အနာကြီးရောဂါ

အသက် ၈၉ နှစ် အရွယ် အပြုံးပိုင်ရှင်နှင့် သူ၏ အနာကြီးရောဂါ

အိုလီဗာ ဆလိုး ရေးသားသည်။

photos by Jeroen de Bakker

မော်လမြိုင် ခရစ်ယာန် အနာကြီးရောဂါ ဆေးရုံရှိ အစည်းအဝေးခန်းငယ် တစ်ခုအတွင်းသို့ ဦးစောဆေးလ်ဗားသည် ကျွန်ုပ်နှင့် တွေ့ဆုံမေးမြန်းရန် ပြုံးလျက် ဝင်ရောက်လာသည်။
သူသည် ဆယ်ကျော်သက်အရွယ်တွင် ကူးစက်ရရှိခဲ့သော အနာကြီးရောဂါကို ကုသပျောက်ကင်းပြီး ဖြစ်သည်။ သို့သော် ရောဂါကို ကုသချိန်မှာ နောက်ကျခဲ့သဖြင့် သူ့လက်နှင့် ခြေထောက်များ ထာဝရပျက်စီး သွားခဲ့သည်။ လက်ချောင်း၊ ခြေချောင်းများသည် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဦးစောဆေးလ်ဗား အခန်းထဲသို့ ဝင်ရောက်လာသောအခါ ကျွန်တော်သည် မတ်တပ်ထရပ်ကာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ထိုအခါ သူ၏ အပြုံးသည် ပိုမိုတောက်ပသွားခဲ့သည်။
“ ကျေးဇူးပါပဲ ကျွန်တော်ရဲ့လက်ကို အရုပ်ဆိုးတယ်လို့ မထင်မြင်လို့ ကျေးဇူးပါ။ တချို့လူတွေက ကျွန်တော့်လက်ကို ကြောက်စရာကောင်းတယ်လို့ ထင်ကြတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင် တွေကတော့ ဒီလိုမဟုတ်ကြပါဘူး” ဟ ုဦးစောဆေးလ်ဗားက ပြုံးရွှင်စွာ ပြောသည်။

အနာကြီးရောဂါသည် အိုဟောင်းနေသော ရောဂါအမျိုးအစားတစ်ခု ဖြစ်သော်လည်း ၎င်းကို နားလည်မှု လွဲမှားနေကြဆဲ ဖြစ်သည်။ အနာကြီးရောဂါကို Hansen’s Disease ဟုလည်း ခေါ်ဝေါ်ကြပြီး ကူးစက်တတ် သော ရောဂါတစ်မျိုးဖြစ်ကာ ရောဂါရှိသူနှင့် မကြာခဏနီးကပ်စွာ ထိတွေ့ရခြင်းကြောင့် ကူးစက်နိုင်သည်။

“ အနာကြီးရောဂါက ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ ကူးစက်နိုင်မှု အနည်းပါးဆုံး ရောဂါတစ်ခုပါ။ ကူးစက်ခံရဖို့က သိပ်ကို ခက်ခဲနိုင်ပါတယ်။ ရောဂါရှိသူနဲ့ အတော်ကို အချိန်ကြာအောင် ထိတွေ့နေရမှာပါ။ ဒါတောင် တချို့ အနာကြီးရောဂါသည်တွေက သူတစ်ပါးကို မကူးစက်နိုင်ပါဘူး” ဟု ထိုဆေးရုံရှိ အနာကြီး ရောဂါ အထူးကုဆရာဝန် ဒေါက်တာစောစာမူးလာက ပြောသည်။

ရောဂါကို ပျောက်ကင်းအောင် ကုသပြီးသား လူတစ်ယောက်သည် သူတစ်ပါးကို မကူးစက်စေနိုင်ပါ။ ထို့ပြင် လူအများစုသည်လည်း ရောဂါကို ခုခံကာကွယ်နိုင်စွမ်းရှိပြီး ဖြစ်ပါသည်။

၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် World Health Organization က သတ်မှတ်ထားခဲ့သော အနာကြီး ရောဂါ အပြီးသတ် တိုက်ဖျက်ရေးပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် လူတစ်သောင်း၌ တစ်ဦးထက် နည်းပါးစွာသာ အနာကြီးရောဂါရှိသူ ဖြစ်သည်။ WHO ၏ အချက်အလက်များ ကို ကိုးကားဖော်ပြသော International Federation of Anti-Leprosy Association မှ ကိန်းဂဏန်းများ အရ မြန်မာနိုင်ငံတွင် အသစ်ဖြစ်ပွားသော အနာကြီးရောဂါသည်များသည် ပြီးခဲ့သော ဆယ်နှစ်အတွင်း ၃,၀၀၀ ခန့် တွင်သာ ရပ်တန့်နေသည်ဟု ဆိုသည်။

