တပ်မတော်(ကြည်း)(လေ)၊ အမြောက်နှင့်သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို ဇန်နဝါရီ ၃၁ ရက်နေ့က မိတ္ထီလာတပ်နယ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်မှုမှာ တိုက်ခိုက်သိမ်းပိုက်ခြင်းပုံစံဖြင့် လေ့ကျင့်ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“ယခုလေ့ကျင့်ခန်းသည် တပ်မတော်(ကြည်း)ကိုအဓိကထားပြီး တိုက်ခိုက်သိမ်းပိုက်ခြင်းပုံစံဖြင့် လေ့ကျင့်ခြင်း ဖြစ်ကြောင်း၊ စစ်၏သဘောတရားတွင် မြေပြင်တပ်ဖွဲ့များသည် အဆုံးအဖြတ်ပေးသည့် မြေသိမ်းတိုက်ပွဲများကို ဆင်နွှဲရကြောင်း၊ အမြောက်နှင့်သံချပ်ကာများ၊ လေယာဉ်များသည် ပစ်အားပေးအဖြစ် ပါဝင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း” လေ့ကျင့်မှုကို သွားရောက်ကြည့်ရှုစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။
စစ်၏သဘောတရားမှာ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်မှသာ စစ်ပွဲကိုအောင်နိုင်မည်ဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။
“အငိုက်ဖမ်း နိုင်ခြင်းသည် တိုက်ပွဲတွင် ပေးဆပ်မှုအနည်းဆုံးဖြင့် အောင်မြင်မှုကိုရရှိစေကြောင်း၊ တိုက်ပွဲများ ဆင်နွှဲရာတွင် အချိန်ကိုက်လှုပ်ရှားမှုသည် အရေးကြီးပြီး အချိန်ကိုတွက်ချက်၍ ဆောင်ရွက်နိုင်ရမည်ဖြစ် ကြောင်း၊ ထို့အတူလျှင်မြန်မှုသည်လည်း တိုက်ပွဲအောင်နိုင်ရေး တွင်အရေးကြီးသကဲ့သို့ ရန်သူများအား လက်စတုန်း ချေမှုန်းနိုင်ရန်အတွက် ထုဖြင့်စစ်ဆင်ခြင်းသည်လည်း အရေးကြီးကြောင်း” ၎င်းကပြောကြားသည်။
ယခုပြုလုပ်သည့် လေ့ကျင့်ခန်းတွင် ထိုအချက်များအား အခြေခံလေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့လေ့ကျင့်မှုအတွင်း လေကြောင်းချီတပ်ဖွဲ့များနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များက သတ်မှတ် ရည်မှန်းချက်နေရာများအား စီးနင်းတိုက်ခိုက်ခြင်း၊ တပ်မတော်(လေ)မှ လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များက ပစ်မှတ်အသီးသီးအား ပစ်ခတ်ချေမှုန်းခြင်း၊ အမြောက်ကြီးများ၊ အတွဲလိုက် ဒုံးများဖြင့် ပစ်မှတ်များအား ပစ်ခတ်ချေမှုန်းခြင်း၊ ခြေလျင်အကူလက်နက်ကြီးများဖြင့် အနီးကပ်ပစ် ခတ်ချေမှုန်းခြင်း၊ ခြေလျင်နှင့် သံချပ်ကာပူးပေါင်းတပ်ဖွဲ့များက ရန်သူကို ချေမှုန်းတိုက်ခိုက်ပြီး ရည်မှန်းချက် အသီးသီးကို သိမ်းပိုက်ခြင်းများကို လေ့ကျင့်ဆောင်ရွက်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်အစောပိုင်းကလည်း ဧရာဝတီကမ်းရိုးတန်းတွင် ကြီးမားသည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို တပ်မတော်က ဆောင်ရွက်ခဲ့သေးသည်။