လောင်းကစားဥပဒေသစ်၌ ကာစီနိုများ တရားဝင်တည်ထောင် လုပ်ကိုင်ခွင့် ပါဝင်

လောင်းကစားရုံ (ကာစီနို) များအား တရားဝင် တည်ထောင် ဖွင့်လှစ်ခွင့်ပေးမည့် လောင်းကစားဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်၌ သြဂုတ် ၂၁ ရက်နေ့က တင်သွင်းလိုက်သည်။

၁၉၈၆ ခုနှစ်က ပြဌာန်းခဲ့သည့် လောင်းကစားဥပဒေကို ရုပ်သိမ်းပြီး အစားထိုးမည့် ၂၀၁၈ ခုနှစ်၊ လောင်းကစားဥပဒေမူကြမ်းတွင် အခန်း ခြောက်ခန်းနှင့် ပုဒ်မ ၂၃ ခုပါဝင်ပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီက တင်သွင်းလိုက်ခြင်းဖြစ်သည်။

ဥပဒေကြမ်းထဲတွင် နိုင်ငံခြားသားများကိုသာ သီးသန့် လောင်းကစားခွင့်ပြုမည့် ကာစီနိုများ ဖွင့်လှစ်ခွင့်ကိုလည်း ထည့်သွင်းထားသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် သတ်မှတ်ချက်နှင့်အညီ ကာစီနိုများအား စိစစ်ခွင့်ပြုခွင့်ပြုနိုင်မည်ဖြစ်သည်။

သို့သော် ကာစီနိုများအား ယဉ်ကျေးမှုနယ်မြေများတွင် ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် နိုင်ငံခြားသားများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး၊ ဦးကျော်စိုးလင်းက ပြောသည်။

“ကျွန်တော်တို့ ဒီမှာကတော့ ဥပဒေမှာ တခါတည်းရေးထားပါတယ်။ မြန်မာနိုင်ငံသားများကို ခွင့်ပြုမထားပါဘူး။ နိုင်ငံခြားသားတွေကိုပဲ သီးခြားခွင့်ပြုတဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ ခရီးသွားလာရေးအတွက် ရည်ရွယ်တယ်။ နောက်ပြီးတော့ မြန်မာ့စီးပွားရေးအတွက်လည်း ရည်ရွယ်ပြီးတော့ ရေးဆွဲခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“အဓိကတော့ နယ်စပ်တွေမှာ ဖြစ်ဖို့များမယ်လို့တော့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာဖို့ လွယ်ကူတဲ့နေရာတွေ အဓိကထားဖို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ ယဉ်ကျေးမှုနယ်မြေတွေမှာ ဒါမျိုးတွေမပေးဖို့ ရှိပါတယ်။ ပုဂံလိုမျိုး ယဉ်ကျေးမှုနယ်မြေလို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ကာစီနိုတွေ လုံးဝဖွင့်လှစ်ခွင့်မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ကာစီနိုများ တရားဝင်ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိသော်လည်း နယ်စပ်ဒေသများတွင် ကာစီနိုအချို့အား ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကြီးစိုးထားသည့် ဒေသများတွင် ကာစီနိုကြီးများကို ပေါ်ပေါ်ထင်ထင်ပင် ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

ဥပဒေကြမ်းတွင် တရားမဝင် လောင်ကစားအိမ်ဖွင့်လှစ်ပါက ထောင်ဒဏ် တနှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရန် ပြဌာန်းထားသည်။ ထို့ပြင် လောင်းကစားပြုလုပ်သူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ တနှစ်အထိအပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လောင်းကစားခြင်း၊ အားပေးကူညီခြင်း၊ လူစုခြင်းများအား အများဆုံးထောင်ဒဏ် ခြောက်လ၊ သို့မဟုတ် ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ်ကျပ် ၅၀,၀၀၀ အပြင် သက်သေခံပစ္စည်းနှင့် ငွေကိုပါ သိမ်းဆည်းမည်ဟု ဖော်ပြထားသည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က လောင်ကစားမှုအား လုံးဝပိတ်ပစ်ရန် မဖြစ်နိုင်သောကြောင့် စနစ်တကျ ထိန်းကျောင်းခွင့်ပြုရမည်ဟု ပြောကြားသည်။

“လောင်းကစားကို ယတိပြတ် မဖြစ်အောင် ပိတ်ပစ်ဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ဒါဆိုရင် ကျွန်တော်တို့က လုံးဝပိတ်ပင်လို့မရတဲ့ ကိစ္စမျိုးကို ပိတ်ပင်ဖို့အတွက် ဥပဒေပြုတာထက်စာရင် သေသေချာချာ စီမံခန့်ခွဲပြီးတော့မှ ထိခိုက်လွယ်တဲ့လူတွေကို မထိခိုက်အောင် သေသေချာချာ ကာကွယ်တဲ့ စနစ်တွေနဲ့ ထိန်းကျောင်းဖို့၊ လောင်းကစားနဲ့ ပတ်သက်ရင်တော့ ဥပမာ ဒီ ကာစီနိုလိုဟာမျိုးတွေကို ရေရှည်မှာ ဖွင့်သင့်တယ်လို့ စဉ်းစားတယ်။ နောက်တစ်ခုက လောင်းကစားဥပဒေမှာ ထီဟာ လောင်းကစားဥပဒေနဲ့ ညိမညိ ဆိုတာမျိုးတွေ ရှိနေတယ်။ ထီကိုလည်း လောင်းကစားဥပဒေနဲ့ ကင်းလွတ်အောင် ပြင်ချင်တယ်”  ဟု ၎င်းကပြောသည်။

အဆိုပါဥပဒေမူကြမ်းအား လာမည့်ရက်သတ္တပတ်တွင် ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.