လယ်သမားများနှင့် တက်ကြွလှုပ်ရှားသူများက လယ်ယာမြေဥပဒေများ ပြင်ရန်တောင်းဆို

မြေယာကိစ္စများတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စစ်ဘက်ကို အခွင့်အရေးများ မမျှမတ ပေးထားသည်ဟုဆိုသော ဥပဒေများပြင်ဆင်ရေးအပါအဝင် ဘက်ပေါင်းစုံ မြေယာပြုပြင်ပြောင်းလဲမှုများကို အောက်ခြေအဖွဲ့အစည်းများက ဆောင်ရွက်ပေးစေလိုကြသည်။

ဟိန်းကိုစိုး ရေးသားသည်။

စက်တင်ဘာလဆန်းပိုင်းက မြေယာအသုံးချရေးဥပဒေများက အောက်ခြေလူ့အဖွဲ့အစည်းများအပေါ် ဂယက်ရိုက်ခတ်နေမှုများကို ဆွေးနွေးရန် မန္တလေးတိုင်းဒေသကြီး တောင်ပေါ်မြို့ပြင်ဦးလွင်အနီး၌ ကျင်းပသည့်ကွန်ဖရင့်တွင် လူပေါင်း ၆၀၀ ကျော်ပါဝင်သော တောင်သူလယ်သမားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ရှေ့နေများက ဘက်ပေါင်းစုံ မြေယာဥပဒေပြင်ဆင်မှုများကို ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်က ပင်မမြေယာဥပဒေသုံးရပ်ကို ပြင်ဆင်ရန် စဉ်းစားနေချိန်တွင် ယခုကွန်ဖရင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်က အနီးစခန်းတွင် ကျင်းပသော ကွန်ဖရင့်သို့ တက်ရောက်လာသူတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမည့် မြေယာစီမံခန့်ခွဲမှုမူဝါဒ ပြင်ဆင်ရေးအလားအလာများ၊ လူမျိုးစုများအတွင်း မြေယာအသုံးပြုမှုအစဉ်အလာများ၊ မြေယာသိမ်းယူမှုနှင့် မြေယာပဋိပက္ခများ၊ ဆင်းရဲသားတောင်သူများ၏မြေကွက်များ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများအင်အားစု Action Group for Farmers’ Affairs ၊ Real Image အဖွဲ့၊ မေတ္တာဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ Myanmar Alliance for Transparency and Accountability တို့ပါဝင်သော မြေယာကိစ္စ တက်ကြွလှုပ်ရှားသူ အရပ်ဖက်အဖွဲ့အစည်းများ၏ ထောက်ခံမှုုဖြင့်ကျင်းပသော ကွန်ဖရင့်များအနက် ယင်းမှာ နောက်ဆုံးပြုလုပ်သော ကွန်ဖရင့်ဖြစ်သည်။

ကွန်ဖရင့်တက်လာသူတို့က အသေးစားလယ်ယာမြေပိုင်ရှင်များကို ထိခိုက်စေပြီး စီးပွားရေးလုပ်ငန်းနှင့် စစ်ဖက်ကို အကျိုးပြုနေသည်ဟုဆိုသော ဥပဒေများပြင်ဆင်ရန် အဆိုပြုချက်များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည်။ ထို့ပြင် လူမျိုးစုများက အစဉ်အလာအရ ထိန်းသိမ်းလာခဲ့သော ဓလေ့ထုံးစံနှင့်အညီ မြေယာပိုင်ဆိုင်ခွင့်နှင့် မြေယာစီမံပိုင်ခွင့် အလေ့အကျင့်များကို အသိအမှတ်ပြုနိုင်ရန်အလို့ငှာ အစိုးရနှင့် လွှတ်တော်က ထိုဥပဒေများကို ပြန်လည်ရေးဆွဲရန်လိုကြောင်း ၎င်းတို့ကပြောသည်။

၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အမျိုးသား မြေအသုံးချမူဝါဒ National Land Use Policy တွင် မြေအသုံးချရေးဆိုင်ရာ ရှုပ်ထွေးနေသည့် ဥပဒေမူဘောင်နေရာ၌ “ဓလေ့ထုံးစံအရ မြေလက်ဝယ်ထားရှိပိုင်ခွင့်စနစ်” ကို အသိအမှတ်ပြု ပြဋ္ဌာန်းထားသော အမျိုးသားမြေယာဥပဒေ National Land Law နှင့် လိုက်လျောညီထွေဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးထားသည်။

