ရန်ကုန်မြို့တွင်း အများပြည်သူ ပို့ဆောင်ရေးစနစ်သစ်ကို ယခုလလယ်တွင် ယာဉ်ဟောင်းများဖြင့်သာ စတင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်မြို့၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများမှ ယာဉ်ဟောင်းများဖြင့် ယခုလ ၁၅ ရက်နေ့တွင် စတင် ပြေးဆွဲတော့မည်ဟု ရန်ကုန်အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှုး ဒေါက်တာမောင်အောင်က Frontier ကို ယနေ့ ပြောကြားသည်။

မော်တော်ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ဖြင့် ပြေးဆွဲနေပြီး ဝေဖန်မှုများစွာ ကြုံတွေ့နေရသည့် ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ပြုပြင်ပြောင်းလဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက  ကြိုးပမ်းနေခြင်းဖြစ်သည်။ ထိုသို့ပြုပြင်ပြောင်းလဲရာတွင် လက်ရှိယာဉ်လိုင်းများမှ လမ်းကြောင်းတူ ယာဉ်လိုင်းများအား ပေါင်းစီးကာ အများပိုင်ကုမ္ပဏီများအဖြစ် ဖွဲ့စည်းပြီး ပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်သည်။

“ကားဟောင်းတွေနဲ့ပဲ စပြီးတော့ စနစ်တစ်ခုကို အစပြုတဲ့အနေနဲ့ စမှာပါ။ သုံးလလောက်စမ်းသပ်ပြေးဆွဲပြီး ကားသစ်တွေကို တစ်ဖြည်းဖြည်း ထည့်သွားမယ်။ အများပိုင်ကုမ္ပဏီတွေနဲ့ ချက်ချင်းစဖို့က အခက်အခဲတွေ ရှိနေသေးလို့ပါ” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

အများပိုင်ကုမ္ပဏီများကို ကြီးကြပ်သည့် အာဏာပိုင်အဖွဲ့အပြင်၊ ယာဉ်ပိုင်ရှင် ကုမ္ပဏီတည်ထောင်သူများ အားလုံးတွင် မော်တော်ယာဉ်သစ်များအတွက် သဘာဝဓာတ်ငွေ့ ရရှိနိုင်ရေးအပြင် ကားတင်သွင်းနိုင်ရေးစသည့် အခက်အခက်များနှင့် ရင်ဆိုင်နေရသဖြင့် ကားသစ်များဖြင့် ချက်ချင်းပြေးဆွဲနိုင်ရန် အကန့်အသတ် ရှိနေခြင်းဖြစ်သည်ဟု ၄၅ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောကြားသည်။

ယခုလလယ်တွင် တွင် စတင်ပြေးစွဲမည့် ယာဉ်လိုင်းခရီးစဉ် ၅၄ ခု၏ စာရင်းကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

typeof=

typeof=

ထုတ်ပြန်လိုက်သည့် ယာဉ်လိုင်းခရီးစဉ်များကို လက်ရှိ လိုင်းကားများ ပြေးဆွဲနေသည့် လမ်းကြောင်းများအပေါ်တွင် အခြေပြုပြီး လမ်းကြောင်းများ သတ်မှတ်ထားခြင်းဖြစ်သည်ဟုလည်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

စနစ်သစ်ဖြင့် ပြေးဆွဲရာတွင် လက်ရှိပြေးဆွဲနေသည့် ပုံစံများအတိုင်း ပြေးဆွဲမည်ဖြစ်သော်လည်း ပြောင်းလဲမှုတစ်ချို့ဖြင့်လည်း ပြင်ဆင်ပြေးဆွဲရန် လျာထားပြီးဖြစ်သည်ဟု ကိုတရုတ်လေးက ဆိုသည်။

“ရန်ကုန်- အင်းစိန်ကို ဆွဲနေတာ ငါးလိုင်းရှိတယ်ဆိုရင် အားလုံးကိုပေါင်းပြီး တစ်လိုင်းတည်းပြေးမယ်။ အဲဒါဆို လုစရာ မလိုတော့ဘူး။ တိုင်းအစိုးရထုတ်တဲ့ ယာဉ်လမ်းကြောင်းတွေကို ဆွဲချင်သူကလျောက်ပြီး အစိုးရက ပြန်ချပေးမယ့်လိုင်းကို ဆွဲဖို့ပြင်ဆင်နေတယ်” လို့ ၎င်းက ဆိုသည်။

မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်သစ်အတွက် အနာဂတ်အများပိုင်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီနှင့် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီတို့အပါအဝင် အများပိုင်ကုမ္ပဏီ ရှစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ်လျာထားသည်။

ယင်းကုမ္ပဏီရှစ်ခုအောက်တွင် လက်ရှိပြေးဆွဲနေသည့် ယာဉ်ဟောင်းများဖြင့် စတင်ပြေးဆွဲမည်ဟု ဇန်နဝါရီ ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်ဟု အနာဂတ်အများပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၏ အကျိုးဆောင်နာယက ဦးမျိုးဝင်းကဆိုသည်။

“ကားအသစ်တွေက နည်းနည်းပဲရသေးတယ်။ ပိုင်ရှင်တွေက အသစ်ဝယ်နိုင်ဖို့က အခက်အခဲရှိတယ်။ ဘဏ်ချေးငွေရဖို့ကျလည်း အများပိုင်ကုမ္ပဏီကို တရားဝင်အစိုးရက မထုတ်ပြန်ပေးသေးတော့ ချေးမရသေးဘူး။ လက်ရှိတော ကားဟောင်းတွေနဲ့ အဲဒီရက်မှာပြေးမှာပါ” ဟု ၎င်းကပြောသည်။

လက်ရှိကားလမ်းကြောင်းများအပေါ် အခြေခံပြီး လမ်းကြောင်း ၅၄ ခုတွင် လက်ရှိယာဉ်များဖြင့်သာ ပြေးဆွဲဦးမည်ဖြစ်သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦးလုံး ပါဝင်နိုင်ပြီး အများပိုင်စနစ်သို့ အချိန်ယူကာ ပြောင်းလဲရမည်ဟုလည်း ၎င်းကဆိုသည်။

ယခုလ ၁၅ ရက်နေ့၌ စတင်ရာတွင် အများပိုင်ကားများကို စုစည်းပြီး ပြေးဆွဲခြင်းသာဖြစ်ပြီး ၎င်းယာဉ်များအစား ယာဉ်သစ်များကို လုံးဝအစားထိုးပြေးဆွဲနိုင်ပါက အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ထည့်ဝင်ကာ စနစ်တစ်ခုလုံးကို စီမံခန့်ခွဲရန် လျာထားသည်။

လက်ရှိရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လမ်းကြောင်းပေါင်း ၃၃၅ လိုင်းမှ ယာဉ်အစီးရေ ၇,၀၀၀ ကျော်ကို မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ (မထသ) က ကြီးကြပ် ထိန်းသိမ်းနေခြင်းဖြစ်သည်။

အများပိုင်ကုမ္ပဏီများပေါ်ပေါက်လာပြီး ပြေးဆွဲနိုင်ပါက ယင်းကော်မတီကိုဖျက်သိမ်းကာ အများပြည်သူသယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့သို့ ပူးပေါင်းပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည်ဟုလည်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မထသကို အသိပေးထားကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

“ဘယ်အချိန်မှာ ပေါင်းထည့်မလည်းဆိုတာကို မသိသေးပါဘူး။ လက်ရှိတော့ ကျွန်တော်တို့ လက်ရှိပြေးနေတဲ ယာဉ်လိုင်းတွေကို ကြီးကြပ်နေပါတယ်” ဟု ဦးလှအောင်က ပြောသည်။

မထသ၏ ယာဉ်လိုင်းများအပေါ် စီမံကြီးကြပ်မှုနှင့် ပတ်သက်ပြီး ခရီးသွားပြည်သူများအပါအဝင် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သားများကပါ ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အများပိုင်ကုမ္ပဏီများဖွဲ့စည်းပြီး ပြေးဆွဲနိုင်ရေးအတွက်  ရန်ကုန်တိုင်းဒေသကြီးအစိုးရက သြဂုတ်လက စတင်ကာ ကြေညာပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း-ဟိန်းကိုစိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.