ကိုယ်ကျိုးစီးပွား ကာကွယ်မှုနှင့် ရန်ကုန်က နိုင်ငံခြားအရက် ပိတ်ပင်မှု

ကျော်ရဲလင်း ရေးသားသည်။

ပြည်တွင်းထုတ်လုပ်သူများက ကန့်ကွက်လာကြပြီးနောက်ပိုင်း နိုင်ခြားအရက် ရောင်းချမှု ကန့်သတ်ချက်သစ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တရားဝင် တင်သွင်းထားကြောင်း အထောက်အထား မပြသနိုင်ပါက နိုင်ငံခြားအရက်များ ရောင်းချခွင့် ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ပြီးခဲ့သည့်လနှောင်းပိုင်းတွင် အရက်ရောင်းချခွင့် လိုင်စင်ရ လက်လီနှင့် လက်ကားသမားများကို ပြောကြားခဲ့ပြီး လိုက်နာရန် ပျက်ကွက်ပါက ထောင်ဒဏ် အပြစ်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။ နိုင်ငံခြားအရက်တင်သွင်းခွင့်ကို ဆယ်စုနှစ်တစ်ခုကြာ ပိတ်ပင်ထားသည့်အတွက် စတိုးဆိုင်များအနေဖြင့် ထိုညွှန်ကြားချက်ရရှိအပြီးတွင် ပြည်ပအရက်များ လုံးဝ ရောင်းချနိုင်ခြင်းမရှိတော့ပေ။

ရန်ကုန်တိုင်းဒေသကြီးရှိ စတိုးဆိုင်များတွင် နိုင်ငံခြားအရက် ရောင်းချမှုနှင့်ပတ်သက်၍ ပြည်တွင်းထုတ်လုပ်သူများ၏ တိုင်တန်းမှုများကြောင့် ယခုကဲ့သို့ နှိမ်နင်းမှုများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဦးစီးဌာနအကြီးအကဲ ဦးမြင့်ချိုက ပြောသည်။

“တရားမဝင် တင်သွင်းလာတဲ့အရက်တွေက ဈေးနည်းနည်းနဲ့ ရောင်းတော့ ပြည်တွင်းထုတ်လုပ်သူတွေအတွက် မကောင်းဘူးပေါ့။ ပြီးတော့ ဘယ်ဟာကအတု၊ ဘယ်ဟာကအစစ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ” ဟု ၎င်းကပြောသည်။

သွင်းကုန်ပိတ်ပင်မှုကို လျှော့ပေါ့ပေးခြင်းအား ဆန့်ကျင်သူများတွင် International Beverages Trading Company Group ၏ ပိုင်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သူ ယမကာလုပ်ငန်းရှင် ဦးအောင်မျိုးကျော်လည်း ပါဝင်သည်။ ၂၀၁၄ ခုနှစ်က လေ့ လာချက်အရ သူ၏ကုမ္ပဏီသည် ပြည်တွင်း ဝီစကီဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုန်းကို ရရှိထားပြီး တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကိုရရှိကာ ဈေးကွက်ကို လွှမ်းမိုးထားသည်။

သြဂုတ်လနှောင်းပိုင်းက နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန်၌ ဦးအောင်မိုးကျော်က ထိုပြဿနာကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ချိုက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးအောင်မိုးကျော်ကိုသော်လည်းကောင်း၊ ၎င်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်း (MLA) ကိုသော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

ကုန်သွယ်မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Frontier ကို ပြောကြားချက်အရ တရားမဝင် တင်သွင်းမှုများနှင့် ပတ်သက်ပြီး ပြည်တွင်းရှိ ဦးဆောင် ထုတ်လုပ်သူများက အစိုးရတာဝန်ရှိသူများနှင့် မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“နိုင်ငံခြားအရက် မှောင်ခိုတင်သွင်းမှု အဆမတန် ဖြစ်ပေါ်နေပြီး ပြည်တွင်းထုတ်လုပ်သူတွေကို ဒုက္ခပေး  နေတယ်လို့ သူတို့က ရှင်းပြပါတယ်။ နိုင်ငံခြားအရက်ကို တင်သွင်းခွင့်ပေးရင် အစိုးရအတွက် အခွန်တွေအများကြီးရ မယ်ဆိုတာကို လက်ခံပေမယ့် မြန်မာလူမျိုးတွေ အလုပ်အကိုင်ရရှိရေးကို အလေးပေးဆောင်ရွက်ချင်တယ်ဆိုရင် ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ရပါမယ်လို့လည်း သူတို့က ပြောပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ပိတ်ပင်မှုက မှောင်ခိုဈေးကွက်ကို ဖန်တီးနေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရက်တင်ပို့မှု အများစုကို ၁၉၉၅ ခုနှစ်မှစ၍ ပိတ်ပင် ထားခဲ့သော်လည်း မှောင်ခိုဈေးကွက် ကြီးထွားနေသည့်အတွက် ရန်ကုန်နှင့် အခြားမြို့များ၌ ပြည်ပအမှတ်တံဆိပ် အရက်များကို အမြဲတမ်း အလွယ်တကူ ဝယ်ယူနိုင်ခဲ့သည်။

