ရင်းနှီးမြုပ်နှံမှုဥပဒေသစ်၏ ပိုမိုရှင်းလင်းမှုကို ပြည်ပ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက ကြိုဆို

မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဥပဒေသစ်ကို ပြည်ပစီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက ယေဘုယျအားဖြင့် အပြုသဘော တုံ့ပြန်လိုက်ကြသည်။ သို့သော်လည်း နိုင်ငံစီးပွားရေး တိုးတက်လာစေရန် နောက်ထပ်ဆောင်ရွက်စရာများ ရှိနေသေးသည်ဟုလည်း ပြောကြားကြသည်။

ပြီးခဲ့သည့် အောက်တိုဘာတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ဧပြီ ၁ ရက်နေ့က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေက ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြုပ်နှံမှုဥပဒေတို့ကို အစားထိုးမည်ဖြစ်သည်။

ယခုဥပဒေတွင် လုပ်ငန်းကဏ္ဍအရေအတွက်၊ မဖွံ့ဖြိုးသောဒေသများတွင် ရင်းနှီးမြုပ်နှံခြင်းအတွက် အခွန်သက်သာခွင့်များနှင့် ဈေးကွက်တွင်း ဝင်ရောက်ရာတွင် လွယ်ကူစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများနှင့် ဆက်ဆံရာတွင် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်အား ပိုမိုကြီးမားသည့် အခန်းကဏ္ဍပေးအပ်ထားခြင်းကဲ့သို့သော အဓိကပြုပြင်ပြောင်းလဲမှုများ ပါဝင်လာသည်ကို တွေ့ရသည်။

“မရေရာတဲ့ ယခင်က စည်းမျဉ်းစည်းကမ်းတွေကို ဖယ်ရှားဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ နောက်ပြီး ပိုမိုရှင်းလင်းမှု ရှိလာအောင် လုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် ခန့်မှန်းနိုင်စွမ်းနဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိလာဖို့လည်း ကြိုးစားခဲ့ပါတယ်” ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေသစ်နှင့် ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းသစ်များက အဟောင်းထက် ပိုမိုကောင်းမွန်ကြောင်း မေ ၃ ရက်နေ့က ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သော ဥပဒေသစ်၏ စည်းမျဉ်းများကို ရှင်းပြသည့် အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ချဉ်းကပ်ပုံနှင့် ပတ်သက်ပြီး ဥပဒေများနှင့် ပေါ်လစီများ အကောင်အထည်ဖော်ရာတွင် နှေးကွေးမှုအပြင် ဆက်သွယ်ရေးစနစ် လုံလောက်မှုမရှိခြင်းက ပြည်ပစီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကို စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

သို့သော် စီးပွားရေးအား ဖြစ်နိုင်သမျှ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် အစိုးရက လိုလားကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

အစိုးရ၏ ပေါ်လစီမှာ ရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံအား ဖွင့်လှစ်ပေးရန်ဖြစ်သည်ဟုဆိုသည်။ အဆိုပါအချက်က “တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်ပင်အရေးပါသည်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဥပဒေသစ်သည် အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှုကြီးတစ်ခုဖြစ်ကြောင်း အစိုးရရေးရာ အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Vriens & Partners ၏ မြန်မာနိုင်ငံရုံးမှ ညွှန်ကြားရေးမှူး မစ္စတာအက်ဒွပ်ကလစ်ဖ်က ပြောကြားသည်။

“ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြုပ်နှံသူတွေ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ စဉ်းစားနေတဲ့သူတွေ စောင့်နေတဲ့ ကျစ်လစ်ခိုင်မာတဲ့ မူဘောင်တစ်ခုကို ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ထို့အပြင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစဉ်များ ပြောင်းလဲမှုများနှင့် ဥပဒေက ပိုမိုရှင်းလင်းလာမှုကို ကြိုဆိုကြောင်းလည်း ၎င်းကပြောကြားသည်။

“ကျွန်တော့အမြင်ကတော့ ကန့်သတ်ထားတဲ့ လုပ်ငန်းကဏ္ဍတွေကို ပြန်လည်သုံးသပ်ထားတဲ့ စာရင်းဖြစ်ပါတယ်။ ဒါက လုပ်ငန်းတွေ အတော်များများအတွက် ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်စေပါတယ်” ဟု ၎င်းက ပြောကြားသည်။

Inle Advisory Group တည်ထောင်သူ မစ္စအေဝင်မာဖီကမူ ဥပဒေသစ်၏ ရှင်းလင်းပြတ်သားမှုများကို ကြိုဆိုခဲ့သော်လည်း တိုင်းပြည်၏ စီးပွားရေးကို ထိခိုင်နေသည့် ပြဿနာကြီးများကိုမူ ဖော်ပြထားခြင်းမရှိဟု ဝေဖန်လိုက်သည်။ ထိုပြဿနာများထဲမှတစ်ခုမှာ အစိုးရကိုယ်ပိုင်ပင်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကန်ထရိုက်စာချုပ်တွေကို စဉ်းစားသုံးသပ် တုံ့ပြန်ဆောင်ရွက်မှုက နှေးကွေးလွန်းပါတယ်” ဟု မာဖီက Frontier ကို ပြောကြားသည်။

“တစ်ခုခုကို အတည်ပြုပေးပြီး လက်မှတ်ထိုးပေးဖို့အတွက် ငါးလအထိ အချိန်မယူသင့်ပါဘူး။ အစိုးရရဲ့ ဦးစားပေးကိစ္စတွေနဲ့ စီမံကိန်းတွေ ဘာတွေလဲဆိုတာနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အကြောင်းကြား အသိပေးသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ရင်းနှိးမြုပ်နှံမှုကော်မရှင် (MIC) ၏ အခန်းကဏ္ဍမြင့်မားလာမှုကြောင့် ဈေးကွက်တွင်း ဝင်ရောက်ရန် ပိုမို လွယ်ကူလာမည် ဖြစ်သော်လည်း 1914 Burma Companies Act ကို အစားထိုးမည့် Myanmar Companies Act မပြဋ္ဌာန်းရသေးသည့်အတွက် စိတ်ပျက်ကြောင်းလည်း မာဖီကဆိုသည်။

အဆိုပါ ဥပေဒနှင့် ပတ်သက်ပြီး မေ ၃ ရက်နေ့က အခမ်းအနားတွင် ဦးအောင်နိုင်ဦးအား မေးမြန်းကြည့်သောအခါ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ပြီး ယခုနှစ်တွင် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် မျှော်လင့်ထားသည်ဟု ၎င်းက ပြန်လည်ဖြေကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.