Temasek နှင့် ADB က မြန်မာ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအတွက် ငွေကြေးပံ့ပိုး

ပုဂ္ဂလိကစတော့ရှယ်ယာကုမ္ပဏီ Ascent Capital က ထူထောင်လိုက်သည့် မြန်မာနိုင်ငံအား အဓိကထားသော ပထမဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအတွက် စင်ကာပူနိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှုရန်ပုံငွေ Temasek နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ငွေကြေးပံ့ပိုးထားသည်။

ကလဲရ် ဟမ်မွန် 

၂ဝ၁၃ ခုနှစ်တွင် မစ္စတာလင်ချုန်းချုန်းကို ၎င်း၏ အလုပ်က တာဝန်တစ်ခုဖြင့် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ထိုစဉ်က ၎င်းသည် Temasek အတွက် အလုပ်လုပ်နေချိန်ဖြစ်သည်။ မြန်မာနိုင်ငံကို ရင်းနှီးမြုပ်နှံသူများက အလွန်နှစ်သက်ပြီး ရင်းနှီးမြုပ်နံှရန် လွန်စွာ စိတ်ဝင်စားကြသည်ကို ၎င်းကပြန်လည်သတိရနေသည်။

ရန်ကုန်မြို့တွင် Capital Diamond Star Group ဥက္ကဋ္ဌ ဦးကိုကိုကြီး ပါဝင်သော စီးပွားရေးလုပ်ငန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ချုန်းချုန်းအား စင်ကာပူရှိ ၎င်း၏တည်ငြိမ်သည့်အလုပ်မှထွက်ကာ မြန်မာနိုင်ငံတွင် စမ်းသပ်၍ ကြိုးစားလုပ်ကိုင်ကြည့်ရန် ယုံကြည်စေခဲ့သူမှာ ဦးကိုကိုကြီးဖြစ်သည်။

“ကျွန်တော်က အမြဲတမ်းပဲ စွန့်စားတတ်ပါတယ်” ဟု ချုန်းချုန်းက ရန်ကုန်မြို့လယ်ရှိ ၎င်း၏ ရုံးခန်းတွင် Frontier ကို ပြောကြားသည်။ “ကျွန်တော့အတွက်တော့ ဒီနိုင်ငံက ဆွဲဆောင်မှုရှိပါတယ်။ အခွင့်အလမ်းကလည်း ဆွဲဆောင်တာပေါ့။ ကျွန်တော် ဦးကိုကိုကြီးနဲ့ စကားကောင်းကောင်းပြောဖူးတယ်။ ကျွန်တော်က သူ့ဆီက သင်ယူချင်တဲ့သူတစ်ယောက်ပါ” ဟု ၎င်းက ဆိုသည်။

နောက်လေးနှစ်ကြာသည့်အခါ ချုန်းချုန်းက လခစားဝန်ထမ်းတစ်ယောက်၏ ဘဝကို စွန့်လွှတ်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ရလဒ်က စင်ကာပူမှတ်ပုံတင် ကုမ္ပဏီတစ်ခုဖြစ်သည့် Ascent Capital ကိုတည်ထောင်ပြီး မြန်မာနိုင်ငံကို အဓိကထားသည့် ပထမဆုံးသော ပုဂ္ဂလိက စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေတစ်ရပ်အား ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထူထောင်လိုက်ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၅ဝ ကျော်နှင့်အတူ ဖြစ်သည်။

ရင်းနှီးမြုပ်နှံသူများတွင် Temasek၊ ဖိလစ်ပိုင်ကုမ္ပဏီစု JG Summit Holdings နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)တို့အပြင် ဂရင်းရွိုင်ယယ်ဝီစကီ ထုတ်လုပ်သည့် Myanmar Distillery Company အား ပူးတွဲ တည်ထောင်သူများဖြစ်သော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးကျော်နှင့် Asia Resource Corporation ဥက္ကဋ္ဌ မစ္စတာတိုနီချူးတို့ ပါဝင်သည်။

၎င်းနှင့်အတူ စီးပွားရေးလုပ်ငန်းမိတ်ဖက်ဖြစ်သည့် Maybank Private Equity ၏ အမှုအရာရှိချုပ်ဟောင်း မစ္စတာ Pneh Tee Keong တို့က တစ်ဦးချင်းပေးအပ်နိုင်သည့် ထူးခြားသော တန်ဘိုးအတွက် ရင်းနှီးမြုပ်နှံသူတစ်ဦးချင်းဆီထံ မဟာဗျူဟာကျကျ ချဉ်းကပ်ခဲ့သည်ဟု ချုန်းချုန်းကဆိုသည်။ ရင်းနှီမြုပ်နှံမှုရန်ပုံငွေသည် လွတ်လပ်သည်။ ဆိုလိုသည်မှာ ရင်းနှီးမြုပ်နှံသူများသည် နေ့စဉ်စီမံခန့်ခွဲမှုတွင် မပါဝင်ပေ။ သို့သော်လည်း ၎င်းတို့၏အတွေ့အကြုံနှင့် ကွန်ရက်ကို ခြေကုတ်အားအဖြစ် ရယူနိုင်သည်။