သို့သော်လည်း ၂၀၁၂ ခု လယ်ယာမြေဥပဒေ 2012 Farmland Act ၊ ၂၀၁၂ ခု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ 2012 Vacant, Fallow and Virgin Law Management Act နှင့်  ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ 1894 Land Acquisition Act တို့နှင့်ပတ်သက်၍ လက်ရှိအဆိုပြုထားသော ပြင်ဆင်ချက်များကို လွှတ်တော်က သီးခြားစဉ်းစားလျက်ရှိပြီး ပေါင်းစည်းပေးမည့်လက္ခဏာ မတွေ့ရသေးပေ။

“တောင်သူလယ်သမားတွေနဲ့ လူမျိုးစုတွေရဲ့မြေယာပိုင်ဆိုင်ခွင့်တွေ အကာအကွယ်ပေးဖို့အတွက် လက်ရှိ မြေယာဥပဒေက လုပ်ကိုင်ရတာ အဆင်မပြေပါဘူး” ဟု ကွန်ဖရင့်ဖြစ်မြောက်ရေး စည်းရုံးသူများတွင် ပါဝင်သူ ဒို့မြေကွန်ရက် Doe Myae Network ခေါင်းဆောင် ကိုစည်သူကပြောသည်။

လယ်သမားများထံ လယ်ယာမြေများပြန်ပေးရန် ပြည်ထောင်စုအစိုးရ၏ ကြိုးပမ်းမှုများနှင့် ပိုမိုဝေးလံခေါင်းပါးသည့်၊ သို့မဟုတ် ပိုမိုဆင်းရဲသည့် တိုင်းနှင့်ဒေသကြီးများအတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်မက်လုံးများပေးခြင်းအပါအဝင် ဖွံ့ဖြိုးမှုမြှင့်တင်ရေး ဆောင်ရွက်ရန်ရည်ရွယ်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြောင်းလဲမှုများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ကွဲလွဲမှုများ မြင့်တက်လျက်ရှိသည်။

“တောင်သူတွေကို ပြန်ပေးထားပြီးသားဆိုတဲ့မြေတွေကို ဒေသဆိုင်ရာ အစိုးရတွေက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုနေတဲ့အတွက် အငြင်းပွားမှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” ဟု ကိုစည်သူကပြောသည်။

မြေယာအသုံးချရေးဥပဒေများကို ပြည့်ပြည့်စုံစုံပြင်ဆင်ရန် ထောက်ခံတင်ပြချက်များပါဝင်သော ကွန်ဖရင့်အစီရင်ခံစာကို အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွားမည်ဖြစ်ကြောင်း သူကပြောသည်။

“ဥပဒေမူကြမ်း ဘယ်လိုရေးဆွဲတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ လယ်ယာမြေ လက်ဝယ်ထားရှိပိုင်ခွင့်တော့ ကျွန်တော်တို့လိုချင်ပါတယ်” ဟု ရှမ်းပြည်နယ်၊ မိုင်းရှူးတွင် လယ်ယာမြေ ငါးဧက ပိုင်ဆိုင်သူ စိုင်းကျော်ခိုင်ကပြောသည်။

“ကျွန်တော် ပြောချင်တာ ပြောခွင့်ရဖို့ ကွန်ဖရင့်လာတက်တာပါ ” ဟု သူက Frontier ကိုပြောသည်။

၂၀၁၂ ခု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို စက်တင်ဘာ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ထိုနေ့မှာပင် သမ္မတဦးဝင်းမြင့်က လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။

ကော်မတီသည် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများကိုဖိတ်ခေါ်ပြီး သူတို့၏အမြင်များကို တောင်းခံခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပူးတွဲဥပဒေမူကြမ်းရေးရာကော်မတီဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းကပြောသည်။

ပြင်ဆင်ချက်များတွင် ပုဂ္ဂလိကမြေယာ တစ်ဦးချင်း အများဆုံးပိုင်ဆိုင်မှုကို ဧက ၅,၀၀၀ မှ ၄,၀၀၀ သို့ လျှော့ချရေးလည်း ပါဝင်သည်။ သို့ရာတွင် အခြေအနေများ တိုးတက်ကောင်းမွန်သည်ထိ ရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်းနိုင်ရန် စီမံကိန်းများစတင်ရမည့် နောက်ဆုံးသတ်မှတ်ရက်ကို ခြောက်လထားရှိခဲ့ရာမှ လေးနှစ်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။

