တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် ကနဦးအဆင့် ဆွေးနွေးနေ

တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးအတွက် ကနဦးအဆင့် ဆွေးနွေးနေသည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်နှင့် ၎င်းတို့ တွေ့ရှိခဲ့သည့် စာရွက်စာတမ်းများကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နှစ်နိုင်ငံအကြား အမျိုးသား လျှပ်စစ်ကွန်ယက်များအချင်းချင်း ချိတ်ဆက်ရန် ပထမဆုံးအကြိမ် ဆွေးနွေးမှုဖြစ်သည်ဟုလည်း ရိုက်တာက သြဂုတ် ၃ ရက်နေ့တွင် ရေးသားထားသည်။

“အစိုးရချင်း ဆွေးနွေးမှုများ” မှာ ကနဦးအဆင့်တွင်သာ ရှိနေသေးသည်ဟု မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် “အသေးစိတ် အချက်အလက်များကို သုံးသပ်နေဆဲ”ဖြစ်သည်ဟု ၎င်းအရာရှိက ပြောကြားသည်။ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အကျွမ်းတဝင်ရှိသည့် အရာရှိနှစ်ဦးအနက် တစ်ဦးဖြစ်သူ ၎င်းက သတင်းဌာနကို ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားလျှပ်စစ်ကွန်ယက်အား တရုတ်နိုင်ငံ ယူနန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိ လျှပ်စစ်ကွန်ယက်နှင့် ချိတ်ဆက်ရန်အတွက် တရုတ်နိုင်ငံပိုင် ကုမ္ပဏီသုံးခုက သီးခြားစီ အဆိုပြုထားသည်ဟု စာရွက်စာတမ်းများနှင့် တာဝန်ရှိသူများကို ကိုးကားကာ ရိုက်တာက ရေးသားထားသည်။

ထိုအဆိုပြုချက်များကို China Electric Power Equipment and Technology Co Ltd၊ China Southern Power Grid Co Ltd နှင့် ၎င်း၏လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည့် Yunnan International Co Ltd. တို့က ပြုလုပ်ထားခြင်းဖြစ်သည်။

စာရွက်စာတမ်းများတွင် ဖော်ပြထားချက်အရ နယ်စပ်ဒေသရှိ မြို့တစ်ခုဖြစ်သော မူဆယ်မှ မန္တလေးတိုင်းဒေသကြီး မိတ္တိလာသို့ ဆက်သွယ်မည့် ဗို့အားမြင့် လျှပ်စစ်ဓာတ်အားလိုင်း ဆက်သွယ်ရန်အတွက် China Electric Power Equipment and Technology နှင့် ပြီးခဲ့သည့်နှစ် မတ်လက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခဲ့သည်ဟု ဆိုသည်။

အဆိုပါ နားလည်မှုစာချွန်လွှာကို ယခုနှစ်မေလတွင် နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့ပြီးနောက် ကီလိုဗို့ ၅၀၀ ဓာတ်အားလိုင်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုများကို စတင်ဆောင်ရွက်ခဲ့သည်။

ယူနန်မှ လျှပ်စစ်ကို ဗို့အားမြင့်ဓာတ်အားလိုင်းဖြင့် ဖြန့်ဖြူးပေးရန် ပါဝင်သည့် အလားတူအစီအစဉ်တစ်ခုကို SCG က ဇွန်လတွင် အဆိုပြုခဲ့သည်ဟုလည်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

တတိယအဆိုပြုချက်ဖြစ်သည့် Yunan International ၏ အဆိုပြုချက်တွင်မူ လက်ရှိဓာတ်အားလိုင်းကို အသုံးပြုကာ မူဆယ်မှတစ်ဆင့် ယူနန်မှ မိတ္တီလာကို ဆက်သွယ်ရန် ပါဝင်သည်ဟု ရိုက်တာက ရေးသားထားသည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိလာပြီးနောက်ပိုင်း ဘေကျင်းရှိ တရုတ်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်နွေးထွေးလာမှုကို ယခုဆွေးနွေးမှုက ပြသနေသည်ဟုလည်း ရေးသားထားသည်။

အရှေ့တောင်အာရှဒေသတွင် တရုတ်၏ အကြီးဆုံးသော ရေအားလျှပ်စစ်စီမံကိန်းဖြစ်လာမည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် မြစ်ဆုံဆည်စီမံကိန်းအား သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတွင် အဖုအထစ်ဖြစ်လာခဲ့သည်။

နှစ်နိုင်ငံသဘောတူညီချက်အရ အဆိုပါဆည်မှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ရမည်ဖြစ်သည်။

စွမ်းအင်သုံးဆွဲမှု သက်သာသည့် စက်မှုလုပ်ငန်းများသို့ ကူးပြောင်းလုပ်ကိုင်မှုနှင့် စီးပွားရေးနှေးကွေးနေမှုကြောင့် ရေအားလျှပ်စစ် စီမံကိန်းများအပေါ် တရုတ်နိုင်ငံ၏ အာသီသရှိမှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း မှိန်လျော့သွားပြီး ယူနန်တွင် လျှပ်စစ်ဓာတ်အား အလျှံအပယ်ဖြစ်စေခဲ့သည်ဟု ရိုက်တာက ရေးသားထားသည်။

ယူနန်တွင် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများ၏ ၈၅ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ရရှိပြီး ပိုလျှံသည့် ဓာတ်အားများကို ပိုမိုတိုးတက်သည့် တရုတ်နိုင်ငံအရှေ့ပိုင်းအပြင် ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို့လည်း ပေးပို့နေသည်ဟု ရေးသားထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.