အနည်းဆုံး အခကြေးငွေကို တစ်ရက် ကျပ် ၄,၈၀၀ အဆိုပြု သတ်မှတ်

အနည်းဆုံး အခကြေးငွေ နှုန်းထားအား တစ်ရက်လျှင် ကျပ် ၄,၈၀ဝ သတ်မှတ်လိုက်ပြီး ကန့်ကွက်လိုပါက ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာပေးပို့နိုင်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ ကိုယ်စားလှယ်၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင်များအပါအဝင် စုစုပေါင်း ၁၉၅ ဦး တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

“အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား ကိုယ်စားလှယ်များမှ ၅,၆၀၀ ကျပ်နှင့် ၆,၆၀၀ ကျပ်ရရှိရေး တောင်းဆိုခဲ့ပြီး အလုပ်ရှင် ကိုယ်စားလှယ်များမှ အနည်းဆုံး ၄,၀၀၀ ကျပ်နှုန်းကိုသာ  လက်ရှိစီးပွားရေးအခြေအနေကို ကြည့်ပြီး စဉ်းစားဆုံးဖြတ်ပေးရန် တင်ပြခဲ့သည်” ဟု အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယမန်နေ့က အစည်းအဝေးတွင် ပြောကြားသည်။

အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက်ကိုယ်စားလှယ်များ၏ တင်ပြချက်များအနက် အလုပ်သမား အဖွဲ့အစည်းများက တင်ပြခဲ့သည့် အလုပ်သမား ၅ ဦးနှင့်အထက် အပါအဝင် အလုပ်သမားများ တောင်းဆိုသည့် အနည်းဆုံးအခကြေးငွေနှုန်းထား ၅,၆၀၀ ကျပ် သတ်မှတ်ပါက မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များ၊ အိမ်တွင်းမှု လုပ်ငန်းများ၊ အသေးစားလုပ်ငန်းများ အခက်အခဲရှိနိုင်သလို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုမှာလည်း အခက်အခဲများစွာ ကြုံနိုင်သည်ဟု ၎င်းကပြောသည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို ဘဏ္ဍာရေးဝန်ကြီးဌာနက တစ်နေ့ ၈ နာရီအတွက် ကျပ် ၃,၆၀ဝ နှုန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ခံစားခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနက် ရုံးအကူဝန်ထမ်း၏ အခြေခံလစာမှာ ၁၂၀,၀၀၀ ကျပ် သတ်မှတ်ထား၍ နေ့တွက်လုပ်ခမှာ ပျမ်းမျှ ၄,၀၀၀ ကျပ်ဖြစ်သည်ဟု ဦးသိန်းဆွေက ဆက်လက်ပြောကြားသည်။

အနည်းဆုံးအခကြေးငွေကို တစ်နာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် ၈ နာရီအတွက် ၄,၈၀၀ ကျပ်နှုန်းသတ်မှတ်ပါက လက်ရှိနိုင်ငံ့ဝန်ထမ်း၊ ရုံးအကူ၏ လစာနှုန်းဖြစ်သည့် တစ်နာရီလျှင် ၅၀၀ ကျပ်နှုန်းဖြင် ၈ နာရီအတွက် ၄,၀၀၀ ကျပ်နှုန်းရှိသည့် တစ်လစာ ၁၂၀,၀၀၀ ကျပ်ထက် တိုးမြှင့် သတ်မှတ်ရန် စဉ်းစားရမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

အနည်းဆုံးနှုန်းထားသည် အလုပ်ရှင်များက ပေးနိုင်မည့် နှုန်းထား ဖြစ်ရန်လိုသကဲ့သို့ အလုပ်သမားများက လက်ခံနိုင်မည့် သင့်လျော်မျှတသော နှုန်းထားဖြစ်ရန်လိုအပ်သည်ဟုလည်း ဦးသိန်းဆွေက ပြောသည်။

အလုပ်သမားများနှင့် အလုပ်ရှင်များအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်နှင့် တာဝန်ရှိမှုတို့ ဆက်စပ်နေမှုကို ဂရုပြုရန်လိုကြောင်းနှင့် ဈေးကွက် စီးပွားရေးအခြေအနေနှင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးကို အလေးထား စဉ်းစားပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် သင့်လျော်မည့် နှုန်းထားတစ်ခု အတည်ပြုနိုင်ရန် အစည်းအဝေးတက်ရောက်လာသူများကို ၎င်းက တိုက်တွန်းခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အဆိုပြု အနည်းဆုံးအခကြေးငွေ နှုန်းထားအား တစ်ရက်လျှင် ၄,၈၀ဝ ကျပ်သတ်မှတ်ခဲ့ပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် အကျုံးဝင်သတ်မှတ်ပေးနိုင်ရေး ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါဆုံးဖြတ်ချက်အား ကန့်ကွက်ရန်ရှိပါက ရက်ပေါင်း ၆၀ အတွင်း ကော်မတီသို့ ကန့်ကွက်လွှာ ပေးပို့နိုင်ကြောင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.