တိုင်းပြည် ဒေဝါလီခံရနိုင်ဖွယ်ရှိသည့် အခြေအနေမှ NLD အစိုးရ ကယ်တင်ခဲ့ရ

သောမတ်စ်ကင်းန် ရေးသားသည်။

ဦးသိန်းစိန်အစိုးရသက်တမ်း၏ နောက်ပိုင်းကာလများအတွင်း အလွန်အကျွံ သုံးစွဲခဲ့မှုများက နိုင်ငံကို ဒေဝါလီခံရနိုင်သည့် အခြေအနေအထိ ခြိမ်းခြောက်ခဲ့သောကြောင့် လက်ရှိအစိုးရက နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင် ထိန်းသိမ်းနေရသည်ဟု ထိပ်တန်းစီးပွားရေးအကြံပေးတစ်ဦးက ပြောကြားလိုက်သည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာက ငွေဖောင်းပွနှုန်း ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့် အန္တရာယ်ကြီးလှသော ဘဏ္ဍာရေးအခြေအနေတစ်ခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အမွေဆက်ခံခဲ့ရသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အထူးအကြံပေးဖြစ်သူ မစ္စတာ ရှောင်တားနဲလ်က ပြောကြားသည်။

အစိုးရအသုံးစရိတ်တွင် ဖြုန်းတီးမှုများမြင့်မားခြင်းကြောင့် ဘတ်ဂျက်လိုငွေမှာ ဂျီဒီပီ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး လိုအပ်သည့်ငွေကြေးကို ငွေစက္ကူရိုက်နှိပ်ခြင်းဖြင့် ဖြည့်တင်းခဲ့မှုကြောင့် ငွေကြေးဖောင်းပွမှုမှာ ပိုမို မြင့်မားလာခဲ့သည်။ “အခြေခံအားဖြင့် ၂၀၁၄ ခုနှစ်လောက်ကနေစပြီး လေ့လာကြည့်ရင် ကျွန်တော်တို့မြင်ရတာက စီးပွားရေးထဲကို အံ့သြလောက်အောင် ငွေစက္ကူတွေ ပြုံထည့်လိုက်တာပါပဲ” ဟု ၎င်းက နှီးနှောဖလှယ်ပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အဆိုပါပွဲကို “Myanmar’s Economy 2017: Taming Dragons Finding Tigers” ဟုအမည်ပေးထားပြီး ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် သြဂုတ် ၂၇ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

“နိုင်ငံက ဒေဝါလီခံဖို့ ဦးတည်နေခဲ့တယ်လို့ ကျွန်တော်ထင်တယ်” ဟု တားနဲလ်ကဆိုသည်။ ၎င်းသည် Myanmar Development Institute ၏ သုတေသနဒါရိုက်တာလည်း ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လက်ရှိအစိုးရက နောက်ထပ် လုပ်ဆောင်စရာများရှိနေသည်ကို ၎င်းက ဝန်ခံသော်လည်း လက်ရှိတွင် ဂျီဒီပီတိုးနှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာအရ ထိပ်ဆုံးငါးနိုင်ငံအတွင်းသို့ ရောက်ရှိစေခဲ့သည်ဟု တားနဲလ်က ပြောကြားသည်။

အစိုးရသည် ၂၀၁၆-၁၇ ခုနှစ်အတွက် ဘတ်ဂျက်လိုငွေကို မျှော်မှန်းထားသည့်အတိုင်း ၄ ဒသမ ၈ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ အသုံးစရိတ်များ လျှော့ချခြင်းဖြင့် သတ်မှတ်နိုင်ခဲ့သည်။ “ဒါက အမေရိကမှာဆို လမ်းပေါ်ထွက် ခုန်ပေါက် ပျော်ရွှင်လောက်တဲ့ ရလဒ်မျိုးပါ။ ဒါပေမယ့် ဒီမှာတော့ အမှတ်တမဲ့ပဲ ဖြတ်ကျော်ခဲ့တယ်။ အတိုင်းအတာတစ်ခုအထိတော့ သတင်းပေးခဲ့ပါတယ်။ ဒါကတော့ အစိုးရဟာ အသုံးစရိတ်ပစ်မှတ်တွေကို လွဲချော်တယ်ဆိုတာပါပဲ” ဟု တာနဲလ်က ပြောကြားသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရက အသုံးစရိတ်ကို ထပ်မံလျှော့ချခဲ့ပြီးဖြစ်သည်။ “ဒီအတိုင်းတော့ နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရက ဘတ်ဂျက်ကို ပြန်လည်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ရည်ရွယ်ချက် လက္ခဏာကတော့ အလွန်ထင်ရှားပါတယ်” ဟု ၎င်းကပြောသည်။

