပါ။ ကျွန်မတို့အနေနဲ့ မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) လှုပ်ရှားမှုကို ဝမ်းပန်းတသာနဲ့ ဆက်လက် ပံ့ပိုး ကူညီ ပေးသွားမှာပါ” ဟု ရွှေတောင်လုပ်ငန်းစုမှ အိမ်ခြံမြေလုပ်ငန်းပိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဒေါ်စန္ဒာထွန်းက ပြောသည်။

WWF-Myanmar ၏ Country Director ဒေါက်တာ Christy Williams က “ကလေးတစ်ယောက်ကို မွေးမြူ စောင့်ရှောက်ဖို့အတွက် ရွာတစ်ရွာလောက်လိုအပ်သလို မြန်မာနိုင်ငံမှာရှိတဲ့ ဆင်တွေနဲ့ တောရိုင်း တိရစ္ဆာန်ပစ္စည်းတွေ တရားမဝင် ကုန်သွယ်နေမှု ပပျောက်ဖို့ဆိုတာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ အကြီးဆုံး ကော်ပိုရေးရှင်းကြီးတွေထဲက လုပ်ငန်းကြီး၂ ခုက သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရင်တွင်းစကားသံတို့နဲ့ မြန်မာနိုင်ငံရဲ့ မိုမိုတို့တတွေကို ကယ်တင်ဖို့ ကြိုးပမ်း အားထုတ်နေပြီဆိုတာကို ကြေညာရတာ ကျွန်တော်အထူးပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်”ဟု ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar