ရန်ကုန် မိုးပျံ အမြန်လမ်းစီမံကိန်းက ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျဖွယ်ရှိ

သောမတ်စ် ကင်းန်

ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆိုပြုထားသည့် အရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှည် ရန်ကုန်မြို့ပတ် မိုးပျံ အမြန်လမ်း တည်ဆောက်ရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ လိုအပ်ဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များက Frontier ကို ပြောကြားသည်။

ကီလိုမီတာ ၂၀ ဒသမ ၅ ရှည်လျားမည့် မိုးပျံလမ်း တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူမည့်အစီအစဉ်ကို ဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာချက်တွင်မူ စီမံကိန်းအား လေးလမ်းသွား မိုးပျံအမြန်လမ်းအဖြစ် ဖော်ပြထားသည်။

လမ်းမကြီးတည်ဆောက်ရာတွင် ဝင်ထွက်လမ်းများနှင့် အခြားသော နည်းပညာအခြေအနေများအပေါ် မူတည်ပြီး လမ်းအရှည် တစ်ကီလိုမီတာအတွက် ဒေါ်လာ သန်း ၂၀ မှ ၃၀ အထိ ကုန်ကျဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များက ခန့်မှန်းကြသည်။ ထို့ကြောင့် စုစုပေါင်းကုန်ကျငွေမှာ ဒေါ်လာ တစ်ဘီလျံမှ ၁ ဒသမ ၅ ဘီလျံအထိ ရှိလာမည်ဖြစ်သည်။

၂၀ ဒသမ ၅ ကီလိုမီတာ အရှည်ရှိသည့် လမ်းစီမံကိန်းအား ပြီးခဲ့သည့် ဇန်နဝါရီလက ကြေညာစဉ်ကမူ ကုန်ကျစရိတ်ကို ဒေါ်လာ သန်း ၃၅၀ မှ ၄၀၀ ကြား ခန့်မှန်းခဲ့ကြသည်။

ပြီးခဲ့သည့် မေ ၁၈ ရက်နေ့တွင် စီမံကိန်းအတွက် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာများ တင်သွင်းနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ “ဆောက်လုပ်ရေးဝန်ကြီးဌာနသည် စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်း၊ Engineering ပိုင်းဆိုင်ရာကဏ္ဍ၊ ငွေကြေးဆိုင်ရာ ဘဏ္ဍာရေးကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ စီမံကိန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာက ဏ္ဍများအတွက် စီမံကိန်းကို Public Private Partnership (PPP) Concession Agreement အရ စိတ်ပါဝင်စားသော ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေလျက်ရှိပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

စိတ်ဝင်စားမှုလျှောက်လွှာ လက်ခံအပြီးတွင် တင်ဒါခေါ်ယူမှုအား ယခုနှစ်အကုန်ခန့်တွင် စတင်ဖွယ်ရှိသည်။

“စီမံကိန်းအပေါ် ဈေးကွက်ထဲက ဘယ်လောက် စိတ်ဝင်စားမှုရှိတယ်ဆိုတာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ချိန်ဆနိုင်ဖို့အတွက် စိတ်ဝင်စားမှုလျှောက်လွှာ ခေါ်ယူတာက ပထမဆုံးအဆင့်ဖြစ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ ဗီခရမ်ကူးမားက ပြောသည်။ IFC သည် စီမံကိန်းအတွက် ဝန်ကြီးဌာနအား အကြံပြုချက်များ အဓိက ပေးနေသူဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရေးအတွက် စီမံကိန်းနှင့် တင်ဒါအား အပိုင်းများခွဲကာ ဆောင်ရွက်သွားဖွယ် ရှိနေသည်။ တင်ဒါအောင်မြင်သူအား ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ရွေးချယ်ရန် မျှော်လင့်ထားပြီး လမ်းအား နှစ်နှစ်မှ သုံးနှစ်အတွင်း တည်ဆောက်လိမ့်မည်ဟု IFC က အစောပိုင်းတွင် ပြောကြားထားသည်။

“စီမံကိန်းကို အပိုင်းတွေခွဲမလား၊ ဒါမှမဟုတ် တင်ဒါကို အပိုင်းတွေ ခွဲမလားဆိုတာ ဆုံးဖြတ်ပြီးတာနဲ့ စီမံကိန်းနဲ့ တင်ဒါအတွက် အချိန်ကာလကို ဆုံးဖြတ်လိမ့်မှာ ဖြစ်ပါတယ်” ဟု ကူးမားက ပြောသည်။

အရည်အချင်းရှိသည့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန်အတွက် စီမံကိန်းအား နိုင်ငံတကာ ကောင်းမွန်သည့် ကျင့်စဉ်များအတိုင်း ဆောင်ရွက်မည်ဟုလည်း ၎င်းကပြောသည်။

“အမြန်လမ်းစီမံကိန်းက ရန်ကုန်မြို့ လမ်းအခြေခံအဆောက်အဦးအတွက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်းပေါင်းများစွာ ဖြစ်ထွန်းလာစေပါလိမ့်မယ်။ ပြီးတော့ အစိုးရအတွက် ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှု ဝန်ထုတ်ဝန်ပိုးကို လျော့ကျစေပါတယ်” ဟု ကူးမားက ပြောသည်။

အဆိုပါမိုးပျံအမြန်လမ်းက ရန်ကုန်မြို့လယ်၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုံနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့အား ချိတ်ဆက်ပေးရန် မျှော်မှန်းထားသည်။

ရန်ကုန်မြို့တွင်း သွားလာမှုနှင့် ဆက်သွယ်မှုများကို သိသိသာသာ ကောင်းမွန်သွားစေမည်ဖြစ်သည်ဟု ကူးမားက ပြောကြားသည်။ ထို့ပြင် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခွင့်အလမ်းများအတွက် အထောက်အကူဖြစ်စေမည်ဟုလည်း ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.