ကန်တော်ကြီးဘေးတွင် ဈေးဝယ်စင်တာနှင့် နိုင်ငံတကာ ဇိမ်ခံဟိုတယ်သစ်ဖွင့်လှစ်

အထပ် ၂၀ မြင့် နိုင်ငံတကာ ဇိမ်ခံဟိုတယ်နှင့် ဈေးဝယ်စင်တာ၊ ရုံးခန်းများနှင့် နေအိမ်ခန်းများ ပါဝင်သော Kantharyar Centre ကို ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးဘေးတွင် ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြုပ်နှံထားသည့် အဆိုပါစင်တာကို The Asia Myanmar Shining Star Group of Companies နှင့် Wyndham Hotels and Resorts တို့ စပ်တူပူးပေါင်းတာဝန်ယူ ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအားလုံးအတွက် မြန်မာနိုင်ငံရဲ့ပထမဆုံးသော ကမ္ဘာ့အဆင့်မှီ ဝန်ဆောင်မှုကောင်းများပါဝင်တဲ့ အဆောက်အဦးကြီး တည်ဆောက်နိုင်ဖို့ စိတ်ကူး အိမ်မက်တွေ ရှိခဲ့ပါတယ်။ အဲဒီစိတ်ကူးအိမ်မက်တွေကို အောင်မြင်စွာ လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့တဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်” ဟု Asia Myanmar Shining Star ၏ ဥက္ကဋ္ဌ Mr. Yan Yu က ပြောကြားသည်။

“အဆင့်မြင့်ကောင်းမွန်တဲ့ နေထိုင်မှုပုံစံမျိုးမရမှာ စိုးရိမ်နေကြတဲ့ နိုင်ငံခြားသား ရင်းနှီးမြှပ်နှံသူများအတွက် အဆင့်မြင့် ရုံးခန်းများနှင့် ခေတ်မှီနေအိမ်များပါဝင်မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

Shining Star Group သည် တရုတ်နိုင်ငံ၏ အောင်မြင်သော အိမ်ခြံမြေစက်မှုလုပ်ငန်းအား ဦးဆောင်ပေးခဲ့သော အမှတ်တံဆိပ်တခုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သော ထိပ်တန်း ကုမ္ပဏီ ၁၀၀ တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့သည်ဟု သိရသည်။

ကန်တော်ကြီးကန်ပတ်လမ်းရှိ ယခင်သိမ်ဖြူယာဉ်မောင်းလေ့ကျင့်ရေးကွင်း နေရာ၌ တည်ရှိသည့် Kantharyar Centre ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် အုတ်မြစ်ချခဲ့ပြီးနောက် ငါးနှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

02_ribbon_cutting_ceremony.jpg

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဓာတ်ပုံ-Supply

“Kantharyar Centre ဟာ အလုပ်နှင့် လူနေမှုဘဝတို့ကို ပေါင်းကူးပေးတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် နေ့စဉ်ဘဝ၏ လုပ်ငန်းဆောင်တာများ၊ ဈေးဝယ်ထွက်ခြင်းနဲ့ ရုပ်ရှင်ရုံတွင် အပန်းဖြေခြင်းများကို တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု Asia Myanmar Consortium Development ၏ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ဈေးဝယ်စင်တာတွင် စားသောက်ဆိုင်များအပြင် ကော်ဖီဆိုင်များ၊ ဖက်ရှင်ဆိုင်များ၊ Spa နှင့် အလှပြင်ဆိုင်များ၊ အားကစားခန်းမများ၊ ကုန်စုံဆိုင်များအပြင် ရုပ်ရှင်ရုံလည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် အဆိုပါစင်တာနှင့်အတူ အခန်းပေါင်း ၂၉၁ ခန်းပါဝင်သည့် Wyndham Grand Yangon လည်း ပါဝင်သည်။

“Wyndham Grand Yangon က ခေတ်ဆန်တဲ့ ခရီးသွားများအတွက်ဖွင့်လှစ်ထားတဲ့ ဇိမ်ခံဟိုတယ်တစ်ခု ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အချက်အခြာကျနေရာ၊ ကမ္ဘာ့အဆင့်မှီ အစားအသောက်များနှင့် တည်ခင်းဧည့်ခြင်းများကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အပန်းဖြေအနားယူချင်သူများအတွက် ပိုမိုပြီးပြည့်စုံကောင်းမွန်သော နေရာတစ်ခုဖြစ်ပါတယ်” ဟု Wyndham Hotels & Resorts ၏ Southeast Asia and Pacific Rim ဆိုင်ရာ ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Joon Aun Ooi က ပြောကြားသည်။

Wyndham ဟိုတယ်နှင့် အပန်းဖြေစခန်းများအား နိုင်ငံပေါင်း ၈၀ တွင် ဖွင့်လှစ်ထားသည်ဟု သိရသည်။ Wyndham ၏ အောင်မြင်မှု ဆုတံဆိပ်တစ်ခုဖြစ်သည့် Wyndham Grand Hotel သည် ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက်တွင် U.S. News & World Report ဆန်းသစ်တီထွင်အားကောင်းသော အကောင်းဆုံးသော ဟိုတယ်အဖြစ် သတ်မှတ်ခြင်းခံထားရသည်။

Wyndham Grand Hotel တွင် ရန်ကုန်မြို့တွင် နောက်ဆုံးဖွင့်လှစ်လိုက်သည့် နိုင်ငံတကာအမှတ်တံဆိပ် ဟိုတယ်လုပ်ငန်းကြီးလည်း ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.