Capital Diamond Star Group ၌ အလုပ်လုပ်နေစဉ် ၎င်းချဉ်းကပ်မှုက အောင်မြင်မှုရှိသည်ကို ချုန်းက တွေ့ခဲ့ရသည်။ ၎င်းအုပ်စုအတွက် တိုးတက်ရေးအရင်းအနှီးလိုအပ်သည်ထက် ကွန်ရက်အသုံးပြုခွင့်ရှိရေးက ပိုမိုလိုအပ်သည်။

“မိတ်ဖက်တစ်ဦးအဖြစ် ဂျပန်နိုင်ငံစုံ မစ်ဆူဘီရှီကို ကျွန်တော်တို့ရွေးချယ်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ကမ္ဘာလုံးဆိုင်ရာကွန်ရက်နဲ့ ကျွမ်းကျင်မှုတွေ ယူလာနိုင်တယ်” ဟု ၎င်းကပြောသည်။ “ဒီမိတ်ဖက်ဖြစ်မှုရဲ့ အကောင်းဆုံး သာဓကကတော့ နောက်ဆက်တွဲအဖြစ် ကက်ပီတယ်ဒိုင်းမွန်းစတားနဲ့ အသင့်စားခေါက်ဆွဲကုမ္ပဏီ Nissin တို့ရဲ့ ဖက်စပ်လုပ်ငန်းပါ။ ဒါက မစ်ဆူဘီရှီက ယူဆောင်လာတဲ့ ဆက်ဆံရေးတစ်ခုပါ” ဟု ၎င်းကပြောသည်။

Ascent Capital သည် အဓိကကဏ္ဍငါးခုဖြစ်သည့် စားသုံးကုန်၊ ပညာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကျန်းမားရေး စောင့်ရှောက်မှုနှင့် TMT (နည်းပညာ၊မီဒီယာနှင့် ဆက်သွယ်ရေး) ရှိ ကုမ္ပဏီများတွင် အနည်းဆုံးဒေါ်လာငါးသန်း ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် မျှော်မှန်းထားသည်။ ရင်းနှီးမြုပ်နှံငွေအရ ဒေါ်လာငါးသန်းအောက်ရှိလျင် လွန်စွာထိရောက်မှု မရှိနိုင်ဟု ချုန်းက ဆိုသည်။ ပိုမိုကြီးမားသည့် စီးပွားရေးသဘောတူညီမှုများတွင် ရန်ပုံငွေ ရင်းနှီးမြုပ်နှံသူများသည် ပူးတွဲ ရင်းနှီးမြုပ်နှံသူများအဖြစ် နောက်ထပ်အရင်းအနှီးထည့်ဝင်နိုင်သည်။

ရင်းနှီးမြုပ်နှံမှုရန်ပုံငွေ၏ အစုရှယ်ယာလက်မှတ်ကို ကိုင်ထားနိုင်သည့် ကာလမှာ ၁၄ နှစ်အထိရှိရာ ပုံမှန်ထက်ရှည်ကြာသည်။ ပုဂ္ဂလိက စတော့ရှယ်ယာကုမ္ပဏီများသည် ပုံမှန်အားဖြင့် ငါးနှစ်မှ ခုနှစ်နှစ်အတွင်း ရင်းနှီးမြုပ်နှံမှုမှ ထွက်ရန် မျှော်မှန်းလေ့ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် ကာလရှည် လုပ်ဆောင်ရမည့်ဈေးကွက်တစ်ခုဟု ချုန်းကဆိုသည်။ ဆိုလိုသည်မှာ အမြတ်အစွန်း မြန်မြန်ဆန်ဆန်ပြန်ရရန် ခက်ခဲသည်။ မြန်မာနိုင်ငံသည် စီးပွားတိုးတက်နိုင်သည့် အကြောင်းရှိပြီး အရာရာသည့် အစောပိုင်းအဆင့်တွင်သာရှိနေသေးသည်။ ထိုအကြောင်းသည်ကပင် ၎င်းတို့ရင်းနှီးမြုပ်နှံရသည့်အကြောင်းရင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ထိုတိုးတက်မှုမှ အကျိုးရနိုင်သည့် ကဏ္ဍများကို တွက်ချက်ရာတွင် Ascent က နိုင်ငံတစ်ဝန်းရှိ အခွင့်အလမ်းများကို ရှာဖွေခြင်းဖြင့် ၎င်း၏ကွန်ရက်ကို ချဲထွင်ထားသည်။ ယခုအခါ ပညာရေး၊ စားသုံးသူရေးရာ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်ဖြန့်ဖြူးရေးကဏ္ဍများတွင် ကောင်းမွန်သည့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။

