နိုင်ငံခြားဘဏ်တွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို တစ်ဆင့်ချင်း ဖြေလျှော့သွားမည်

နေပြည်တော်၊ မေ ၃

မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားဘဏ်တွေအပေါ်မှာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို တစ်ဆင့်ချင်း ဖြေလျှော့ပေးသွားဖို့အတွက် စဉ်းစားထားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က Frontier ကို ပြောပါတယ်။

“ပြည်သူတွေအတွက် အကောင်းဆုံး ထိရောက်မှုကို ဖြစ်စေနိုင်မယ့် ဖြေလျှော့မှုတွေ ဆက်ပြီးလုပ်ဖို့အတွက် စဉ်းစားထားပြီး ဖြစ်ပါတယ်။ များမကြာမီမှာ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ယူဆပါတယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နိုင်ငံခြားဘဏ်လိုင်စင်တွေကို နှစ်ကြိမ်တိုင် ခွင့်ပြုပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ် ၁၃ ခုအထိ ရုံးခွဲဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဘဏ်တွေရဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေကိုတော့ မြန်မာပြည်သူတွေ ခံစားခွင့်မရသေးပါဘူး။

ဒါကြောင့် ဗဟိုဘဏ်က အကန့်အသတ်နဲ့သာ ခွင့်ပြုထားသေးတဲ့ နိုင်ငံခြားဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေ ခံစားခွင့်ရဖို့ အချိန်ဘယ်လောက်ကြာဦးမလဲလို့ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ မတ် ၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Frontier က မေးမြန်းခဲ့တာပါ။

ဦးဆက်အောင်က “နိုင်ငံခြားဘဏ်တွေပေါ်မှာထားရှိတဲ့ ကန့်သတ်ချက်တွေကို အနှေးနဲ့အမြန်ဖွင့်နိုင်ဖို့ အားလုံး တိုင်ပင်နေပါတယ်။ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုကို မပျက်ပြားစေနိုင်တဲ့ ကန့်သတ်ချက် ဖြေလျှော့မှုတွေကို စဉ်းစားထားပါတယ်” လို့လည်း ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားဘဏ်အသစ်တွေ ထပ်ပြီးခွင့်ပြုဖို့ရှိလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းတဲ့အခါ ဦးဆက်အောင်က ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုအပေါ် မူတည်စဉ်းစားမယ်လို့ ပြောပါတယ်။

“ဘဏ်တွေတိုးပြီးဖွင့်မယ်ဆိုရင် ဘယ်လောက်ထိ ပိုတိုးတက်သွားမလဲ။ တိုးတက်တာက တစ်ကျပ်ဖိုး တိုးတက်သွားမယ်၊ ဆုတ်ယုတ်တာ၊ တည်ငြိမ်မှု ပျက်ပြားသွားတာက ၁၀ ဖိုးဖြစ်သွားမယ်ဆိုရင်တော့ နိုင်ငံခြားဘဏ်တွေ ဆက်ခွင့်ပြုပေးဖို့ ခေတ္တဆိုင်းထားရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာကတော့ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုကို စိစစ်နေတုန်းပဲ ရှိပါသေးတယ်” လို့ ဦးဆက်အောင်က ပြန်လည်ဖြေကြားပါတယ်။

ဒါ့အပြင် နိုင်ငံခြားဘဏ်တွေဖွင့်ခွင့်ပြုဖို့ အခြားသောနည်းလမ်းတွေကိုလည်း စဉ်းစားနေပါတယ်လို့ သူက ပြောပါတယ်။

“ဥပမာ တင်ဒါခေါ်တဲ့ပုံစံနဲ့ သေသေချာချာရွေးပြီးမှ ဖွင့်ခွင့်ပေးမှာလား၊ တင်ဒါစနစ်မဟုတ်ဘဲ အရည်အချင်း သတ်မှတ်ထားပြီး ကိုက်ညီတဲ့ဘဏ်တွေကို ခွင့်ပြုမှာလား၊ နိုင်ငံခြားဘဏ်ခွဲတွေကို မြန်မာနိုင်ငံမှာရှိနေတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ တွဲပြီးတော့ Joint-vanture ပေ့ါ။ သူတို့တွေရဲ့ equity share ထဲကို ရှယ်ယာအနေနဲ့ ဝင်ပြီးပါတာပေ့ါ၊ အဲဒါမျိုးလက်ခံမှာလား။ ဒါကနည်းလမ်းတစ်ခုဖြစ်ပါတယ်” လို့ ဦးဆက်အောင်က ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ နိုင်ငံခြားဘဏ်ခွဲဖွင့်ဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံ လျှောက်ထားလာတာမျိုး မရှိသေးဘဲ ကိုယ်စားလှယ်ရုံးဖွင့်ခွင့်သာ လာရောက်လျှောက်ထားနေကြတယ်လို့လည်း သူက ပြောပါတယ်။

ကနေဒါနိုင်ငံ University of Saskatchewan မှာ ဘဏ္ဍာရေးဆိုင်ရာ လက်ထောက်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဦးမင်းသူမောင်ကတော့ နိုင်ငံခြားဘဏ်တွေရဲ့ ဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြု မပေးခင် ပြည်တွင်းဘဏ်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ငွေချေးနိုင်စွမ်းကို တိုးချဲ့ပေးသင့်တယ်လို့ ယခုနှစ် အစောပိုင်းက Frontier ကို ပေးပို့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ထောက်ပြထားပါတယ်။

ရန်ကုန်မြို့မှာ ၂၀၁၆ ခုနှစ်အတွင်းပြုလုပ်တဲ့ မြန်မာနိုင်ငံ၏ ဘဏ်နှင့် ငွေကြေးဆိုင်ရာဆွေးနွေးပွဲမှာတုန်းက တော့  ပြည်တွင်းပုဂ္ဂလိကဘဏ် တာဝန်ရှိသူအချို့က နိုင်ငံခြားဘဏ်တွေနဲ့ လုပ်ပိုင်ခွင့်တွေ တန်းတူရရင် ယှဉ်ပြိုင်ဖို့အတွက် စိုးရိမ်စိတ်မရှိဘူးလို့ ထုတ်ဖော်ပြောကြားဖူးပါတယ်။

ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် ဘိုရှာက “သူတို့(နိုင်ငံခြားဘဏ်တွေ)မှာ ကျွန်တော်တို့လို လိုက်လုပ်နိုင်ဖို့ ခက်ပါတယ်။ သူတို့မှာ ဒေသန္တရဗဟုသုတ ကျွန်တော်တို့လောက်မရှိဘူး။ သူတို့မှာ အောင်မြင်အောင်လုပ်ဖို့အတွက် ကွန်ယက်မရှိပါဘူး။ ကျွန်တော့်အမြင်အရတော့ အကယ်၍ အာဏာပိုင်ဘက်က သူတို့ကို (ဘဏ်လုပ်ငန်းအကုန်)လုပ်ဖို့ ခွင့်ပြုမယ်။ သူတို့ကလည်း လုပ်မယ်ဆိုရင်တောင် ကျွန်တော်တို့က သူတို့ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.