ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသစ်အား ဦးသောင်းထွန်း ဦးဆောင်မည်

ကျော်လင်းထွန်း

လက်ရှိအစိုးရအဖွဲ့က အသစ်ထပ်မံ ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဦးသောင်းထွန်းက ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဆောင်သွားမည်ဖြစ်ကာ ဌာနသုံးခု ပူးပေါင်း ဖွဲ့စည်းသွားမည် ဖြစ်သည်။

အစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဝန်ကြီးဌာနသစ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုကော်မရှင် (MIC)နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွဲ့စည်းသွားမည် ဖြစ်သည်ဟု သိရသည်။ သို့သော် ဝန်ကြီးဌာနသစ် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး အစိုးရထံမှ တရားဝင် ပြောကြားမှု မရှိသေးပေ။

ဝန်ကြီးဌာနသစ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒဿမအကြိမ် ပုံမှန်အစည်းအဝေးတွင် ဆန့်ကျင်ဆွေးနွေးခဲ့သူ မအူပင်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကမူ အစိုးရအနေဖြင့် ဝန်ကြီးဌာနသစ်၏ ဖွဲ့စည်းပုံနှင့် ရည်မှန်းချက်များအား လွှတ်တော်သို့ တင်ပြသင့်သည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းခြင်းက အကျိုးရှိ၊ မရှိနှင့် အချိန်ကာလရှိမရှိ အလေးအနက်ထား စဉ်းစားဆုံးဖြတ်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြဆွေးနွေးခဲ့ကာ “ဒီကနေ့ နိုင်ငံတော် ဆင်းရဲတဲ့အချိန်ကာလမှာ အသုံးစရိတ်ကို ချွေတာရမှာ ဖြစ်တယ်” ဟု ဆွေးနွေးခဲ့သည်။ 

လက်ရှိအစိုးရသစ်တမ်းမှာ နှစ်နှစ်သာကျန်ရှိပြီး ရွေးကောက်ပွဲအကြို ခြောက်လကတည်းက လုပ်ငန်းများ လက်စသတ်ရမည် ဖြစ်သဖြင့် အလုပ်လုပ်ချိန် တစ်နှစ်နှင့် လေးလသာ ကျန်ရှိတော့မည်ဖြစ်သည်။ အစိုးရအနေဖြင့် ဝန်ကြီးဌာနအသစ်တစ်ခုအား ချောမွေ့စွာ အကောင်အထည်နိုင်ရန်မှာ အချိန်ကာလနည်းပါးနေသည့်အတွက် မဖြစ်မနေ ဖွဲ့စည်းရန် လိုအပ်သည်ဆိုပါကလည်း ကျွမ်းကျင်ပညာရှင်များနှင့် အချိန်ယူကာ တိုင်ပင်ဆွေးနွေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနသစ်တစ်ခု ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးပို့ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းမည့်ကိစ္စအား နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကိုယ်စားလှယ် ကိုးဦးတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဝန်ကြီးဌာနသစ်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်အရ တရားဝင် ဖွဲ့စည်းလိုက်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အဆိုပါဝန်ကြီးဌာနသစ်၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာချက်နှစ်စောင်ကို သမ္မတဦးဝင်းမြင့်က နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယခုနှစ် ဇွန်လပထမပတ်တွင် ဦးသောင်းထွန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သေးသည်။ ယင်းမှာ အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များအား ခွဲဝေသည့်အနေဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် အသစ်ထပ်တိုး ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနသစ် နှစ်ခုအနက်မှ တစ်ခုဖြစ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတွင် ၎င်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ပြီးနောက် ခြောက်လအကြာတွင် ပူးတွဲတာဝန်သစ် ထပ်မံပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

Myanmar Automobile Development အများပိုင် ကုမ္ပဏီလိမိတက်၏ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက MIC ဥက္ကဋ္ဌ တာဝန်ယူထားရသူ ဦးသောင်းထွန်းအနေဖြင့် အဆိုပါတာဝန်အရ စီမံခန့်ခွဲရန်လိုအပ်သည့် ဌာနများ ၎င်း၏ လက်ဝယ်သို့ ရောက်ရှိလာကာ ဌာနလက်ကိုင်ရှိလာစေရန် အစိုးရယန္တရား၏ အပြောင်းအလဲ အစီအမံတစ်ခုသာ ဖြစ်သည်ဟု ထင်မြင်ကြောင်း ပြောကြားသည်။ ဦးသောင်းထွန်းအနေဖြင့် MIC ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ရသော်လည်း ၎င်းအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ်သာ ဆက်လက် ထမ်းဆောင်ခဲ့ရပြီး MIC နှင့် DICA တို့၏ ဌာနခွဲများမှာ စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ လက်အောက်တွင် ရှိနေခဲ့သည်။

ယခုပေါ်ထွက်လာသည့် ဝန်ကြီးဌာနသစ်သည် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးနှင့် ပြည်ပနိုင်ငံများနှင့် ပိုမိုကောင်းမွန်သော စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများ ရှိလာစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဖြစ်၍ ကြိုဆိုပါကြောင်းလည်း ဒေါက်တာစိုးထွန်းက Frontier သို့ ပြောကြားသည်။

သို့ရာတွင် ဝန်ကြီးဌာနသစ် ဖွဲ့စည်းလိုက်ခြင်းဖြင့် ပိုမိုကြီးမားလာမည့် အစိုးရအရွယ်အစားနှင့် အသုံးစရိတ်များနှင့် ပတ်သက်၍ ဝေဖန်မှုများအပေါ်တွင်မူ ၎င်းက “ဒီဝန်ကြီးဌာနသစ်က ထိထိရောက်ရောက် အလုပ်လုပ်နိုင်မယ်ဆိုရင်တော့ အခုန ဒီလိုအသုံးစရိတ်တွေကတော့ ရလာမယ့် တိုင်းပြည်ရဲ့စီးပွားရေး အကျိုးအမြတ်တွေနဲ့ ပြန်ကာမိမှာပါ။ ဒါပေမယ့် တကယ်ကောင်းကောင်း အလုပ်မလုပ်နိုင်ရင်တော့ ဒီဝေဖန်ချက်တွေက မှန်သွားမှာပေါ့” ဟု ဆိုသည်။

ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ ဦးသောင်းထွန်းသည် ၂၀၁၆ ခုနှစ်တွင် Shell Myanmar Energy ကုမ္ပဏီအတွက် အစိုးရနှင့် ဆက်ဆံရေးဆိုင်ရာ အကြံပေးတာဝန်ကို လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။ ယမန်နှစ် နိုဝင်ဘာလတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဦးသောင်းထွန်းအကြောင်း ပြောကြားရာ၌ ဦးသောင်းထွန်းသည် ဟန်ဂေရီယန်-အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဖြစ်လည်း၊ လူသားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သူ ဂျော့ဆိုးရော့စ်နှင့် ယခင်က စီးပွားရေးမိတ်ဘက်အဖြစ် လက်တွဲလုပ်ဆောင်ခဲ့ဖူးသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါအချက်နှင့် စပ်လျဉ်း၍ ဦးစိုးသိမ်းက သက်သေသာဓက တစ်စုံတစ်ရာ ကိုးကားဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

ဦးသောင်းထွန်း တာဝန်ယူခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးနေရာကို အဆိုပါဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးမင်းသူက ဆက်ခံ၍ တာဝန်ယူမည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း အစိုးရက နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းအထိ တစ်စုံတစ်ရာကြေညာခြင်းမရှိသေးပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.