ရန်ကုန်တွင် နိုင်ငံခြားဘဏ်နှစ်ခုက ဘဏ်လုပ်ငန်းရုံးခွဲ ထပ်မံဖွင့်လှစ်

ကိုလိုနီခေတ်က စတင်ကာ မြန်မာနိုင်ငံနှင့် ဆက်နွယ်မှုရှိခဲ့သည့် အိန္ဒိယဘဏ်တစ်ခုနှင့် ထိုင်ဝမ်ဘဏ်တစ်ခုတို့သည် အကန့်အသစ်ဖြင့် ချထားပေးသည့် လိုင်စင်ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း ရုံးခွဲများ ဖွင့်လှစ်လိုက်ကြသည့် နောက်ဆုံးသော နိုင်ငံခြားဘဏ်များ ဖြစ်လာသည်။

ရုံးခွဲဖွင့်လှစ်လိုက်သည့် အိန္ဒိယနိုင်ငံတော်ဘဏ် (The State Bank of India) နှင့် E.Sun Commercial Bank တို့သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြီးခဲ့သည့် မတ်လတွင် ပဏာမ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခဲ့သည့် နိုင်ငံခြားဘဏ်လေးခုတွင် အပါအဝင်ဖြစ်သည်။

အဆိုပါဘဏ်နှစ်ခုက ဘဏ်လုပ်ငန်းရုံးခွဲများကို အောက်တိုဘာ ၃ ရက်နေ့က ဖွင့်လှစ်လိုက်ကြသည့်အတွက် နှစ်နှစ်အတွင်း နှစ်ကြိမ်တိုင် ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားဘဏ်လိုင်စင်များအရ ရုံးခွဲဖွင့်လှစ်လိုက်သည့် နိုင်ငံခြားဘဏ် ၁၃ ခုအထိ ရှိလာပြီဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘဏ်ဖြစ်သည့် SBI က မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ကုန်သွယ်မှုတွင် အရေးပါသည့် ချိတ်ဆက်မှု ပေးနိုင်ရန် မေ ျှာ်လင့်ထားသည်ဟု အိန္ဒိယထုတ် The Hindu နေ့စဉ်သတင်းစာက ရေးသားထားသည်။

ဘဏ်လုပ်ငန်းရုံးခွဲကို ဖွင့်လှစ်ပေးခဲ့သည့် SBI ၏ ဥက္ကဋ္ဌဖြစ်သူ Ms Arundhati Bhattacharya က ဘဏ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးသည် ၁၈၆၁ ခုနှစ်ကတည်းက စတင်ခဲ့သည်ဟု ပြောကြားသည်။ SBI ၏ မူလအမည်ဖြစ်သည့် Bank of Bengal သည် ထိုအချိန်က မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည်။

“နောက်ပိုင်းမှာ ဘဏ်တွေကို ပြည်သူပိုင် သိမ်းလိုက်တဲ့အချိန်မှာတော့ ရန်ကုန်က ဘဏ်ခွဲရဲ့ လုပ်ငန်းတွေကို ဗမာပြည်၊ ပြည်သူ့ဘဏ်အမှတ် (၈) က ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လွှဲပြောင်းယူလိုက်ပါတယ်” ဟု ၎င်းက ပြောကြားသည်ဟု သတင်းစာက ရေးသားထားသည်။

ဗဟိုဘဏ်မှ ပထမဆုံး လိုင်စင်ရရှိခဲ့သည့် ထိုင်ဝမ်ဘဏ်ဖြစ်သော E.Sun Bank သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည့် ပဏာမရွေးချယ်ခံရသော အာရှဘဏ် ၁၈ ခု စာရင်းတွင် ပါဝင်သည့် ထိုင်ဝမ်ဘဏ် ရှစ်ခုအနက် တစ်ခုဖြစ်သည်။

ထိုဘဏ်က ထိုင်ဝမ်နှင့် နိုင်ငံတကာဖောက်သည်များအတွက် ဆောင်ရွက်ပေးရန် ဦးတည်ထားသည်ဟု ထိုင်ဝမ်နိုင်ငံပိုင် Central News Agency က ရေးသားထားသည်။

ပြည်ပဘဏ်များအနေဖြင့် ရုံးခွဲတစ်ခုသာ ဖွင့်ခွင့်ရမည်ဖြစ်သလို လက်လီဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လည်း တားမြစ်ထားသည်။ ထို့ပြင် နိုင်ငံခြားကုမ္ပဏီများထံကိုသာ နိုင်ငံခြားငွေဖြင့် ချေးငွေပေးအပ်ရမည်ဖြစ်ပြီး မြန်မာကုမ္ပဏီများထံ မြန်မာကျပ်ငွေဖြင့် ချေးငွေပေးအပ်မည်ဆိုပါက ပြည်တွင်းဘဏ်များကတစ်ဆင့် ပေးအပ်ရမည်ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် ဦးနေဝင်းအစိုးရက နိုင်ငံပိုင်မသိမ်းမီအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ၁၄ ခုရှိခဲ့ပြီး အရှေ့တောင်အာရှဒေသရှိ အခြားဘဏ်များထက် ပိုမိုများပြားခဲ့သည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.