ဈေးကွက်အတွင်း ရှိပြီး အော်ပရေတာများထက် အခွင့်အရေး ပိုရခြင်းမရှိဟု Mytel ပြော

စီဇံမျိုးကျော်၊ ခိုင်မီမီဝင်း

တပ်မတော်နှင့် ဆက်စပ်နေသည့်အတွက် အခြားအော်ပရေတာများထက် အခွင့်အရေးများ ပိုမိုရရှိနေသည်ဟု ပြင်ပတွင် ထွက်ပေါ်နေသည့် သတင်းများကို Mytel က ငြင်းဆိုလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် StarHigh ကုမ္ပဏီ၏ ရှယ်ယာများ ပါဝင်သော်လည်း တာဝါတိုင်များ ထူထောင်ခြင်းနှင့် ဖိုင်ဘာဆက်ကြောင်းများ ဆက်သွယ်ခြင်းကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားအော်ပရေတာများနည်းတူ အခက်အခဲများ ကြုံတွေ့နေရသည်ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ဇွန် ၂၂ ရက်နေ့က ပြောကြားသည်။

“တပ်မြေကိုတောင် သူများတွေထင်သလို အလွယ်တကူမရဘူး။ သူတို့မှာလဲ လုံခြုံရေး အန္တရာယ်ရှိတဲ့အတွက် နေရာတိုင်း မရဘူး။ ကျန်တဲ့ ပုဂ္ဂလိကပိုင် နေရာတွေဆို ကိုယ့်ဘာသာကို စဉ်းစားကြည့်ပေါ့” ဟု ရန်ကုန်မြို့တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ၎င်းက ပြောကြားသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် Mytel ၏ တာဝါတိုင် ၅,၀၀၀ ခန့်ရှိပြီး ထိုအထဲမှ သုံးရာခိုင်နှုန်းခန့်မှာ တည်ဆောက်စဉ် ကန့်ကွက်မှုများနှင့် ကြုံတွေ့ကာ ရပ်ဆိုင်းလိုက်ရသည်ဟု ဆိုသည်။

ကန့်ကွက်မှု အများဆုံး ကြုံတွေ့ရသည့်နေရာမှာ ကယားပြည်နယ်ဖြစ်ပြီး ရန်ကုန်တိုင်းတွင် ဒုတိယအများဆုံး ဖြစ်သည်။

အင်တာနက်လိုင်းအတွက် ဖိုင်ဘာဆက်ကြောင်းများ ဆက်သွယ်ရာတွင်လည်း ထိုဆက်ကြောင်း ဖြတ်သန်း သွားသည့် မြေနေရာများတွင် ပိုင်ရှင်များနှင့် ညှိနှိုင်းကာ လျှော်ကြေးများ ပေးခဲ့သည်ဟု ဦးဇော်မင်းဦးက ဆိုသည်။    

ထို့ပြင် စာသင်ကျောင်းများ၌ တာဝါတိုင်ထောင်ရာတွင်လည်း သက်ဆိုင်ရာနှင့် ညှိနှိုင်းကာ ငှါးရမ်းခပေးပြီး  တည်ထောင်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် အခြားအော်ပရေတာများထက် ဈေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနေခြင်းမှာမူ ၎င်းတို့ လျှော့ချခွင့်ရှိသည့်အတိုင်းအတာအထိ လျှော့ပြီးရောင်းချနေခြင်းဖြစ်သည်ဟု ဦးဇော်မင်းဦးက ပြောကြားသည်။

“အခြားတိုင်းပြည်တွေမှာလည်း ရှိပါတယ်။ အော်ပရေတာအသစ်ဝင်တယ်ဆိုတာနဲ့ ဈေးလျှော့ခွင့်ရှိပါတယ်။ ဒါက အချိန်အတိုင်းအတာတစ်ခုရှိပါတယ်” ဟု ၎င်းက ပြောသည်။ သို့သော် သက်ဆိုင်ရာက သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုပြီးလျှော့ခွင့်မရှိဟုလည်း ၎င်းက ဆိုသည်။

ဈေးကွက်အတွင်းတွင် အမ်ပီတီ၊ တယ်လီနောနှင့် အူရီဒူးတို့အပြီးတွင် Mytel သည် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည်။

mytel ၏ မိခင်ကုမ္ပဏီဖြစ်တဲ့ Telecom International Myanmar Company Limited သည် မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ရန် Nationwide Telecommunication License ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရရှိခဲ့သည်။

Mytel တွင် မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်းလက်အောက်ရှိ Star High ကုမ္ပဏီက ရင်းနှီးမြုပ်နှံမှု တစ်ခုလုံး၏ ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်း အများပိုင်ကုမ္ပဏီ ၁၁ ခု ပူးပေါင်းထားသည့် Myanmar National Telecom Holding Public လီမိတက်က အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပါဝင်သည်။ ကျန် ၄၉ ရာခိုင်နှုန်းကို ဗီယမ်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel က ပိုင်ဆိုင်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.