ရန်ကုန်တွင် တည်ဆောက်မည့် ၂၀ ကီလိုမီတာရှည် မိုးပျံလမ်းစီမံကိန်းတွင် IFC က ပါဝင်မည်

ရန်ကုန်မြို့တွင် အရှည် ၂၀ ဒသမ ၅ ကီလိုမီတာရှိပြီး ဖြတ်သန်းခကောက်ခံမည့် မိုးပျံလမ်း ဆောက်လုပ်ရေး စီမံကိန်းအတွက် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)က အကြံဉာဏ်များ ပေးသွားမည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အထိရှိလာမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့ဝင်ဖြစ်သည့် IFC က ကြေညာလိုက်သည်။

စီမံကိန်းအတွက် ဒီဇိုင်းပိုင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အကြံပေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူညီချက်ကို ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု IFC ၏ကြေညာချက်တွင် ဖော်ပြထားသည်။ ဖြတ်သန်းခကောက်မည့် လေးလမ်းသွားလမ်းကို တည်ဆောက်မည့် စီမံကိန်းအတွက် ဦးဆောင်အကြံပေးမည်သူအဖြစ် ဝန်ကြီးဌာနက IFC ကို ခန့်အပ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ငန်းများတွင် IFC အနေဖြင့် သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများကို တာဝန်ယူု လုပ်ဆောင်မည်ဖြစ်သည့်အပြင် စီမံကိန်း အကောင်အထည်ဖော်ရန် အရည်အသွေးပြည့်မီပြီး အတွေ့အကြံရှိသူကို ပုဂ္ဂလိကကဏ္ဍမှ ရွေးချယ်ရန် နိုင်ငံတကာအတိုင်းအတာအထိ ယှဉ်ပြိုင်နိုင်သည့် တင်ဒါတစ်ခုအတွက် မူကြမ်းရေးဆွဲရေးကိုလည်း တာဝန်ယူ လုပ်ဆောင်မည်ဟု IFC ကပြောသည်။

အမြန်လမ်းစီမံကိန်းက တောင်ဘက်ရှိ ရန်ကုန်ဆိပ်ကမ်း၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် မြောက်ဘက်ရှိ ရန်ကုန် နိုင်ငံတကာလေဆိပ်၊ ရန်ကုန်စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အကြား ဆက်သွယ်မှု တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ထားသည်ဟု IFC ကဆိုသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ တောင်-မြောက် ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်တွင် ဆိုးဝါးသည့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ယာဉ်မောင်းနှင်မှုအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာခြင်းနှင့်အတူ  ကုန်ထုတ်လုပ်မှု ပိုမို အားနည်းလာမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကိုလည်း လျော့ကျနိုင်စေမည်ဟု ဖော်ပြထားသည်။

“မြန်မာနိုင်ငံက ဈေးကွက်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ရယူအသုံးပြုမှုတွေ မြင့်တက်လာနေစဉ်မှာပဲ အခြေခံ အဆောက်အအုံမှာ၊ အထူးသဖြင့် အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုက မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

“အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ IFC က ကျယ်ပြန့်တဲ့ အတွေ့အကြုံရှိတာကြောင့် စီမံကိန်းသာ အောင်အောင်မြင်မြင်နဲ့ တင်ဒါခေါ် အကောင်အထည်ဖော်ရင် ရန်ကုန်အတွက် စီစဉ်ထားတဲ့ မြို့တွင်းမြို့ပြင်ကို ပတ်နေတဲ့ လမ်းတွေရဲ့ အခြားအစိတ်အပိုင်းတွေကို အကောင်အထည်ဖော်ဖို့အတွက် နမူနာယူရမယ့် ပုံစံတစ်ခုအဖြစ် အသုံးပြုပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်ရောက်သည်အထိ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံကဏ္ဍအတွက်  ခန့်မှန်းခြေ ဒေါ်လာ ၄၈ ဘီလျံလိုအပ်မည်ဟု IFC ကပြောသည်။

အမြန်လမ်းစီမံကိန်းက ရန်ကုန်၏ လမ်းအခြေခံအဆောက်အအုံတွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုအဖြစ် ဒေါ်လာ သန်း ၃၅၀ မှ ၄၀၀ ကြားလိုအပ်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်မှုက အစိုးရအပေါ် ငွေကြေးအရင်းအနှီးမြုပ်နှံမှု ဝန်ထုတ်ဝန်ပိုးကို လျှော့ချစေနိုင်သည်ဟုလည်း ဆိုသည်။

