ဇေကမ္ဘာရဲ့ ဒေါ်လာသန်း ၅၀၀ တန် တရုတ် ကျောထောက်နောက်ခံပြု စီမံကိန်းကို တပ်မတော် လက်မခံ

ကျော်ရဲလင်း

တရုတ်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာအပါအဝင် သဘောတူညီချက်ပါ အချက်တွေကို ဇေကမ္ဘာက ချိုးဖောက်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာသန်း ၅၀၀ တန် ဘက်စုံ စီမံကိန်းအတွက် မြေငှားရမ်းထားတဲ့ သဘောတူညီချက်ကို ပယ်ဖျက်မယ်လို့ တပ်မတော်က ပြောကြားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးခင်ရွှေပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တောင်ကုန်းမြင့်ပေါ်မှာ တည်ရှိပြီး တပ်မတော်က ပိုင်ဆိုင်တဲ့ အဲဒီမြေ ၁၃ ဧကခန့်ပေါ်မှာ အထပ်မြင့် အဆောက်အဦး ၁၂ ခု တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြောင့် စီမံကိန်းလုပ်ငန်းတွေဟာ ယခုနှစ်အစောပိုင်းကတည်းက ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။ ၃၈၂ ပေကနေ ၄၁၂ ပေအထိ မြင့်မယ့် အဆောက်အဦးတွေဟာ ရန်ကုန်မြို့တော်ရဲ့ အထပ်မြင့်အဆောက်အဦးတွေကို ကန့်သတ်ထားတဲ့ ဇုန်အတွင်းကျရောက်နေပြီး ရွှေတိဂုံစေတီတော်ကြီးရဲ့ မြင်ကွင်းကို ဖုံးကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တော်ဝန်နေထိုင်ခဲ့တဲ့ နေအိမ်နဲ့ ဧည့်ရိပ်သာလို သမိုင်းဝင်အဆောက်အဦးတွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ စီမံကိန်းဘေးမှာ တည်ရှိပြီး ရန်ကုန် ရှစ်မြို့နယ်ကို ရေပေးဝေနေတဲ့ ကုက္ကိုင်းရေလှောင်ကန် ကြံ့ခိုင်မှုကိုလည်း တည်ဆောက်ရေးလုပ်ငန်းတွေက အန္တရာယ်ပြုမှာကို စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် စီမံကိန်းဝင်းထဲမှာရှိတဲ့ ရန်ကုန်မြို့ပြအမွေအနှစ် စာရင်းဝင် ရှေးဟောင်း အဆောက်အဦးတွေဟာ ဖြိုဖျက်ခံထားရပြီး ဖြစ်ပါတယ်။

“MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်) နဲ့ မြေငှားရမ်းသူရဲ့ ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းလက်ရာ စာရင်းဝင် အဆောက်အဦနှစ်လုံးနဲ့ အခြားအဆောက်အဦးနှစ်လုံးကို ဖြိုဖျက်ပြီး ရုံးနှင့် စီမံကိန်း အဆောက်အဦးသစ်တွေ ဆောက်လုပ်တာ၊ ခွင့်ပြုထားတာမရှိဘဲ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သတင်းတွေကို ဖော်ပြခဲ့တာတွေဟာ M.O.A (သဘောတူညီချက်) ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက် ဆောင်ရွက်ခဲ့တာဖြစ်လို့ ဇေကမ္ဘာကုမ္ပဏီကို မြေငှားရမ်းမှု ရပ်ဆိုင်းဆောင်ရွက်ဖို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်” လို့ တပ်မြို့ စည်ပင်၊ ရန်ကုန်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမိုးမင်းဝင်းက အောက်တိုဘာ ၃ ရက်နေ့မှာ ပြောပါတယ်။ တပ်မြို့စည်ပင်ဟာ တပ်မတော်ပိုင် မြေယာတွေကို စီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မြရိပ်ညိုဟိုတယ်မြေနေရာဖြစ်တဲ့ အဲဒီနေရာမှာ BOT စနစ်နဲ့ စီမံကိန်းဆောင်ရွက်ဖို့အတွက် မြေပိုင်ရှင်ဖြစ်တဲ့ တပ်မတော်နဲ့ ဇေကမ္ဘာတို့ဟာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ကြိုတင်သဘောတူညီမှု မှတ်တမ်းလွှာ (MOA) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့် MOA မှာ ဖော်ပြထားတဲ့အတိုင်း BOT စာချုပ်ကို ချုပ်ဆိုနိုင်ခြင်း မရှိသေးသလို မြေငှားရမ်းခတွေ ပေးသွင်းဖို့လည်း ဇေကမ္ဘာဘက်က ပျက်ကွက်ခဲ့တယ်လို့ ဦးမိုးမင်းဝင်းက ပြောပါတယ်။