အနာကြီးရောဂါကို အကြောက်လွန်နေကြပြီး ရောဂါအကြောင်း နားလည်မှုမှာ နည်းပါးလျက်ရှိသည်။

photos by Jeroen de Bakker

မော်လမြိုင်မှ အနာကြီးရောဂါ ဆေးရုံသည် ၁၈၉၈ ခုနှစ်တွင် ခရစ်ယာန် သာသနာပြုများက တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး မော်လမြိုင်မြို့၏ အရှေ့တောင်ဘက် မြို့စွန်၌ တည်ရှိသည်။

ဦးကျော်စွာဦးသည် သူ၏မိခင် လွန်ခဲ့သောဆယ်နှစ်ခန့်က အနာကြီးရောဂါဖြင့် ဆေးရုံတင်ခဲ့ရသဖြင့် မော်လမြိုင်သို့ ရောက်ရှိလာကာ ဆေးရုံဝင်ပေါက်၏ မျက်နှာချင်းဆိုင်တွင် ဈေးဆိုင်ဖွင့်ကာ အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။ သူက ပြောကြားရာတွင် ယခင်အခါကမူ ဆေးရုံရှေ့မှ ဖြတ်လျှေက်သွားသူများသည် နှာခေါင်းကို ပိတ်ကာ သွားကြကြောင်း၊ ထိုသို့ နှာခေါင်းပိတ်ခြင်းဖြင့် အနာကြီးရောဂါ မကူးစက်နိုင်ဟု ယုံကြည်ခဲ့ကြ ကြောင်း ပြောပြသည်။

“ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ လူတွေက ရောဂါအကြောင်း ပိုမိုနားလည်လာကြပါပြီ။ ဒီဆေးရုံဆိုရင် ဒီက လူအဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ” ဟ ုဦးကျော်စွာဦးက ပြောပြသည်။

အနာကြီးရောဂါသည်များအတွက် စိတ်အားငယ်ဖွယ်ရာ စိန်ခေါ်မှုတစ်ရပ်မှာ လူအများသည် ထိုရောဂါအကြောင်း နားလည်မှု လွဲမှားလျက်ရှိပြီး ရောဂါကူးစက်ခံရမည်ကို လွန်စွာကြောက်ရွံ့နေသည့် လွဲမှားသောအယူအဆတစ်ခုသာ ဖြစ်ကြောင်း ဆိုသည်။
“ ဗုဒ္ဓဘာသာမှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ချက် ရှိတယ်။ ဒါကြောင့် အတိတ်ဘဝက လုပ်ဆောင်ခဲ့တဲ့ အရာတွေက လွန်စွာ အရေးပါတယ်” ဟု Leprosy Mission Myanmar ကျေးလက်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာဇော်မိုးအောင်က ပြောသည်။

“ဒီယုံကြည်ချက်က အတိတ်ဘဝမှာ သင်က မကောင်းမှုတွေ ပြုခဲ့တယ်ဆိုရင် ဒီဘဝမှာ မကောင်းကျိုး ခံစားရတာပဲ” ဟု သူက ရှင်းပြသည်။

သို့သော် အနာကြီးရောဂါမှာ ဘယ်အချိန်မဆို ပျောက်ကင်းအောင် ကုသနိုင်သည့် ရောဂါမျိုး ဖြစ်သည်။

မမေသက်ခိုင်သည် မော်လမြိုင်မြို့၏ သံလွင်မြစ်တစ်ဘက်ရှိ ဘီလူးကျွန်းတွင် နေထိုင်သူ ဖြစ်သည်။ လွန်ခဲ့သောလအနည်းငယ်ခန့်က သူ့ညီမ ဖြစ်သူသည် မမေသက်ခိုင်၏ အရေပြားပေါ်တွင် အစက်အပြောက် လေးများကို စတင်တွေ့ရှိခဲ့သဖြင့် ဆရာဝန်ဆီ ခေါ်ဆောင်သွားခဲ့သည်။ ဆရာဝန်သည် မမေသက်ခိုင်တွင် အနာကြီးရောဂါ ဖြစ်ပွားနေကြောင်း ချက်ချင်းသိရှိသဖြင့် မော်လမြိုင်ဆေးရုံသို့ လမ်းညွှန်ပေးခဲ့သည်။ ထို့နောက် သူသည် ဆေးရုံတွင် ကုသမှု ခံယူခဲ့သည်။