လေလံအောင်သူအတွက် တင်ဒါကို ၂၀၁၉ ခုနှစ်အစောပိုင်းတွင် ခွင့်ပြုပေးရန် မျှော်လင့်ထားပြီး လမ်းကို နှစ်နှစ်မှ သုံးနှစ်အတွင်း တည်ဆောက်မည်ဟု IFC က ပြောသည်။ “IFC ရဲ့ အကြံပေးမှုနဲ့အတူ စီမံကိန်းကို နိုင်ငံတကာမှာ အကောင်းဆုံး လုပ်ဆောင်သလိုမျိုး တည်ဆောက်သွားမှာပါ။ ဒါဟာ အဆင့်မီတဲ့ ရင်းနှီးမြုပ်နှံသူတွေ ဝင်လာဖို့အတွက် ယှဉ်ပြိုင်နိုင်တဲ့ဈေးကွက်တစ်ခု ဖန်တီးဖို့ပါ” ဟု IFC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာဗစ်ကရမ်ကူမားရ်က ပြောသည်။

မြန်မာနိုင်ငံတွင် အကောင်းဆုံး နိုင်ငံတကာ လုပ်ဆောင်ချက်များအတိုင်း ဆောင်ရွက်မည့် ပထမဆုံးသော အစိုးရ-ပုဂ္ဂလိက (PPP) လမ်းစီမံကိန်းအနေဖြင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် သယ်ယူပို့ဆောင်ရေး PPP လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အစဉ်အလာတစ်ခု ချမှတ်ပေးလိမ့်မည်ဟု ကူးမားရ်ကပြောသည်။

“ဒါ့အပြင် လုပ်ငန်းကဏ္ဍများအကြား စီးပွားရေးလုပ်ငန်းများနဲ့ ပြည်သူများအတွက် ဆက်သွယ်သွားလာရေး တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ကုန်ထုတ်စွမ်းအားကို မြင့်တင်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

စီးပွားရေးမြို့တော်ရန်ကုန်နှင့် ပဲခူးမြို့အနီး တည်ဆောက်ရန် အဆိုပြုထားသည့် ဟံသာဝတီလေဆိပ်အကြား ဆက်သွယ်ပေးမည့် အဝေးပြေးလမ်း စီမံကိန်း၏ အစိတ်အပိုင်းအဖြစ်  မြောက်ဘက်ရှိ မင်္ဂလာဒုံဥယျာဉ်နှင့် ရန်ကုန်မြို့လယ်ကို ချိတ်ဆက်ပေးသည့် ၂၀ ဒသမ ၅ ကီလိုမီတာရှည် လေးလမ်းသွား အမြန်လမ်းတစ်ခုကို ဆောက်လုပ်ရန် အဆိုပြုချက်တစ်ခုကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက လက်ခံရရှိခဲ့သေးသည်။

မြန်မာကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သည့် Capital Diamond Star Group နှင့် တောင်ကိုရီးယား ကုမ္ပဏီများဖြစ်သည့် Lotte E&C နှင့် Halla Corporation တို့က တင်သွင်းခဲ့သည့် အဆိုပြုလွှာတွင် အမြန်လမ်းအတွက် ဒေါ်လာသန်း ၆၂၀ ကုန်ကျမည်ဖြစ်သည်ဟု မြန်မာတိုင်းမ်က ရေးသားခဲ့သည်။

ဟံသာဝတီလေဆိပ်စီမံကိန်းသည် ၁၉၉၂ ခုနှစ်တွင် ပထမဆုံးအဆိုပြုခဲ့ပြီးနောက် ကြန့်ကြာမှုများရှိနေဆဲဖြစ်သည်။ အဓိကအားဖြင့် ဘဏ္ဍာရေးအတွက် စီစဉ်ပြင်ဆင်မှုနှင့် သက်ဆိုင်ကာ ကြန့်ကြာနေခြင်းဖြစ်သည်။

ယခုတည်ဆောက်မည့် မိုးပျံလမ်းအတွက် အဆိုပြုထားသည့် လမ်းကြောင်းမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) ၏ ရန်ကုန်မြို့ပြသယ်သူပို့ဆောင်ရေး စီမံကိန်း (Yangon Urban Transport Plan) တွင် အဆိုပြုထားသော အရှေ့ပတ်လမ်းကြောင်းအတိုင်းသာ ဖြစ်ဖွယ်ရှိသည်ဟု IFC ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.