ထိုင်းနိုင်ငံ မဲဆောက်နှင့် ရန်ကုန်မြို့အကြား ကုန်သွယ်မှုလမ်းကြောင်း ပိုမိုကောင်းမွန်လာစေရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ လမ်းပိုင်းတစ်ခုအား ပြုပြင်ရန် ထိုင်းအစိုးရက ထိုင်းဘတ်ငွေ ၁ ဒသမ ၈ ဘီလျံကို ခွင့်ပြုပေးလိုက်သည်။
သယ်ယူပို့ဆောင်ရေး ကောင်းမွန်စေရန်အတွင် မြန်မာနိုင်ငံတောင်ပိုင်းရှိ၊ ၆၈ ကီလိုမီတာရှည်သော အိန္ဒူ-သထုံလမ်းပိုင်း ပြုပြင်မည့်အစီအစဉ်ကို ထိုင်းအစိုးရက ထောက်ပံ့ပေးမည်ဟု ထိုင်းအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith က ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်းဟု ဘန်ကောက်ပို့စ် သတင်းစာက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရေးသားထားသည်။
အဆိုပါ စီမံကိန်းအရ လက်ရှိလမ်းအား တိုးချဲ့မည်ဖြစ်ကာ သွားလာရန် လွယ်ကူအောင် ပြုပြင်မှုများ ဆောင်ရွက်မည်ဟု ၎င်းကပြောကြားသည်။
လမ်းပြုပြင်မှုများ ပြီးစီးသွားပါက မဲဆောက်နှင့် ရန်ကုန်မြို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာရန် အထောက်အကူပြုမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မဲဆောက်သည် ထိုင်း-မြန်မာနယ်စပ်ရှိ အရေးပါသည့် ခရိုင်တစ်ခုဖြစ်သလို ရန်ကုန်မြို့ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အခြားဒေသများသို့ ကုန်စည်များ ပို့ဆောင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟုလည်း Mr Arkhom က ပြောကြားသည်။ ထို့ကြောင့် မဲဆောက်နှင့် ရန်ကုန်အကြား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောကြားထားသည်။
မဲဆောက်-ရန်ကုန် လမ်းမပေါ်ရှိ အခြားသော လမ်းပိုင်းအချို့ကို ပြုပြင်ပြီးဖြစ်သလို အချို့ကိုလည်း ပြုပြင်နေဆဲ ဖြစ်သည်။
မြဝတီလမ်းပိုင်းကို ထိုင်းဘတ်ငွေ ၁ ဒသမ ၃ ဘီလျံအကုန်အကျခံကာ တည်ဆောက်မှုသည် ပြီးခဲ့သည့်နှစ်က ပြီးစီးခဲ့သည်။ ၆၇ ကီလိုမီတာအရှည်ရှိ ကော့ကရိတ်-အိန္ဒူလမ်းပိုင်းကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် ပြုပြင်တည်ဆောက်နေသည်။
မဲဆောက်မှ ရန်ကုန်သို့ ဆက်သွယ်သည့်လမ်းကြောင်းသည် အိန္ဒိယ၊ ဗီယက်နမ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းတို့ကို ဆက်သွယ်မည့် အရှေ့အနောက် စီးပွားရေးစြင်္ကန်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။