မြန်မာနိုင်ငံ၊ နယ်စပ်မြို့ ဖြစ်သည့် မူဆယ်သို့ တရုတ်လူမျိုးများစွာအား ဟန်ဆောင်လိမ်ညာခေါ်ယူပြီး အဓမ္မ လောင်းကစားစေပြီးနောက် ပြန်ပေးငွေ တောင်းခံရန်အတွက် ဖမ်းထားကြောင်း ဘေဂျင်းသတင်းစာတစ်စောင်က ရေးသားခဲ့သည်။ ဖမ်းဆီးခံထားရသူအချို့မှာ ရိုက်နှက် နှိပ်စက်ခြင်းလည်း ခံနေရသည်ဟု ဆိုသည်။
လိမ်ညာခံရသူများသည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ရှိ လောင်းကစားရုံများတွင် အလုပ်အကိုင်နှင့် ချေးငွေများ ရရှိမည်ဟု ဖျားယောင်း သွေးဆောင် ခေါ်ယူခံရခြင်းဖြစ်ကြောင်း Beijing Youth Daily သတင်းစာတွင် ဖော်ပြထားသည်။ မူဆယ်သို့ ၎င်းတို့ ရောက်ရှိသည့်အခါ အဓမ္မလောင်းကစားလုပ်စေပြီးနောက် ရှုံးနိမ့်မှုများအတွက် ၎င်းတို့၏ မိသားစုများက ငွေပြန် မပေးမချင်း ၎င်းတို့မပြန်နိုင်ကြဟု ပြောကြားခဲ့ကြောင်း သတင်းစာတွင် ရှည်လျားစွာ ရေးသားထားချက်အား ဇန်နဝါရီ ၂၄ ရက်နေ့ South China Morning Post သတင်းစာက ပြန်လည် ဖော်ပြထားသည်။
ပြန်ပေးရွေးငွေရလိုမှုအတွက် မြန်မာနိုင်ငံတွင် ဓါးစာခံလုပ်ခံထားရသည့် တရုတ်လူမျိုးများ၏ အမှုများစွာရှိနေကြောင်း ပေကျင်းသတင်းစာက ဖော်ပြခဲ့သည့် ရဲတပ်ဖွဲ့၏ သတိပေးစာတွင် ရေးသားထားသည်ဟု ဟောင်ကောင်သတင်းစာက ဆိုသည်။ ရဲတပ်ဖွဲ့၏ အကြောင်းကြားစာကို မူဆယ်နှင့် မျက်နှာချင်းဆိုင် တရုတ်ဘက်ရှိ မြန်မာများက ရွှေ့လီဟုခေါ်သော Ruili မှ တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားဟန်ရှိသည်ဟု ဆိုသည်။
နယ်စပ်ဒေသရှိ လူများကို အလုပ်အကိုင်ရစေမည်၊ သို့မဟုတ် ချေးငွေများရရှိနိုင်သည်ဆိုသည့် ကတိများဖြင့် ဖျားယောင်းသွေးဆောင်ရန် တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသားများက ပူးပေါင်းကြံစည်ခြင်းဖြစ်သည်ဟု သတိပေးစာက ဆိုသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းကလည်း မြန်မာနိုငံတွင် ပူးပေါင်းရိုက်စားလုပ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး နှိမ်နင်းပြီးမှသာ ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး ငွေပေးမှသာ ဓါးသာခံ ၃၃၀ ပြန်လွတ်လာခဲ့သည်ဟု Beijing Youth Daily သတင်းစာက ဖော်ပြထားသည်။
ရွှေလီ၊ ရှန်ဟိုင်းနှင့် မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်နှစ်က လေးလအတွင်း လိမ်လည်ရိုက်စားမှုများကို စုံစမ်းဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးမှုခြောက်ကြိမ် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရှိ အလုပ်ကမ်းလှမ်းချက်များကို တရုတ်နိုင်ငံသားများအနေဖြင့် သတိထားသင့်ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက ဇန်နဝါရီ ၆ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အိမ်သို့ပြန်ရန်အတွက် တရုတ်နိုင်ငံသားများထံမှ အကူအညီတောင်းခံသော ဖုန်းခေါ်ဆိုမှု ဒါဇင်များစွာကို လက်ခံရရှိထားပြီး ၎င်းတို့မှာ အလုပ်တု ကမ်းလှမ်းချက်များကို လက်ခံပြီးနောက် မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု သံရုံးကဆိုသည်။
မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံနေရသော ၎င်းတို့၏ ဆွေမျိုးများတွင် လောင်းကစားကြွေး များစွာတင်နေပြီး ငွေကြေးအကူအညီ လိုအပ်နေကြောင်း ဖုန်းများနှင့် ဗီဒီယိုမက်ဆေ့ချ်များ တရုတ်နိုင်ငံရှိ ဆွေမျိုးများထံ မကြာသေးခင်ရက်များက ဝင်လာခဲ့ကြောင်း Beijing Youth Daily ကဖော်ပြသည်။ ဗီဒီယိုများတွင် တချို့မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသည်ကို တွေ့ရသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
လိမ်ညာအနိုင်ကျင့်ခံရသူများတွင် မြောက်ပိုင်းကမ်းရိုးတန်းရှိ ကျန်စုပြည်နယ်၊ နန်းထုံမှ အသက် ၂၄ နှစ်အရွယ် မစ္စတာ ချန်ချင်လည်း ပါဝင်ခဲ့ပြီး ၎င်းအား ရက်သတ္တပတ် သုံးပတ်နီးပါး ဖမ်းဆီးထားပြီးနောက် ဇန်နဝါရီ ၂၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။ ရွှေလီရဲစခန်းတွင် သတင်းထောက်များကို ၎င်းကပြောကြားခဲ့မှုများအား သတင်းစာက ကိုးကားဖော်ပြခဲ့သည်။ ၎င်း၏ပြောကြားချက်အရ မြန်မာနိုင်ငံရှိ လောင်းကစားရုံတစ်ခုတွင် စာရေးအလုပ်တစ်ခုအတွက် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက လူမှုကွန်ရက်ပေါ်တွင် ကြေညာသည်ကို တွေ့ရှိပြီးနောက် ၎င်းဆက်သွယ်ခဲ့သည်ဟုဆိုသည်။ ထို့နောက် ပြန်ပေးဆွဲသူများက ပို့ပေးသည့် လေယာဉ်လက်မှတ်ဖြင့် ကူမင်းသို့ရောက်လာခဲ့သည်။ ထို့နောက် ၎င်းအား ရွှေလီသို့ ဘတ်စ်ကားဖြင့် ပို့ဆောင်ခဲ့ပြီးနောက် မူဆယ်သို့သွားသည့် နယ်စပ်သို့ ထပ်မံပို့ဆောင်ခဲ့သည်ဆိုသည်။
ချန်ကို တရုတ်ယွမ် ၂,၅၀၀ (ကျပ် ၅ ဒသမ၂ သန်းခန့်) တန်ဖိုးရှိသည့် လောင်းကစားကူပွန်များပေး၍ လောင်းကစားခိုင်းခဲ့သည်ဟုဆိုသည်။။ ၎င်းက ငြင်းဆန်သောအခါ ဆွဲခေါ်သွားခြင်းခံရပြီး ယွမ် ၁၀၀,၀၀၀ တန်ဖိုးရှိ အကြွေးစာရင်းအတွက် အဓမ္မလက်မှတ်ထိုးခိုင်းခဲ့သည်။ ထို့နောက် ၎င်းအား လောင်ကစားရုံတွင် ချုပ်ထားပြီး နှိပ်စက်ခဲ့သည်ဟု ချန်ကဆိုသည်။
“သူတို့က ကျွန်တော့်လက်ကိုကိုင်ပြီး မီးခြစ်နဲ့ အရှို့ခိုင်းတယ်။ ကျွန်တော် လက်ဖယ်ရင် အရိုက်ခံရတယ်” ဟုချန်က Beijing Youth Daily သို့ပြောကြားသည်။ နောက်ပိုင်းတွင် ပြန်ပေးရွေးငွေမပေးရဘဲ ၎င်းကို လွှတ်ပေးခဲ့သည်ဟု ချန်ကပြောသည်။ ၎င်း၏ မိသားစုထံမှ ငွေညှစ်ယူရန် ပြန်ပေးဆွဲသူများက လက်လျှော့လိုက်သည်ဟု ယူဆကြောင်းလည်း ၎င်းကပြောသည်။
၎င်းအားပြန်ပေးဆွဲသူများမှာ မန်ဒရင် တရုတ်စကားကို သွက်လက်စွာပြောဆိုသူများဖြစ်သည်ဟု ချန်က သတင်းစာကို ပြောသည်။ ဖမ်းထားခံရသူများမှာ နှိပ်စက်မခံရပါက ခေါင်းများကို ဖုံးအုပ်ထားရပြီး စကားပြောခြင်းကိုလည်း တားမြစ်ထားသည်ဟု ၎င်းကဆိုသည်။