ချင်းတောင်တန်းပေါ်မှ မသန်စွမ်းများ၏ ခက်ခဲသော ဘဝ

ဆင်းရဲပြီး ဖွံ့ဖြိုးမှု မရှိသေးသော ချင်းပြည်နယ်မှ မသန်စွမ်းများမှာ ထောက်ပံ့မှုအနည်းငယ်သာ ရရှိပြီး ပညာရေးနှင့် အလုပ်အကိုင်အတွက် အခွင့်အလမ်းများ နည်းပါးနေကြသည်။ 

ဝင်းဇာနည်အောင်နှင့် ဆလိုင်းသန်းလျံခုပ် ရေးသားသည်။ 

ဧပြီ ၂၇ ရက်နေ့သည် မန်ဆွမ်းပြောင်အတွက် အပျော်ဆုံးနေ့ရက် ဖြစ်ခဲ့သည်။ သူ၏ အသက် ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကားဖြင့် ခရီးသွားခဲ့ရခြင်းကြောင့် ဖြစ်သည်။ 

သူသည် ခြေထောက်များ မသန်စွမ်းဘဲ မွေးဖွားလာသူ ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သော ချင်းပြည်နယ်ရှိ သူနေထိုင်သော ဝေးလံခေါင်သီသော ရွာမှလွဲမှ မည်သည့်နေရာကိုမှ သူမသွားခဲ့ဘူးပေ။ 

“ကျွန်တော် အပြင်ကိုရောက်တော့ လူတွေအများကြီးကို တွေ့ရတယ်။ ကျွန်တော်လည်း သူတို့လို ဖြစ်ချင်တယ်။ သူတို့လို လမ်းလျှောက်နိုင်ချင်တယ်” ဟု သူ၏ ခရီးစဉ်ကို အမှတ်ရစွာဖြင့် သူက ပြောကြားသည်။ 

သူ၏ ပထမဆုံး ခရီးမှာ ၁၀ မိုင်ဝေးသော အိမ်နီးချင်း ကလေးမြို့သို့ သွားရောက်ခြင်းဖြစ်သည်။ Disability Development Initiative က လက်ခံကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန်လည်း ဖြစ်သည်။ ၎င်းအဖွဲ့အစည်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးကို မြင့်တင်ပေးနေသေ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဆွေးနွေးပွဲတွင် ပြောကြားသော အကြောင်းအရာများကို နားလည်အောင် မနည်း ကြိုးစားခဲ့ရသည်ဟုလည်း မန်ဆွမ်းပြောင်က ဆိုသည်။ သို့သော် သူတွေ့ရှိခဲ့ရသော ကမ္ဘာသစ်ကြောင့် ခွန်အားများ ရရှိခဲ့သည်ဟုလည်း ဆိုသည်။ 

သူသည် မြောက်ပိုင်း ချင်းတောင်တန်းများကြား တီးတိန်မြို့ရှိ ရွှံထူသော လမ်းတစ်လမ်းတွင် ဝါးအိမ်လေးဖြင့် နေထိုင်နေသည်။ သူနေထိုင်သော ရပ်ကွက်သည် ၂၀၁၆ ခုနှစ်က မြေပြိုမှုကြောင့် နေရာပြောင်းရွှေ့ရသူများအတွက် နေရာသစ်ဖြစ်သည်။ 

ပြီးခဲ့သည့် သြဂုတ်လတွင် Frontier က သူ့အိမ်ကို ရောက်ရှိသွားခဲ့ချိန်၌ သူက နေအိမ်အတွင်း ဝါးတောင်ဝှေးကို အသုံးပြုပြီး သွားလာနေသည်။ ရှပ်အကျီလက်တိုကို ဝတ်ဆင်ထားပြီး ဘောင်းဘီကို ခါးတွင် ပလတ်စတစ်ကြိုးဖြင့် သိုင်းထားသည်။ 

သူ၏ လည်ပင်းတွင် နေ့စဉ်ဆွဲထားသော ပုတီးက သူသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်သူ ဖြစ်သည်ဟူသည့် အချက်ကို ပြသနေသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များ အများဆုံး နေထိုင်သည့် ဒေသဖြစ်သည်။ ပြည်နယ်၏ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ သူ့ဖခင်ကလည်း သင်းအုပ်ဆရာတစ်ဦးဖြစ်သည်။ သို့သော် မသန်စွမ်းတစ်ဦး ဖြစ်သောကြောင့် မန်ဆွမ်းပြောင်မှာ ဘုရားရှိခိုးကျောင်း တစ်ခါမှ မတက်ရောက်ဖူးပေ။ ရွာမှလည်း အပြင်သို့ မသွားနိုင်သောကြောင့် ပညာလည်း မသင်ရပေ။ 

“ကျွန်တော် တရားဟောတာကို တစ်ခါမှ နားမထောင်ဖူးဘူး။ ခရစ်ယာန် ဘာသာရေး စာအုပ်တွေလည်း မဖတ်နိုင်ဘူး။ ကျောင်းမတက်ဖူးတော့ စာလည်း မဖတ်တတ်ဘူး” ဟု သူက ဆိုသည်။ 