သူနာပြု အကြီးအကဲ ဒေါ်နီနီသိန်းက မမေသက်ခိုင်သည် လုံးလုံး ပျောက်ကင်းနိုင်မည် ဖြစ်ပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာပင် ကျောင်းပြန်တက်နိုင်မည်ဟု ပြောကြားသည်။

ကျွန်တော့် ဆရာဝန်ကို အဒေါ်သတ်လိုက်သည်

photos by Jeroen de Bakker

ဦးစောဆေးလ်ဗားသည် ဗြိတိသျှတို့ အုပ်ချုပ်မှု၏ နေဝင်ချိန်ကာလများတွင် ဘုရင်ခံအိမ်တော်ရှိရာ ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အထက်တန်းကျောင်း၌ တက်ရောက်ခဲ့သူ ဖြစ်သည်။ သူသည် ဗြိတိသျှတို့၏ နောက်ဆုံးဘုရင်ခံ နှစ်ဦးဖြစ်သော Sir Archibald Douglas Cochrane နှင့် Sir Reginald Hugh Dorman Smith တို့ကို မြင်တွေ့ခဲ့ဖူးသူ ဖြစ်သည်။ သူသည် ဗြိတိသျှ ကိုလိုနီခေတ်ကို ကောင်းကောင်းမှီခဲ့သူ ဖြစ်သည်။

“ ကျွန်တော်က ဘုရင်ခံကြီးကို တွေ့တော့ အလေးပြုဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ကျွန်တော့်လက်က ကောင်းကောင်းအလေးပြုလို့ မရဘူး ဖြစ်နေတယ်။ ဒီအချိန်မှာပဲ ကျွန်တော့်လက် တစ်ခုခု ဖြစ်နေပြီဆိုတာ သိလိုက်ရတယ်” ဟု ဦးစောဆေးလ်ဗားက ပြောပြသည်။ ထိုအချိန်က ဆရာဝန်များသည် အနာကြီးရောဂါ အကြောင်း ကောင်းကောင်းမသိရှိကြကြောင်း၊ ထို့ကြောင့် သူသည် ရောဂါမသိရဘဲ အကြာကြီး နေထိုင်ခဲ့ရ ကြောင်း သူက ပြောပြသည်။

၁၉၄၉ ခုနှစ်တွင် သူ၏ မိခင် ဆုံးပါးသွားသောအခါ သူသည် အဒေါ်ဖြစ်သူနှင့် ရန်ကုန်မြို့ မြောက်ပိုင်း သို့ ပြောင်းရွှေ့လာခဲ့သည်။ သူ့အဒေါ်အိမ်၏ အနီးတဝိုက်တွင် ကစားနေစဉ် သူ၏ သူငယ်ချင်းတစ်ဦးသည် သူ့ရောဂါပျောက်ကင်းစေရန် ကုသနည်းတစ်ခုကို သူ့အား ပြောပြခဲ့သည်။

photos by Jeroen de Bakker

“ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ပြောတယ်။ မြွေက ကျွန်တော့် လက်ကို ကိုက်ရင် ကျွန်တော့် ရောဂါ ပျောက်ကင်းသွားမယ်တဲ့။ အကိုက်ခံရင်ခံ မခံရင် ကျွန်တော် သေရမှာပဲလို့ သူက ပြောတယ်။ ကျွန်တော် က မသေချင်ဘူး။ ကျွန်တော့်ရောဂါ ပျောက်ချင်တယ်။ ဒါပေမဲ့ ဒါက ဘုရားပဲ သိနိုင်မယ့် အရာပဲ”  ဟု ဘာသာ တရား ကိုင်းရှိုင်းသော ခရစ်ယာန် ကရင်လူမျိုးဦးစောဆေးလ်ဗားက ပြောပြသည်။

“ ကျွန်တော့် သူငယ်ချင်းက လယ်ကွင်းထဲက မြွေတစ်ကောင် ယူလာပြီး ကျွန်တော့်ကို ပေးတယ်။ ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ ရပ်နေတယ်။ မြွေက ကျွန်တော့်ကို မကိုက်ဘူး။ ဒါနဲ့ ကျွန်တော်က မြွေကို လည်ပင်းကနေ လှမ်းကိုင်လိုက်တော့ မြွေက ကျွန်တော့်လက်ကို ကိုက်လိုက်တယ်” ဟု ရယ်မောလျက် သူက ပြောပြသည်။ မြွေသည် သူ၏လက်ကို ကိုက်လိုက်သော်လည်း မြွေဆိပ်က သူ့ကိုယ်ထဲ ဝင်မသွားခဲ့ပေ။

