နယ်ခြားစောင့်တပ်၏ ဇိမ်ခံအိမ်ယာစီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

ရဲမွန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ နယ်ခြားစောင့်တပ်နဲ့ တရုတ်တို့ ပူးပေါင်း တည်ဆောက်မယ့် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ တန်ဖိုးရှိတဲ့ မြို့တိုးချဲ့ရေး စီမံကိန်း ပထမအဆင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အတည်ပြုလိုက်ပါတယ်။

ကရင်နယ်ခြားစောင့်တပ်က ဖွဲ့စည်းထားတဲ့ Myanmar Yatai International Holding Group နဲ့ တရုတ်နိုင်ငံက Jilin Yatai Group တို့ဟာ စီမံကိန်းအတွက် ဒေါ်လာ ၂၂ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမဏီများ ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြို့တိုးချဲ့ရေး စီမံကိန်းရဲ့ ပထမအဆင့်အဖြစ် သောင်ရင်းမြစ်ကမ်းဘေး၊ ကုက္ကိုလ်မြိုင်ဒေသက မြေ ၂၅ ဒသမ ၅ ဧကပေါ်မှာ အဆင့်မြင့်အိမ်ယာတွေကို ကုမ္ပဏီက တည်ဆောက်မှာ ဖြစ်တယ်လို့ ဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်မြစန္ဒာက ပြောပါတယ်။ စီမံကိန်းကို ဇူလိုင် ၂၆ ရက်နေ့က အတည်ပြုလိုက်တာပါ။

Myanmar Yatai ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို နယ်ခြားစောင့်တပ်က ပိုင်ဆိုင်မှာဖြစ်ပြီး ကျန်တာကိုတော့ Jilin Yatai က ပိုင်ဆိုင်တယ်လို့ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

စီမံကိန်းတစ်ခုလုံးဟာ နယ်စပ်တစ်လျောက်မှာရှိတဲ့ ဧက ၂,၀၀၀ ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သွားမှာ ဖြစ်တယ်ဆိုတဲ့ အစောပိုင်းက ထွက်ပေါ်နေတဲ့သတင်းကို နယ်ခြားစောင့်တပ် တာဝန်ရှိသူနဲ့ Myanmar Yatai ရဲ့ ဒါရိုက်တာဖြစ်သူ စောမင်းမင်းက အတည်ပြုပါတယ်။ စီမံကိန်းမှာ ဟိုတယ်တစ်လုံး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဈေးဝယ်စင်တာ၊ ပန်းခြံ၊ လူနေအိမ်တွေနဲ့ ဂေါက်ကွင်းတို့ ပါဝင်မှာဖြစ်ပြီး အာရှအဝေးပြေး လမ်းမကြီးနဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

“စီမံကိန်းတစ်ခုလုံးကို ကျွန်တော်တို့ ဆောင်ရွက်ချင်ပေမယ့် ပြည်နယ်အစိုးရက ခွင့်မပြုပါဘူး။ အဲဒါကြောင့် ပထမအဆင့်ကို အရင်စတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ စောမင်းမင်းက ပြောပါတယ်။

ပထမအဆင့်ကို သုံးနှစ်အတွင်း အပြီးတည်ဆောက်ဖို့ Myanmar Yatai က မျှော်လင့်ထားပါတယ်။ ဒါ့အပြင် ဒုတိယအဆင့်အတွက် ခွင့်ပြုချက် မြန်မြန်ရရှိဖို့လည်း မျှော်လင့်နေပါတယ်။ စီမံကိန်းပထမအဆင့်ကို တရုတ်အင်ဂျင်နီယာတွေက တည်ဆောက်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြို့တော်တိုးချဲ့ရေး” စီမံကိန်းရဲ့ နောက်ထပ်အဆင့်တွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှာ သတင်းအချက်အလက်တွေ မရှိဘူးလို့ ဒေါ်မြစန္ဒာက ပြောပါတယ်။

“အဆင့်မြင့်လုံးချင်းအိမ်တွေ တည်ဆောက်ဖို့အတွက်ပဲ သူတို့က တင်ပြထားပါတယ်။ ကျန်တာတွေတော့ ကျွန်မတို့ မသိပါဘူး” လို့ သူမက ပြောပါတယ်။

ဒါပေမယ့် တရုတ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာတော့ မသိဘူးလို့ သူမက ပြောပါတယ်။ “ကျွန်မတို့ စာရွက်စာတမ်းတွေအရ ကမ္ဘောဒီးယား စီးပွားရေးသမားတစ်ဦးက ၆၇ ဒသမ ၆၈ ရာခိုင်နှုန်းနဲ့ မလေးရှား စီးပွားရေးသမားနှစ်ယောက်က ၁၂ ဒသမ ၃၂ ရာခိုင်နှုန်းစီ အသီးသီး ပိုင်ဆိုင်ကြပါတယ်” လို့ ဒေါ်မြစန္ဒာက ပြောပါတယ်။

ဒါပေမယ့် စောမင်းမင်းကတော့ Myanmar Yatai မှာ ပါဝင်တဲ့ နိုင်ငံခြားသား ဒါရိုက်တာသုံးဦးဟာ Jilin Yatai အုပ်စုရဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်လို့ အတည်ပြုပါတယ်။ Jilin Yatai ဟာ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ခြံမြေ၊ ဆေးဝါး၊ ငွေရေးကြေးရေး၊ ကျောက်မီးသွေးနဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။

အဲဒီဒါရိုက်တာတွေဟာ တရုတ်တွေဖြစ်ပေမယ့် တရုတ်နိုင်ငံသားမဟုတ်ပဲ တခြားနိုင်ငံသားတွေ ဖြစ်ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.