ဈေးကွက်အတွင်း ရောက်ရှိလာသော နိုင်ငံခြားအရက်အများစုမှာ နယ်စပ်ဒေသဝင်ပေါက်များမှ ဝင်ရောက်လာဟု ယူဆရသည်။ အချို့မှာမူ ဟိုတယ်များ၊ ယခင်က ပြည်တွင်းဖြန့်ဖြူးသူများထံ အလုံးအရင်းဖြင့် ရောင်းချနေသော အခွန်လွတ်ဆိုင်များက တင်သွင်းလာခြင်းဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးသည့် FL-12 လိုင်စင် ကိုင်ဆောင်သူများအနေဖြင့် ပြည်ပမှ တင်သွင်း လာသော အရက်များကို ရောင်းချခွင့်ပြုထားပြီး မကြာသေးမီ အချိန်အထိ တရားဝင် တင်သွင်းထားကြောင်း သက်သေပြရန် မလိုအပ်ခဲ့ပေ။

သို့သော် စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၌ FL-12 လိုင်စင်ကိုင်ဆောင်ထားသူများကို ခေါ်ယူတွေ့ဆုံခဲ့သည်။ ထို့နောက် တရားမဝင် တင်သွင်းလာသော အရက်များကို ရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် သုံးနှစ် ကျခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ၎င်းတို့အား ပြောကြားခဲ့သည်။

ထိုသို့ သတိပေးခံရပြီးနောက်တွင် ဆိုင်အများစုက ၎င်းတို့၏ လက်ကျန်ပုလင်းများကို စင်များပေါ်မှ ဖယ်ရှားလိုက်ကြသည်။ ထို့နောက် ယုံကြည်စိတ်ချရသည့် ဖောက်သည်များထံကိုသာ လက်သိပ်ထိုး ရောင်းချေပေးနေကြသည်။ 

FL-12 လိုင်စင်များကို ဖျက်သိမ်းခြင်းမပြုသော်လည်း တရားဝင်တင်သွင်းသော အရက်များကိုမရနိုင်သောကြောင့် လိုင်စင်များမှာ ယခုအခါ မထိရောက်တော့ကြောင်း ဦးမြင့်ချိုကပြောသည်။

“အခုလောလောဆယ်မှာ အစိုးရက အခွန်လွတ်ဆိုင်တွေနဲ့ ဟိုတယ်တွေကိုသာ (နိုင်ငံခြားအရက်) တင်သွင်းခွင့် ပေးထားပါတယ်။ ဒါကြောင့် အခွန်လွတ်ဆိုင်တွေနဲ့ ဟိုတယ်တွေလွဲရင် နိုင်ခြားအရက်ရောင်းဝယ်မှုမှန်သမျှ တရားမဝင်တဲ့အတွက် အဖမ်းခံရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ အရေးယူဆောင်ရွက်မှုကို ရန်ကုန်တစ်ခုတည်းတွင်သာ ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဦးဖျားဖျား ဆောင်ရွက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

“ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နားလည်တာကတော့ အတု၊ ဒါမှမဟုတ် FDA (အစားအသောက်နဲ့ ဆေးဝါးစစ်ဆေးမှုဌာန) က ခွင့်ပြုမထားတဲ့ နိုင်ငံခြားအရက်တွေ ရောင်းဝယ်မှု ကြီးထွားနေတယ်ဆိုတာပါပဲ” ဟု ၎င်းကပြောသည်။

သို့သော် စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်သတ်ချက်များ ထုတ်ပြန်ရန် အစီအစဉ်မရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ မူဝါဒဌာနစိတ်ကို ဦးဆောင်သူ ဦးသက်နိုင်က ပြောသည်။  

“ဒါကတော့ သက်ဆိုင်ရာ ဒေသဆိုင်ရာအစိုးရတွေရဲ့ မူဝါဒတွေအပေါ်မှာ မူတည်ပါတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ FDA ရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ၎င်းတို့ဌာနအနေဖြင့် ထုတ်ကုန်များကို အတုဟုတ်မဟုတ် စစ်ဆေးပေးနိုင်ခြင်းမရှိဟု ပြောသည်။

“ဥပမာ ပစ္စည်းက ဂျော်နီဝေါ့ကားစစ်မစစ် ကျွန်တော်တို့က စမ်းသပ်မပေးပါဘူး။ ကျွန်တော်တို့က အရက် ဟုတ်မဟုတ် ဆိုတာကိုပဲ စစ်ပေးတာပါ” ဟု ၎င်းကပြောသည်။

