မြန်မာစီးပွားရေးတွင် တိုးတက်မှုများရှိနေသော်လည်း ကြီးမားသည့် စိန်ခေါ်မှုများရှိနေဆဲဖြစ်

အေအက်ဖ်ပီ

မြန်မာနိုင်ငံတွင် မိသားစုကုမ္ပဏီများ၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ယခင်စစ်အစိုးရလက်ထက်က နောက်ကြောင်းမရှင်းသော ငွေကြေးကွန်ရက်များနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြခြင်းက ကြီးမားသည့် စိန်ခေါ်မှုများဖြစ်နေကြောင်း နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီများကို အသေးစိတ်မှတ်တမ်းတင်ထားသည့် လေ့လာမှုအသစ်တစ်ရပ်တွင် ပြောကြားထားသည်။

မြန်မာ့စီးပွားရေးကို စစ်တပ်ပိုင်ကုမ္ပဏီများနှင့် ခရိုနီအရင်းရှင်အထက်လွှာတစ်စုက ကြီးစိုးထားဆဲဖြစ်ပြီး ထိုသို့ ဖြစ်နေခြင်းမှာလည်း ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်ခဲ့သော နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေး၏ အမွေအနှစ်ဖြစ်သည်။ သို့သော်လည်း အချို့ကုမ္ပဏီများမှာ စိတ်သဘောထားများ စတင်ပြောင်းလဲမှုနှင့်အတူ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ကြိုးစားလျက်ရှိသည်ဟု ပွင့်သစ်စလေ့လာမှုတွင် ဖော်ပြထာားသည်။

မြန်မာနိုင်ငံ၏ တံခါးဖွင့်ပေးမှုနှင့်အတူ ပြည်ပရင်းနှီးမြုပ်နှံသူများကလည်း အကောင်းမြင်မှု၊ မြင့်မားသည့် မျှော်လင့်ချက်များဖြင့် ဈေးကွက်သစ်ဆီသို့ အလုံးအရင်း ဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေမည့် ဥပဒေများကို အားဖြည့်ပြဋ္ဌာန်းမှု ကြန့်ကြာနေခြင်းက ကုမ္ပဏီအများအပြားကို စိတ်ပျက်စေပြီး အထူးသဖြင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများကို စိုးရိမ်စေခဲ့သည်။

ယခုလေ့လာမှုတွင် စာရင်းစစ်သည့်ပုံစံများနှင့် ကျင့်ဝတ်များမှသည် ကုမ္ပဏီတွင် ဝက်ဘ်ဆိုက်တစ်ခုရှိမရှိအထိ အရာအားလုံးကို သတ်မှတ်ချက်စံ ၇၄ ချက်နှင့် တိုက်ဆိုင်စစ်ဆေးကာ မြန်မာအများပိုင်ကုမ္ပဏီ၊ ပုဂ္ဂလိကနှင့် စာရင်းဝင် ကုမ္ပဏီ ၁၈၂ ခုကို အဆင့်သတ်မှတ်ခဲ့သည်။

“တချို့ကုမ္ပဏီတွေကတော့ ဒေသတွင်းမှာ ဦးဆောင်နေပါတယ်” ဟု လေ့လာမှုအား ပူးတွဲရေးသားသူနှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူုပြုဌာန (Myanmar Centre for Responsible Business) ၏ ဒါရိုက်တာ ဗစ်ကီဘိုးမဲန်က ပြောကြားသည်။ “ဒါပေမဲ့ ကျွန်မတို့လေ့လာတဲ့ ကုမ္ပဏီအများစုကတော့ သူတို့ရဲ့ ထိုင်း၊ မလေးရှားနှင့် စင်ကာပူကုမ္ပဏီတွေနဲ့ အဆင့်မတူသေးခင် သွားရမယ့်လမ်းက အဝေးကြီး လိုပါသေးတယ်” ဟု ၎င်းက ပြောကြားသည်။