သူ၏ နေ့စဉ် နေ့ရက်များကို ဖခင်နှင့် ညီငယ်အတွက် ထမင်းဟင်း ချက်ပြုတ်ရင်း ကုန်ဆုံးနေသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ နေထိုင်ရသည်မှာ ပျင်းရိညည်းငွေ့သည်ဟု ဆိုသည်။ 

“အဲဒီလို အချိန်ကျရင် တစ်ယောက်ယောက်က လာစကားပြောရင် ကောင်းမယ်လို့ တွေးမိတယ်။ တစ်ခါတစ်လေ မိုက်ကယ်အိမ်ပြန်ရောက်ရင် စကားပြောကြတယ်။ ဒါပေမယ့် သိပ်အများကြီး မပြောကြဘူး” ဟု အသက် ၁၇ နှစ်အရွယ် ညီငယ်ဖြစ်သည့် မိုက်ကယ်ကျင့်ဆွမ်တွောလ်ကို ရည်ညွှန်းပြီး သူက ပြောကြားသည်။ ညီငယ်ဖြစ်သူမှာလည်း သူလိုပင် မသန်စွမ်းတစ်ဦးဖြစ်သည်။

 

ညီငယ်ဖြစ်သူသည် အသက်ငယ်ရွယ်စဉ်တွင် ဆေးထိုးမှားပြီး cerebral palsy ရောဂါကို ရရှိခဲ့သည်။ သို့သော် သူသည် မိသားစု သုံးဦးအနက် အလုပ်လုပ်ကိုင်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူက  ကလေးတက္ကသိုလ်တွင် ပုလင်းခွံ၊ ဘူးခွံများ ကောက်ပြီး အသက်မွေးနေသည်။ 

ငယ်ရွယ်စဉ်ကမူ ပညာသင်နိုင်ရေးအတွက် မိုက်ကယ်တစ်ယောက် အိပ်မက် မက်ခဲ့ဖူးသည်။ သို့သော် သူ၏ မသန်စွမ်းမှုကြောင့် ကျောင်းတွင် စာမလိုက်နိုင်ခဲ့ပေ။ ထို့နောက် ၆ တန်းတွင် သူကျောင်းမှ ထွက်ခဲ့သည်။ DDI ၏ ကူညီထောက်ပံ့မှုဖြင့် ပညာဆက်လက် သင်ကြားနိုင်ခဲ့သော်လည်း ကျောင်းဆက်မနေတော့ပေ။ 

“ကျွန်တော်က သင်ခန်းစာတွေကိုလည်း မမှတ်မိဘူး။ အစပိုင်းကတော့ ကျောင်းမှာ ပျော်တယ်။ အခုတော့ မတက်ချင်တော့ဘူး” ဟု သူက ဆိုသည်။ 

ချင်းပြည်နယ်တွင် မသန်စွမ်းများအတွက် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည်ဟု DDI ၏ ပူးတွဲ ဒါရိုက်တာ ကိုဂျော့ရှုဝါက ပြောသည်။ 

“မသန်စွမ်း တစ်ယောက်က ဘွဲ့ရတယ်ဆိုရင်လည်း အစိုးရ အလုပ်အကိုင် ရရှိဖို့ ခက်ခဲတယ်။ ကျောင်းဆရာ လုပ်ချင်တဲ့ လူတွေဆိုရင်လည်း မဖြစ်နိုင်ဘူး” ဟု ငယ်ရွယ်စဉ်ကတည်းက ပိုလီယို ရောဂါခံစားခဲ့ရသူ ဂျော့ရှုဝါက ပြောသည်။ 

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်း အများဆုံးရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲတွင် ပါဝင်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် ၂ ဒသမ ၃ သန်းသည် မသန်စွမ်းများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ ၃၅,၆၆၉ ဦးသည် ချင်းပြည်နယ်တွင်ဖြစ်ပြီး ပြည်နယ်လူဦးရေ၏ ၇ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်။ ၎င်းသည် လူဦးရေ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းက မသန်စွမ်းများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးနောက် ဒုတိယအများဆုံး ဖြစ်သည်။ 

“မသန်စွမ်းတွေအတွက် အခြေအနေက ချင်းပြည်နယ်မှာ အရမ်းဆိုးတယ်။ သူတို့က သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း မသိကြဘူး။ သူတို့က ကျောင်းလည်း မနေရဘူး။ လူတွေက သူတို့ကို အသုံးမဝင်တဲ့ လူတွေလို့ မြင်ကြတယ်” ဟု ကိုဂျော့ရှုဝါက ပြောသည်။ 