တင်သွင်းမှုကို ထောက်ခံသူများ

ပြည်တွင်းရှိ ယမကာ ထုတ်လုပ်သူတိုင်းက နိုင်ငံခြားအရက် တင်သွင်းမှု ပိတ်ပင်ခြင်းနှင့် ရောင်းချမှုတို့အား တင်းကြပ်နေခြင်းကို ထောက်ခံကြသည်တော့ မဟုတ်ပေ။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်နှင့် အလုပ်အကိုင် ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် သွင်းကုန်များကို ပိတ်ပင်ရန်လိုအပ်ကြောင်း High Class အမှတ်တံဆိပ်ဖြင့် ဝီစကီထုတ်လုပ်သူ Asia Beverages Co Ltd မှ ဦးဇော်ဝင်းက ပြောသည်။

အရက်တင်သွင်းမှုကို ခွင့်ပြုရာတွင် ပြည်တွင်းရှိ ထုတ်လုပ်သူများအတွက်ကိုလည်း အလေးပေး စဉ်းစားသင့်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဈေးကွက်အတွင်း၌ နိုင်ငံခြားအရက်များ ရှိနေပြီးဖြစ်သော်လည်း အခွန်ကောက်လိုက်ပါက ဈေးနှုန်း ပိုမိုမြင့်တက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တရားမဝင် တင်သွင်းတာတွေကို အခွန်မကောက်ပါဘူး။ ဒါကြောင့် နိုင်ငံခြားလာတဲ့အရက်က ဈေးသက်သာ နေပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ်လုပ်သူတွေက မယှဉ်နိုင်တော့ပါဘူး။ ဥပမာ ဂျော်နီဝေါ့ကား ရက်လေဘယ်က တစ်ပုလင်းကို ကျပ် ၁၀,၀၀၀ သို့မဟုတ် ကျပ် ၁၁,၀၀၀ နဲ့ ရနေတဲ့အချိန်မှာ ပြည်တွင်းဖြစ်ဝီစကီကို ကျပ် ၇,၀၀၀ နဲ့ ဘယ်သူဝယ်မှာလဲ” ဟု ၎င်းကပြောသည်။

“အစိုးရက တင်သွင်းခွင့်ပြုပြီး အခွန်ကောက်လိုက်မယ်ဆိုရင် နိုင်ငံခြားအရက်တွေ ဈေးပိုကြီးပြီးလာပါမယ်။ ဒီ လိုဆိုရင် ပြည်တွင်းထုတ်လုပ်သူတွေအတွက် သူတို့ထုတ်ကုန်တွေ အဆင့်မြှင့်ဖို့ အခွင့်အလမ်းရလာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့ကုမ္ပဏီက ပြင်သစ် အဖျော်ယမကာကုမ္ပဏီကြီးဖြစ်သည့် Pernod Ricard နှင့် မကြာသေးမီကမှ စတင်ပူးပေါင်းဆောင်ရွက်နေသောကြောင့် သူ၏ သူ၏အကြောင်းပြချက်များမှာ ကိုယ်ကျိုးကြည့်သည်ဟု ဆိုနိုင်သော်လည်း တင်သွင်းခွင့်ပြုခြင်းက ခိုင်မာသော အကြောင်းတရားဖြစ်သည်ဟု ယုံကြည်ကြောင်း ဦးဇော်ဝင်းပြောသည်။

Pernod Ricard ကုမ္ပဏီသည် ပြည်တွင်းရှိ Asia Beverages ကုမ္ပဏီ၊ စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် Yoma Strategic Holdings Ltd ကုမ္ပဏီနှင့် Delta Capital Myanmar တို့ ၂၀၁၄ ခုနှစ်က ဖက်စပ်တည်ထောင်ထားသော Access Myanmar Distribution Co Ltd ၏ ရှယ်ယာအချို့ကို ပြီးခဲ့သည့် မေလက ဝယ်ယူခဲ့သည်။

အောက်တိုဘာ ၅ ရက်နေ့တွင် Access Myanmar Distribution  ကုမ္ပဏီက မြန်မာနိုင်ငံ၏ “ပထမဆုံးပြည် တွင်းဖြစ် နိုင်ငံခြားအရက် ” ဟုဖော်ပြထားသည့် ဆီးဂရမ်(Seagram) ဝီစကီကို စတင် ထုတ်လုပ်ခဲ့သည်။

ဆီးဂရမ် (Seagram ) ဟူသောအမည်မှာ  ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့တွင် ၁၉ ရာစုနှစ်က စတင်ပေါ်ခဲ့သော အမည်တစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် ဂျိုးဇက် အီးဆီးဂရမ် အင်ဆန်းဟူသည့် အမည်သို့ ပြောင်းလဲခဲ့သည်။ ဆီးဂရမ်ကုမ္ပဏီစုကြီး ပြိုကွဲပြီးနောက် ၂၀၀၀ ပြည့်လွန်နှစ်များ စောစောပိုင်းကာလတွင် ဆီးဂရမ် ကုန် အမှတ်တံဆိပ်ကို Pernod Ricard က ဝယ်ယူခဲ့သည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.