သြဇာကြီးသော စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခေါ်) ဆာ့ဂျ်ပန်း၏ First Myanmar Investment (FMI) ကုမ္ပဏီက ရမှတ် ၉၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာကို ရရှိခဲ့ပြီး ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းများနှင့် အခြားလုပ်ငန်းများရှိသော ဦးတေဇ၏ Htoo Group က ငါးရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ခရိုနီဝါဒနှင့် ခြစားမှုများရှိနေသည်ဆိုသည့် ကျော်ဇောမှုက မြန်မာနိုင်ငံအပေါ် ဆက်လက်လွှမ်းမိုးနေဆဲဖြစ်ပြီး ကျောက်စိမ်းနှင့် သတ္တုတွင်းလုပ်ငန်းတို့မှာ အခြားလုပ်ငန်းများထက် ပိုမိုဆိုးဝါးလျက်ရှိသည်။

ယခင်စစ်အစိုးရလက်ထက်က ကျင့်သုံးလေ့ရှိသည့် ငြိမ်းချမ်းရေးနှင့် ရခိုင်မြောက်ပိုင်းကိစ္စများကဲ့သို့ အရေးကိစ္စများအတွက် အစိုးရထံ ငွေလှူရန် သူဋ္ဌေးကြီးများကို တွန်းအားပေးသည့်အလေ့အထကို လက်ရှိအစိုးရက ပြန်လည်ကျင့်သုံးနေသည်။

ရခိုင်အကျပ်အတည်းကြောင့် လူပေါင်း ၇၀၀,၀၀၀ ခန့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရာ ယင်းဖြစ်ရပ်မှာ လူမျိုးစုရှင်းလင်းရေးပြုလုပ်ခြင်းဟု ကုလသမဂ္ဂက တံဆိပ်တပ်ထားသည်။ အကျပ်အတည်းကြောင့် အနောက်ကမ္ဘာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှုများ တစ်ကျော့ပြန်လာမည်ကို စိုးရိမ်နေရသည်။

ကျော်ဇောသတင်းရှိသော အန္တရာယ်များကို စီမံခန့်ခွဲခြင်းက အလားအလာရှိသော ရင်းနှီးမြုပ်နံှသူများအတွက် စဉ်းစားပေးမှုတစ်ခု ဖြစ်သည်။

သြဂုတ်လတွင် စတင်သက်ရောက်မည့် ကုမ္ပဏီများဆိုင်ရာဥပဒေသစ်တစ်ခုက နောက်ဆုံးတွင် စီးပွားရေး အခင်းအကျင်းကို ပြောင်းလဲစေမည်ဖြစ်ပြီး ၁၉၁၄ မြန်မာကုမ္ပဏီများ အက်ဥပဒေ၏ နေရာကို အစားထိုးမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများတွင် နိုင်ငံခြားသားများက ၃၅ ရာခိုင်နှုန်းအထိ ဝယ်ယူနိုင်ရန် ခွင့်ပြုထားသည်။

“ဒီမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိတာကတော့ အမှန်ပါ။ နောက်တဖန် ဆက်စပ်တဲ့ အကြောင်းအရာကို စဉ်းစားဖို့လိုပါတယ်။ နောက်ပြီး ခင်ဗျားရဲ့ လုပ်ငန်းပုံစံနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့လိုပါတယ်” ဟု Yever ၏ မန်နေဂျင်းဒါရိုက်တာနှင့် ပူးတွဲလေ့လာမှုစာတမ်းရေးသူ နစ်ကလပ်ဒီလိန်းဂျ်က ပြောကြားသည်။

“အရေးကြီးဆုံးကတော့ သွားနေတဲ့ ဦးတည်ဖက်ကို လေ့လာဖို့ဖြစ်ပြီး လမ်းကြောင်းက အပေါ်ကို ဦးတည်နေပါတယ်။ အတွေးအခေါ်တွေက တရွေ့ရွေ့ ပြောင်းနေပါတယ်။ အချိန်တော့ ယူတာပေါ့” ဟု ၎င်းက ထပ်မံပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.