တပ်မတော်သား လွှတ်တော်အမတ်များက ဥပဒေပြုရေး၌ အထောက်အကူပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် တပ်မတော်သား လွှတ်တော်အမတ်များမှာ ဥပဒေပြုရေးတွင် များစွာအထောက်အကူ ပေးနိုင်သူများ ဖြစ်ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr. ALEXEI CHEPA နှင့် နေပြည်တာ်၌ ဇူလိုင် ၂၈ ရက်နေ့က တွေ့ဆုံချိန်တွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“မိမိတို့တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် တပ်မတော်အတွင်း နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ဖူးသူ၊ အတွေ့အကြုံရှိသူများဖြစ်ပြီး ရိုးရိုးဘွဲ့မှစ၍ မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိထားသူများ၊ ဆရာဝန်များနှင့် အင်ဂျင်နီယာများပါဝင်ကာ ဥပဒေပြုရေးတွင် များစွာ အထောက်အကူပေးနိုင် သူများ ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်သည် အမျိုးသားရေးကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားချက်များအရ လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။

“မိမိတို့နိုင်ငံ၏ ပထမအစိုးရ လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ နိုင်ငံရေး အတွေ့အကြုံရှိသည့်သူများ၊ ပါတီများမှ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း၊ ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း ရွေးချယ်ခံ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပင်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ တပ်မတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရန် တပ်မတော်အစိုးရက ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ ထိုသို့ ပြောင်းလဲချိန်၌ အခက်အခဲ မရှိစေရန်အတွက် နိုင်ငံရေးနှင့် စီးပွားရေးပုံစံများကိုလည်း တဖြည်းဖြည်း ပြုပြင်ပြောင်းလဲခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“၂ဝ၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ဖြင့် ရွေးချယ်တင်မြှောက်ခံ အစိုးရသို့ စနစ်တကျ လွှဲပြောင်း ပေးနိုင်ခဲ့ကြောင်း၊ ယခုအခါတွင် ဒုတိယမြောက် ရွေးချယ်ခံအစိုးရကာလသာရှိသေးပြီး အတွေ့အကြုံများစွာ နုနယ်သဖြင့် နိုင်ငံရေးအရ ပြည့်စုံမှုမရှိသေးကြောင်း” ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိရန် လိုအပ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.