ထိုအချက်က မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ပေးစွမ်းနိုင်သော်လည်း မိုက်ခရိုစီးပွားရေးအဆင့်တွင်မူ တစ်ခါတစ်ရံ ပိုမိုဆိုးရွားစေသည်ဟု ယူဆရကြောင်း ၎င်းကဆိုသည်။ “အသုံးစရိတ်ချွေတာလိုက်ရင် ရေရှည်မှာ သူတို့အတွက် အကျိုးရှိဦးတာ့ လူတွေကတော့ ကြိုက်မှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အစိုးရသည် မကြာသေးမီလများအတွင်းက အရေးကြီးသည့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများစွာကို စတင် ပြုလုပ်ခဲ့သော်လည်း ၎င်းတို့အား ရှင်းလင်းပြောကြားရာတွင် အားနည်းနေဆဲဖြစ်သည်ဟု တားနဲလ်က ပြောသည်။ ထိုအထဲမှ တစ်ခုမှာ ဘတ်ဂျက်လိုငွေကို မည်ကဲ့သို့ ငွေကြေးဖြည့်ဆည်းနိုင်သည်ကို ကန့်သတ်မည့် ဆုံးဖြတ်ချက်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ထပ်တလဲလဲဆောင်ရွက်နေသော ရိုးရှင်းသည့် နည်းလမ်းဖြစ်သည့် အသုံးစရိတ်ကို ငွေစက္ကူရိုက်နှိပ်ခြင်းဖြင့် ဖုံးကွယ်၍ ရတော့မည် မဟုတ်ပေ။ ထိုသို့လုပ်မည့်အစား အစိုးရက ငွေစုစာချုပ်များ ရောင်းချရမည်ဖြစ်ပြီး အရေးကြီးသည်မှာ ၎င်းတို့အပေါ် ဈေးကွက်ပေါက်ဈေးအတိုင်း အတိုးနှုန်းများ ပေးရန်ဖြစ်သည်။

အစိုးရကလည်း မကြာသေးမီက ပိုမိုတင်းကျပ်သော ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များ၊ ငွေဖြစ်လွယ်မှု အချိုးအစားများ အပါအဝင် ပုဂ္ဂလိကဘဏ်များအတွက် အမျှော်အမြင်ရှိသည့် စည်းကမ်းချက်အသစ်များကို စတင်မိတ်ဆက်ပေးခဲ့သည်။ တားနဲလ်၏ တင်ပြချက်များမှာ အများအားဖြင့် မေခရိုစီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်ကဏ္ဍများနှင့်သာ သက်ဆိုင်ပြီး စီးပွားရေး၏ အခြားနယ်ပယ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်များ မပါဝင်ပေ။

သို့သော်လည်း အစိုးရအနေဖြင့် စီးပွားရေးတိုးတက်မှု အောင်မြင်စေရေးအတွက် နောက်ထပ်ကြိုးစားရန် လိုအပ်ဦးမည်ဟု ၎င်းက ဝန်ခံခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန် “လိုအပ်သည့် အခြေအနေများရှိသော်လည်း လုံလောက်မှု မရှိသေးပဲ ဆောင်ရွက်ရန်လိုအပ်သည့် အခြားအရာများစွာ ရှိနေသေးသည်” ဟု ၎င်းကပြောကြားသည်။

ဗျူရိုကရေစီကို လျှော့ချပြီး အခြေခံအဆောက်အအုံတွင် ရင်းနှီးမြုပ်နှံမှု မြင့်တင်ရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။ “သူတို့ဆောင်ရွက်ဖို့လိုအပ်တဲ့ အကြီးမားဆုံးအရာကတော့ စီးပွားရေး လုပ်ငန်းတွေအပေါ် နှစ် ၅၀ ကြာ အုပ်မိုးနေတဲ့ စည်းကမ်းချက်တပုံတပင်ကို ဖယ်ရှားပေးဖို့ပါ။ တိုးတက်မှုအချို့ ရှိနေတယ်ဆိုပေမယ့် နောက်ထပ်လိုအပ်နေဆဲပါ။ မြန်မာနိုင်ငံက စီၤးပွားရေးလုပ်ငန်းတွေကို ဟန့်တားနှောက်ယှက်နေတဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပစ်လိုက်ဖို့ပါ” ဟု တာနဲလ်ကပြောသည်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ မက်ကွာရီတက္ကသိုလ်၊ စီးပွားရေးပညာဋ္ဌာန၏ တွဲဘက်ပါမောက္ခတစ်ဦးလည်းဖြစ်သူ တာနဲလ်သည် ၂၀၀၉ ခုနှစ်က ထုတ်ဝေခဲ့သည့် Fiery Dragons: Banks, Moneylenders and Microfinance in Burma စာအုပ်ကို ရေးသားသူလည်း ဖြစ်သည်။

