သီလဝါ အထူးစီးပွားရေးဇုန်၏ ရှယ်ယာများအား ရန်ကုန် စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ်နိုင်တော့မည်

ရန်ကုန်၊ မေ ၉ 

သီလဝါအထူးစီးပွားရေးဇုန်၏ ရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ခွင့် ရရှိသွားပြီဖြစ်သဖြင့် မေ ၂၀ ရက်နေ့မှ စတင်ကာ ရောင်းဝယ်နိုင်တော့မည် ဖြစ်သည်။

“မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက် (MTSH) သည် ၎င်း၏ အစုရှယ်ယာများကို စာရင်းဝင်အဖြစ် တင်သွင်းရန် ရန်ကုန်စတော့အိတ်ချိန်း (YSX) မှ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါသည်” ဟု MTSH က မေ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မေ ၂၀ ရက် တွင် အိတ်ချိန်း ဈေးကွက်စဖွင့်သည့် အချိန်မှစ၍ အစုရှယ်ယာများကို စတင်ရောင်းဝယ်မှု ပြုလုပ်နိုင်မည်ဟု ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာ ရောင်းဝယ်မှုများကို မတ် ၂၅ ရက်တွင် အက်ဖ်အမ်အိုင်ကုမ္ပဏီ၏ အစုရှယ်ယာများ ရောင်းဝယ်ခြင်းဖြင့် စတင်ခဲ့သည်။ ထို့ကြောင့် MTSH သည် စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ ရောင်းဝယ်ရန် ဒုတိယမြောက် စာရင်းဝင်ခွင့်ရရှိသည့် ကုမ္ပဏီဖြစ်လာသည်။

“MTSH ၏ ရှယ်ယာများကို YSX တွင် စာရင်းသွင်းရောင်းဝယ်ခွင့် ရရှိခြင်းသည် ကုမ္ပဏီအနေဖြင့် စီးပွားရေး ချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ရင်းနှီးငွေများ ရရှိမည်ဖြစ်ရာ အစုရှယ်ယာတန်ဖိုးများ စဉ်ဆက်မပြတ် တန်ဖိုးတက်လာမည် ဖြစ်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MTSH ကုမ္ပဏီကို ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အများပိုင် ကုမ္ပဏီတစ်ခုအဖြစ် စီးပွားရေး ကဏ္ဍအသီးသီးမှ အများပိုင် ကုမ္ပဏီကြီးကိုးခုက ကနဦး မတည် တည်ထောင်သူများအဖြစ် ပါဝင် တည်ထောင်ထားသော ကုမ္ပဏီအစုအဖွဲ့တစ်ခုဖြစ်သည်။

ယခုအချိန်တွင် အစုရှယ်ယာရှင်ပေါင်း ၁၆,၇၀၀ ကျော်ရှိလာပြီဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုမ္ပဏီသည် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်ဝန်းကျင်တွင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ရင်းနှီးမြှုပ်နှံသွားမည်ဟုလည်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် သီလဝါဆိပ်ကမ်းအနီးတွင် တည်ရှိပြီး မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံအပါအဝင် အခြားစက်ရုံများ တည်ဆောက်သွားရန် စီစဉ်ထားသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းသွင်းရန် စီစဉ်နေသည့် ကုမ္ပဏီခြောက်ခုခန့် ရှိနေသည့်အတွက် ယခုနှစ်ကုန်ခန့်တွင် စတော့အိတ်ချိန်းလုပ်ငန်းများ ပိုမိုသွက်လက်လာမည်ဟု မျှော်မှန်းထားသည်။

အိတ်ချိန်းစတင်ချိန်မှစ၍ ရှယ်ယာရောင်းဝယ်မှု စုစုပေါင်း တန်ဖိုးမှာ ကျပ် ၃၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆ သန်း)အထိ ရှိပြီဖြစ်သည်ဟု Nikkei Asian Review က ရေးသားထားသည်။

သတင်း- ဆန်းဦး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.