ရန်ပုံငွေမြင့်တင်ခြင်းကို ယခုအချိန်တွင် ရှေ့တန်းမတင်သေးပဲ လာမည့်လများအတွင်း သဘောတူညီချက်များ စတင်ခြင်းနှင့် အပြီးသတ်ခြင်းတို့ကို အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချုန်းကပြောသည်။ ပထမဆုံးအဖြစ် ၂ဝ၁၉ ခုနှစ်တွင် စတင်ရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများသည် ပုဂ္ဂလိက စတော့ရှယ်ယာအကြောင်းကို လွန်ခဲ့သည့်ငါးနှစ်ကထက် ယခုအခါ ပိုမိုနားလည်လာသည်ဟု ၎င်းကပြောသည်။ ထိုအတွက် ပြိုင်ဘက်များကိုလည်း ချီးကျူးသည်ဟုဆိုသည်။ သို့သော်လည်း တခြားဒေသတွင်း ဈေးကွက်များနှင့် နှိုင်းယှဉ်လျင် မြန်မာနိုင်ငံရှိ လုပ်ငန်းမှာ ဖွံ့ဖြိုးစအခြေအနေသာဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ ဗျူရိုကရေစီစနစ်နှင့် အားနည်းသည့် ကော်ပိုရိတ်အုပ်ချုပ်မှုအပါအဝင် အခြားစိန်ခေါ်မှုများလည်း ရှိသေးသည်။ သို့သော်လည်း ယင်းသို့အခြေအနေက အခွင့်အလမ်းတစ်ခုဖြစ်သည်ဟုလည်း ချုန်းကဆိုပြန်သည်။

ပြီးခဲ့သည့်နှစ်အတွင်းက ထုတ်ဝေခဲ့သည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံသူများကြား စီးပွားရေးလုပ်ငန်း ရပ်တည်ချက်သဘောထားမှာ နိမ့်ကျ၊ သို့မဟုတ် အားနည်းနေသေးသည်။ သို့သော်လည်း ၂ဝ၁၃ ခုနှစ်တွင် မြန်မာသို့ ရောက်ရှိပြီးကတည်းက ရန်ပုံငွေများ နိုင်ငံရင်းသို့ပြန်ပို့ခြင်းအတွက် အပါအဝင် နိုင်ငံ၏ တရားဥပဒေမူဘောင်နှင့် စနစ်များတွင် တိုးတက်မှုရှိလာကြောင်း ချုန်းကပြောသည်။

“ကျွန်တော်ကိုးကားတဲ့ အဓိကအချက်က ဖွံ့ဖြိုးပြီးဈေးကွက်တစ်ခုက မဟုတ်ပါဘူး။ ဖွံ့ဖြိုးမှုနည်းတဲ့ ဈေးကွက်တစ်ခုကပါ။ အတော်လေး ခြားနားပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံကို ၂ဝ၁၃ နဲ့ယှဉ်ပြီး ၂ဝ၁၉ ကို ကြည့်နေတာပါ” ဟု ၎င်းကဆိုသည်။

ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအား အဓိကထားသည့် ဒုတိယမြောက် ရင်းနှီးမြုပ်နှံမှုရန်ပုံငွေကိုပင် ထူထောင်ရန် ရည်ရွယ်ထားကြောင်း ၎င်း၏ယုံကြည်မှုအဆင့်ကို ရည်ညွှန်းရင်း ချုန်းကပြောသည်။ ထို့နောက် ဒေသဆိုင်ရာ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေတစ်ရပ်ထူထောင်ရန် စဉ်းစားနိုင်သည်။

“ကမ္ဘောဒီးယား၊ ဒါမှမဟုတ် ဗီယက်နမ်မှာ စခဲ့တဲ့ ဒေသဆိုင်ရာ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအချို့ဟာ မြန်မာနိုင်ငံထဲကို ချဲ့ထွင်လာပါတယ်။ မြန်မာအဓိက ရင်းနှီးမြုပ်နှံမှုရန်ပုံငွေက တခြားနည်းနဲ့ ဘာကြောင့်မလုပ်နိုင်ရမလဲဆိုတဲ့ အကြောင်းတော့မရှိပါဘူး” ဟု ၎င်းကပြောသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.