“မသန်းစွမ်တွေက သူတို့ကို ကူညီပေးမယ့် အဖွဲ့အစည်းတွေ ရှိတာကို မသိကြဘူး” ဟုလည်း သူက ဆိုသည်။ မသန်စွမ်းများ အပေါ်တွင် ထားရှိသော အစွဲအလမ်းများကြောင့်လည်း မိသားစုများက ၎င်းတို့မိသားစုထဲတွင် မသန်စွမ်းတစ်ဦး ရှိနေသည်ကို ထုတ်မပြောလိုကြပေ။ 

မသန်စွမ်းများကို ကူညီပေးနေသော အဖွဲ့အစည်းများအနေဖြင့်လည်း ရန်ပုံငွေ မလုံလောက်မှုကြောင့် ထိရောက်စွာ မလုပ်ဆောင်နိုင်ကြောင်းနှင့် အစိုးရ၏ ကူညီထောက်ပံ့မှုလည်း မရှိဟု သူက ပြောကြားသည်။ 

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လူမင်းထန်ကလည်း မသန်စွမ်းများအတွက် အစိုးရ၏ ကူညီထောက်ပံ့မှုများ အားနည်းနေသည်ကို အသိအမှတ်ပြုခဲ့သည်။ အစိုးရက မိခင်များနှင့် ကလေးများအတွက် အာဟာရများ ထောက်ပံ့ပေးထားကြောင်းနှင့် ထိုသို့ ထောက်ပံ့မှုကြောင့် မသန်စွမ်း ကလေးများ မွေးဖွားသည့်နှုန်း ကျဆင်းလာမည်ဟု မျှော်လင့်ကြောင်း သူက ပြောကြားသည်။ 

ထို့ပြင် မသန်စွမ်းသူများ အလွယ်တကူ လှုပ်ရှားသွားလာနိုင်စေရန်အတွက် လမ်းများကို အဆင့်မြင့်တင်ပေးရန်ကိုလည်း အစိုးရထံ အဆိုပြုထားသည်ဟု ဆိုသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်က ချမှတ်ခဲ့သော မြန်မာနိုင်ငံအမျိုးသားအဆင့် လူမှုကာကွယ်ရေး မဟာဗျူဟာစီမံကိန်း )Myanmar National Social Protection Strategic Plan) ၏ အကျိုးရလဒ်များကို မသန်စွမ်းများ ခံစားရနိုင်မည်ဟုလည်း သူက ဆိုသည်။ 

ထိုအစီအစဉ်အောက်တွင် ပြည်ထောင်စု အစိုးရက မသန်စွမ်းများအတွက် ကူညီထောက်ပံ့ရေး စင်တာများ ဖွင့်လှစ်ပေးပြီး မသန်စွမ်းသူများကို တစ်လလျှင် ကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးမည်ဟု ကတိပြုထားသည်။ 

မန်ဆွမ်းပြောင်က အစိုးရ၏ ထိုသို့ ကူညီထောက်ပံ့မှုများကို ကြိုဆိုသော်လည်း ထောက်ပံ့ကြေးကို ရရှိသေးခြင်း မရှိသေးဟုဆိုသည်။ 

သူက စက်ချုပ် အတတ်ပညာကို သင်ကြားလိုပြီး DDI အား တောင်းဆိုခဲ့သည်။ သို့သော် DDI အနေဖြင့် သူ့အား သင်ကြားပေးနိုင်ရန် ရန်ပုံငွေ လိုအပ်နေသည်။ DDI က စက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးနေသော်လည်း ကလေးမြို့မှ အနည်းငယ်အလှမ်းဝေးသည့် ကျေးရွာတွင် နေထိုင်သည့် မန်ဆွမ်းပြောင်အတွက် ကလေးမြို့တွင် နေထိုင်ရေးကိုပါ စီစဉ်ပေးရမည်ဖြစ်သည်။ ထို့အတွက် ရန်ပုံငွေလိုအပ်နေခြင်းလည်း ဖြစ်သည်။

“သူ့ကို ကူညီနိုင်ဖို့ နိုင်ငံခြား ရောက်နေတဲ့ ချင်းလူမျိုး အလှူရှင်တွေကို ရှာဖွေနေပါတယ်” ဟု DDI အတွက် နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ထားသော အသက် ၃၅ နှစ်အရွယ် မနီခွန်ဆောင်က ဆိုသည်။ 

အကူအညီများ မပေးနိုင်မချင်း မိုင်းဆိုင်ပန်၏ အသက် ၇၂ နှစ်အရွယ် ဖခင်ဖြစ်သူသည် သူ၏ သားအတွက် စိတ်ပူနေရဦးမည် ဖြစ်သည်။ 

“အဲဒါကို တွေးမိရင် ညညကျ အိပ်မပျော်ဘူး။ စိတ်ပူတယ်လေ” ဟု သူက Frontier ကို ပြောသည်။ “ကျွန်တော်က သူ့အတွက်လည်း ဘာမှ မလုပ်နိုင်ပေးနိုင်ဘူး။ စိတ်ပူပေးနေရုံပဲ တတ်နိုင်တယ်” ဟု သူက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.