NLD အစိုးရသည် စီးပွားရေးကို ဦးစားပေးရန်ပျက်ကွက်သည့်အတွက် စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်း၏ ပြင်းထန်သည့် ဝေဖန်မှုကို ကနဦးတွင် ခံခဲ့ရသည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက စီးပွားရေးအပေါ် အာရုံစိုက်မှု မြင့်မားလာသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လေယာဉ်ပျံတစ်စင်းပျံတက်ရန် အရှိန်ယူသကဲ့သို့ စီးပွားရေးအတွက် ပြင်ဆင်ထားပြီဖြစ်ကြောင်း ဇွန်လက နေပြည်တော်တွင်ပြုလုပ်သည့် စီးပွားရေးဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခုအချိန်တွင် မဖြစ်ပေါ်သေးသော်လည်း တိုးတက်မှုရှိရန် ပုံပေါ်လာပြီဖြစ်သည်။ အစိုးရ၏ ပထမနှစ်အတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့ပြီး ၂၀၁၅-၁၆ တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၁၆-၁၇ တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်ဟု နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) ကဆိုသည်။ သို့သော်လည်း ယခုနှစ်တွင် နောက်တဖန် ပြန်လည်မြင့်တက်ရန် မျှော်လင့်ထားကာ ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု အိုင်အမ်အက်ဖ်က ခန့်မှန်းထားသည်။

သဘောတူစာချုပ်ချုပ်ဆိုထားသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ ၂၀၁၇-၁၈ ခုနှစ်တွင် မြင့်မားပြီး မီဒီယာများ၏ ရေးသားချက်အရ ယခုဘဏ္ဍာနှစ်၏ ပထမလေးလတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က အတည်ပြုထားပြီးဖြစ်သည်။ ယင်းမှာ အစိုးရ၏ ယခုနှစ်အတွက် ပစ်မှတ်ဖြစ်သော ဒေါ်လာ ခြောက်ဘီလျံအတွက် ရှေ့ပြေးနေခြင်းဖြစ်သည်။

ထိုစဉ် ငွေကြေးဖောင်းပွနှုန်းမှာ NLD အစိုးရလက်ထက်တွင် ကျဆင်းနေပြီဖြစ်ပြီး ၂၀၁၇-၁၈ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်းနှင့် ခုနှစ်ရာခိုင်နှုန်းကြား အလယ်အလတ်တွင် ရှိနေမည်ဟု မျှော်လင့်ရသည်။

စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုရန် ယခင်အစိုးရလက်ထက်က အစပြုခဲ့သည့် အရေးကြီးသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများစွာကို လက်ရှိအစိုးရက တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်တစ်ခုကို သက်ဝင်လာစေရန် စည်းမျည်းဥပဒေသစ်များကို ဧပြီလက ပြဋ္ဌာန်းခဲ့ပြီး ပထဝီအနေအထားနှင့် စီးပွားလုပ်ငန်းကဏ္ဍကို လိုက်၍ မက်လုံးပေးသည့် စနစ်သစ်တစ်ခုကို ထူထောင်ခြင်းနှင့် လျှောက်ထားမှုလုပ်ငန်းစဉ်များကို ချောမွေ့စေရန် လုပ်ဆောင်လျက်ရှိသည်။

ထိုလထဲမှာပင် စွမ်းအင်၊ လက်လီအရောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကဏ္ဍများစွာတွင် ပြည်ပရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအတွက် ချမှတ်ထားသည့် တင်းကျပ်မှုများကို အစိုးရက သိသိသာသာ လျှော့ချပေးခဲ့သည်။

၁၉၁၄ ခုနှစ်က ရှိနေသည့် ဥပဒေကို အစားထိုးရန် ကုမ္ပဏီဥပဒေကြမ်းတစ်ခုကို အစိုးရက ဇူလိုင်လတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဥပဒေသစ်ကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူများအနေဖြင့် မြန်မာကုမ္ပဏီများတွင် ရှယ်ယာအနည်းငယ် ထည့်ဝင်နိုင်မည်ဖြစ်ပြီး ကြီးမားသည့် ကုမ္ပဏီများက အုပ်ချုပ်မှုကို ခိုင်မာအောင်ပြုလုပ်နေစဉ်မှာပင် သေးငယ်သည့် ကုမ္ပဏီများအတွက် အစီရင်ခံမှုလုပ်ငန်းစဉ်များကို ချောမွေ့စေမည်ဖြစ်သည်။ ထို့အပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့်လည်း အွန်လိုင်းမှ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.