မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအား ကူညီပံ့ပိုးရာတွင် မိတ်ဖက်အဖြစ် ကမ္ဘာ့ဘဏ်က ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်မည်

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်အား ပံ့ပိုးကူညီရာတွင် မိတ်ဖက် အဖွဲ့အစည်းတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်ခဲ့သည့် ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

“ငြိမ်းချမ်းသာယာ စည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေး စီမံကိန်းကဲ့သို့ ပံ့ပိုးကူညီမှု အသစ်များဖြင့် ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားမှုရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ဒေသတွေမှာ စီးပွားရေး အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်နိုင်ဖို့ ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်”  ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာက ပြောကြားသည်ဟု ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗစ်တိုးရီးယားကွာကွာသည် ဇူလိုင် ၈ ရက်မှ ၁ဝ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လူမှု အသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ကမ္ဘာ့ဘဏ်၏ လက်ရှိ ပံ့ပိုးကူညီပေးမှုများအပေါ် ဆွေးနွေးသုံးသပ်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ဇူလိုင် ၁ဝ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူများ၊ သံတမန်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများအပြင် အခြား သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့်လည်း တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်းများ အားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေး ဖော်ဆောင်နိုင်ရန်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးက အဓိကကျသည့် အရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အလေးအနက်ထား ဆွေးနွေးခဲ့ပြီး ကမ္ဘာ့ဘဏ်၏ ဘဏ္ဍာရေးနှင့် နည်းပညာ  ပံ့ပိုးကူညီမှုများသည် ထိုအချက်အပေါ် အခြေခံသွားမည်ဟုလည်း ကတိကဝတ်ပြုခဲ့သည်ဟု ဖော်ပြထားသည်။

လာမည့် နှစ်နှစ်အတွင်း ကမ္ဘာ့ဘဏ်၏ ဘဏ္ဍာရေး အကူအညီများဖြင့် ဦးစားပေး ဆောင်ရွက်သင့်သည့် ကဏ္ဍများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ လူမှု အသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်ရေး ဆောင်ရွက်မှုများအပေါ် အဓိက ဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။ ထို့ပြင် ရခိုင်ပြည်နယ်ရှိ လူမှု အသိုင်းအဝိုင်းများ အားလုံး၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးရေးနှင့် တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသူများအတွက် ၎င်းတို့ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုဘေးကင်းစွာ ပြန်လည် ဝင်ရောက်နိုင်မည့် အခြေအနေများ ဖန်တီးပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တတိယအကြိမ် ပင်လုံငြိမ်းချမ်းရေး ညီလာခံ ကျင်းပတော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး၏ အရေးပါမှုများနှင့် စပ်လျဉ်း၍လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗစ်တိုးရီးယားကွာကွာတို့ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပြီးတွင် ကမ္ဘာ့ဘဏ် ဒုက္က္ထဋ္ဌက အမေရိကန်ဒေါ်လာ သန်း ၂ဝဝ နှင့် ၂၅ဝ အထိ ကနဦး ဘဏ္ဍာရေး အကူအညီရရှိနိုင်မည့် ငြိမ်းချမ်းသာယာ စည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေး စီမံကိန်းအား အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းစီမံကိန်းအရ ရပ်ရွာ အသိုင်းအဝိုင်းများတွင် ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ အဓိကျသည့် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ အခြေခံကျသည့် လူမှုဝန်ဆောင်မှုများနှင့် ရုပ်ပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ရပ်ရွာ အသိုင်းအဝိုင်းများ၏ စွမ်းဆောင်ရည်များအား မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသူများအတွက် ၎င်းတို့ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုဘေးကင်းစွာ ပြန်လည် ဝင်ရောက်နိုင်မည့် အခြေအနေများ ဖန်တီးပေးနိုင်ရေး အတွက် ကုလသမဂ္ဂအပါအဝင် အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကမ္ဘာ့ဘဏ်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီမှုများ ပေးသွားနိုင်ရန် ကမ်းလှမ်းခဲ့သည်ဟုဆိုသည်။

ရခိုင်ပြည်နယ် ပြည်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဒေါ်လာ သန်း ၁ဝဝ ပံ့ပိုးမည့် အစီအစဉ်ကိုလည်း ဒုဥက္ကဋ္ဌက ကြေညာခဲ့သည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအတွက် အရေးပါသည့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယနေ့အချိန်အထိ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအသီးသီးတွင် ဒေါ်လာ သန်း ၃,၃ဝဝ နှင့် ညီမျှသည့် ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်ထားသည်။ ထိုအကူအညီများတွင် အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုများအား မြှင့်တင်နိုင်ရေး၊ ပညာရေး၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးစသည့် ကဏ္ဍများ ဖြစ်ကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.