“မြေအသုံးချခနဲ့ ကြားကာလမြေငှားရမ်းခတွေ ပေးသွင်းမှုမရှိတာကြောင့်လည်း နိုင်ငံတော်ဘဏ္ဍာရရှိမှု နစ်နာခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

သဘောတူညီချက်အရ မြေအသုံးချ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းကို နှစ်နှစ်ခွဲအတွင်း ငါးကြိမ်ခွဲပေးသွင်းရမှာဖြစ်ပေမယ့် နှစ်ကြိမ်အတွက် ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းပဲ ပေးသွင်းခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ဒေါ်လာ ၂၄ ဒသမ ၈၂၉  သန်းကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အပြီးသတ် ပေးသွင်းရမှာ ဖြစ်ပေမယ့် ယနေ့အချိန်အထိ ပေးသွင်းမှုမရှိသေးဘူးလို့ ဦးမိုးမင်းဝင်းက ပြောပါတယ်။

သဘောတူညီချက်အရ ဇေကမ္ဘာအနေနဲ့ မြေသားစမ်းသပ်မှုသာ လုပ်ဆောင်ရမှာဖြစ်ပေမယ့် ရှိပြီးသား အဆောက်အဦးတွေ ဖြိုဖျက်တာအပါအဝင် တည်ဆောက်ရေး လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

“အဲဒါကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ထားဖို့ ၂၀၁၈ ခုနှစ်၊ မေ ၁၀ ရက်နေ့မှာ ဇေကမ္ဘာထံ သတိပေးစာ ပို့ခဲ့ပါတယ်” လို့ ဦးမိုးမင်းဝင်းက ပြောပါတယ်။ ဒါ့အပြင် စီမံကိန်းကို ဆက်လက်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ အကြောင်းကြားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မေ ၂၁ ရက်နေ့မှာတော့ ဦးခင်ရွှေက သူနဲ့ ဆွေမျိုးတော်စပ်တဲ့ သူရဦးရွှေမန်းထံကို အကူအညီ တောင်းခံခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သူရဦးရွှေမန်းဟာ အရေးပါတဲ့ လွှတ်တော်ကော်မရှင်တစ်ခုကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

အဲဒီလအတွင်းမှာပဲ Frontier နဲ့ တွေ့ဆုံစဉ်မှာ ဦးခင်ရွှေက မြေငှားရမ်းမှုဆိုင်ရာ သတ်မှတ်ချက်တွေအရ ဇေကမ္ဘာအနေနဲ့ ဖက်စပ်လုပ်ကိုင်ခွင့်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Yangon New World လိုပအမည်ပေးထားတဲ့ ဒီစီမံကိန်းကို တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း (China State Construction Engineering Corporation) နဲ့ ပူးပေါင်းပြီး တည်ဆောက်သွားမယ်လို့ ဦးခင်ရွှေက ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ တပ်မတော်က အခုလို မြေငှားရမ်းမှုကို ရပ်ဆိုင်းလိုက်တာပါ။ မကြာသေးမီက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဟူနန်ဒေသရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ စီမံကိန်းနေရာကို သွားရောက်ကြည့်ရှု့ခဲ့ပါသေးတယ်။

Yangon New World စီမံကိန်းကို ဇေကမ္ဘာနဲ့ ပူးပေါင်းကာ CCEC အကောင်အထည်ဖော်သွားမယ်လို့ ဦးခင်ရွှေက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဇေကမ္ဘာက ၄၀ ရာခိုင်နှုန်းနဲ့ တရုတ်ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံသွားမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်တာဟာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဦးမိုးမင်းဝင်းက ပြောပါတယ်။ အဲဒါကြောင့် မြေငှားရမ်းမှုကို ရပ်ဆိုင်းဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဦးခင်ရွှေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ Frontier က ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.