“ ကျွန်တော်က မြွေကို တန်းလန်းဆွဲကိုင်ပြီး ဒီအတိုင်း ရပ်နေတယ်။ ဒီအချိန်မှာ အဒေါ်က ထွက်လာပြီး မြွေကို သတ်လိုက်တယ်။ ပြီးတော့ အဒေါ်က တော်တော်ရှုပ်ပွေတဲ့ ကလေးပဲလို့ ပြောလိုက်တယ်။ ကျွန်တော် က ကျွန်တော် ရှုပ်တဲ့ကလေး မဟုတ်ဘူး။ အဒေါ်က ကျွန်တော့် ဆရာဝန်ကြီးကို သတ်ပစ်လိုက်တာလို့ ပြော လိုက်တယ်” ဟု သူက ပြောပြသည်။

ထိုသို့ ဖြစ်ပျက်ပြီးနောက် နှစ်အနည်းငယ်အကြာတွင် ဦးစောဆေးလ်ဗားသည် မော်လမြိုင်ရှိ ဆေးရုံ အကြောင်း ကြားသိရခဲ့ပြီး ဆေးကုရန် ရန်ကုန်မှ မော်လမြိုင်သို့ ရထားဖြင့် ခရီးထွက်လာခဲ့သည်။

“ ကျွန်တော် မီးရထားလက်မှတ် ဝယ်တဲ့အခါမှာ ကျွန်တော့်ကို တခြားခရီးသည်တွေနဲ့ အတူစီး၍ မရ ကြောင်း၊ ရထားရဲ့ နောက်တွဲကနေ စီးရမှာ ဖြစ်ကြောင်း အပြောခံရပါတယ်။ အဲဒီတုန်းက ကျွန်တော် အတော် စိတ်ပျက်ခဲ့တယ်။ ဒီအကြောင်း နောက် ကျွန်တော် မတွေးတော့ဘူး” ဟု သူက ပြောပြသည်။

သူသည် ဆေးကုသမှု ခံယူရန် မလိုတော့သော်လည်း ယင်းဆေးရုံသည် သူ့ဘဝ၏ အရေးကြီး အစိတ် အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သူသည် ထိုဆေးရုံနှင့် လမ်းလျှောက်ရရုံ အကွာအဝေးရှိ သူ့နေအိမ်တွင် သူ၏ ဇနီးနှင့်အတူ နေထိုင်သည်။ သူ၏ဇနီးသည် လွန်ခဲ့သော ၇ နှစ်ခန်က သေဆုံးသွားခဲ့သော အနာကြီးရောဂါ သည် တစ်ဦးပင် ဖြစ်သည်။ သူ၏ သား၊သမီးများနှင့် မြေးများသည်လည်း ထိုအနီးအနား၌ပင် နေထိုင်သည်။

“ ကျွန်တော် ကျွန်တော့်ဇနီးနဲ့ စတွေ့တုန်းက ကျွန်တော်က ဘောလုံး အရမ်းကစားတာ။ ဒါပေမဲ့ ကျွန်တော့်ဇနီးက ရှင် ကျွန်မကို ရွေးမလား၊ ဒါမှမဟုတ် ဘောလုံးကို ရွေးမလား မေးတော့ ကျွန်တော် သူ့ကိုပဲ ရွေးခဲ့ရတယ်” ဟု သူက ပြောပြသည်။
ဦးစောဆေးလ်ဗားသည် အနာကြီးရောဂါသည် လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်လျက်ရှိသည်။ ယင်းမှာ သူ ရည်ရွယ်ခဲ့သော အလုပ်မဟုတ်သော်လည်း သူ့က ပျော်ရွှင်စေသော အလုပ်တစ်ခု ဖြစ်သည်။

“ ဘုရားသခင်က ကျွန်တော့်ကို ကျွန်တော် လိုချင်တာ မပေးခဲ့ဘူး။ ကျွန်တော် လိုအပ်တာကိုပဲ ပေးခဲ့ တယ်။ ကျွန်တော်က ကရင်လူမျိုးတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခေါင်းဆောင်ဖြစ်ချင်ခဲ့တာ။ အခုတော့ ကျွန်တော်က ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက အနာကြီးရောဂါသည်တွေရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်နေခဲ့ တယ်” ဟု ဦးစောဆေးလ်ဗားကပြောပြသည်။
 
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.