“ဒေသခံလူမျိုးစုများ၏ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာစနစ်များအရ  သတ်မှတ်ထားသည့်မြေယာများကို” ဥပဒေအရ ခွင့်ပြုချက်ဂရန် ရယူခြင်းမှကင်းလွတ်ခွင့်ပေးသောပုဒ်မကို ထပ်တိုးပေးခဲ့သည်။ အကန့်အသတ်များ ရှိနေသည့်တိုင် မြန်မာ့ဥပဒေတွင် ဓလေ့ထုံးစံအရ မြေယာလက်ဝယ်ပိုင်ဆိုင်ခွင့် ပေးခဲ့သည်မှာ ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြားဥပဒေနှစ်ရပ်ဖြစ်သော လယ်ယာမြေဥပဒေနှင့် မြေသိမ်းအက်ဥပဒေတို့ကို ပြင်ဆင်ရန် အဆိုပြုချက်များကို ယခုနှစ်နှောင်းပိုင်း၌စတင်မည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ရာ မြေယာမဲ့တောင်သူများနှင့် သိမ်းဆည်းခံလယ်ယာပိုင်ရှင်များအတွက် အကျိုးရှိနိုင်ကြောင်း ဦးနေမျိုးထွန်းက ပြောသည်။

တည်ဆဲလယ်ယာမြေဥပဒေသည် ဒေသအာဏာပိုင်များက လယ်ယာမြေအငြင်းပွားမှုများ ဖြေရှင်းရာ၌ မြေယာအငြင်းပွားမှု ပိုမိုဖြစ်ပွားအောင် ဦးတည်ပေးလျက်ရှိသည်ကို ရပ်တန့်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သူကပြောသည်။

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ သို့မဟုတ် အစိုးရစီမံကိန်းများအတွက် သိမ်းဆည်းထားသော မြေယာအစိတ်အပိုင်းများကို တောင်သူများအား ပြန်ပေးအပ်ရာတွင် ရှေ့နောက်မညီညွတ်သောကြောင့်  အစိုးရ၊ တပ်မတော်နှင့် အရပ်သားများအကြား ပဋိပက္ခများကို ပိုမိုမြင့်မားစေလျက်ရှိကြောင်း သူကပြောသည်။    

လယ်ယာမြေဥပဒေအရ လယ်ယာစိုက်ပျိုးခွင့် ပုံစံ(၇) ကို မြန်မာနိုင်ငံရှိ သတ်မှတ်လယ်မြေ၏ ၇၀ ရာခိုင်နှုန်းအတွက် ထုတ်ပေးပြီးဖြစ်သည်။ သို့သော်လည်း အငြင်းပွားမှုများမှာ အဆုံးမသတ်သေးပေ။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ယူမှုပိုရှိဖို့ လိုအပ်ပါတယ်။ ပြင်ဆင်ချက်တွေကိုလည်း ကျွန်တော်တို့ထပ်ပြီး ဆောင်ရွက်ဖို့လိုပါတယ်” ဟု သူကပြောသည်။

သို့ရာတွင် တည်ဆဲဥပဒေများ ပြင်ဆင်နေမည့်အစား အရှေ့တောင်အာရှနိုင်ငံများအသင်းမှ အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည် တစ်ခုတည်းသော မြေယာအသုံးချရေး အာဏာပိုင်အဖွဲ့တစ်ဖွဲ့သာ ဖွဲ့စည်းဖို့လိုကြောင်း ကွန်ဖရင့်တက်ရောက်လာသူ မြေယာအခွင့်အရေးအတွက် တကိုယ်တော်တက်ကြွလှုပ်ရှားသူ ကိုမျိုးသန့်ကပြောသည်။

“ဒီနိုင်ငံမှာ တည်ဆဲမြေယာဥပဒေတွေ ပြင်ရုံနဲ့တော့ မြေယာအငြင်းပွားမှုတွေကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။ လူမျိုးစု ဓလေ့ထုံးစံအရ လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် အလေ့အကျင့်များကို အသိအမှတ်ပြုပြီး  တစုတစည်းတည်းရှိနေသည့် အမျိုးသားမြေယာဥပဒေသည် မြန်မာတပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်များ ဖြေရှင်းဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အဓိကကျကြောင်း သူကထပ်မံပြောပြသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မြေယာသိမ်းဆည်းမှုကို ၂၀၁၄ ခု ဒီဇင်ဘာက ရန်ကုန်မြို့တော်ခန်းမအနီး၌ ဆန္ဒထုတ်ဖော်နေသည့် တောင်သူလယ်သမားများ။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.