လူဦးရေ ၅ သန်းကျော်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် ဓာတ်အားပေးစက်ရုံဖွင့်လှစ်

ကျော်လင်းထွန်း

လူဦးရေငါးသန်းကျော်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအား မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ မတ် ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

အဆိုပါစက်ရုံကို စင်ကာပူအခြေစိုက် ဘက်စုံပေါင်းစပ်ထားသည့် ဦးဆောင်စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Sembcorp Industries အုပ်စုက အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ခြင်းဖြစ်စသည်။ စက်ရုံကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စီးပွားဖြစ် စတင်လည်ပတ်ခဲ့ပြီးနောက် ယခုအခါ တရားဝင်ဖွင့်လှစ်ခြင်းဖြစ်သည်။

Sembcorp Myingyan Independent Power Plant (IPP) ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စင်ကာပူနိုင်ငံ ကုန်သွယ်/စက်မှု နှင့် ပညာရေးဝန်ကြီးဌာ အကြီးတန်းဝန်ကြီး မစ္စတာ ချီဟောင်တက်တို့ တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့သည်။

သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ထိုစက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံး combined-cycle gas turbine များထဲမှ တစ်ခုဖြစ်ကာ ကာဘွန်ထုတ်လွှတ်မှုကို အနည်းဆုံးထိ လျှော့ချပေးနိုင်သည့် အဆင့်မြင့် နည်းပညာများအသုံးပြုထားဟု ဆိုသည်။

“ကျွန်တော်တို့ Sembcorp အနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်စီမံကိန်းတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းမှုမူဘောင်ရဲ့ ပထမဆုံး အသီးအပွင့်တွေကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့တဲ့  ဓာတ်အားပေးစက်ရုံကို အများပြည်သူသို့ ချပြမိတ်ဆက်ခွင့်ရတဲ့အတွက် ပီတိဖြစ်မိပါတယ်” ဟု Sembcorp Industries ၏ အုပ်စုဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် နီးလ်မက်ဂရက်ဂါက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

စက်ရုံက တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား  ၁,၅၀၀ မဂ္ဂါဝပ်နာရီခန့် ထုတ်လုပ်ပေးသွားမည် ဖြစ်ရာ ယင်းပမာဏမှာ လူဦးရေ ၅ ဒသမ ၃ သန်းခန့်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အား ပမာဏဖြစ်သည်ဟု ဆိုသည်။

Sembcorp Myingyan စီမံကိန်းသည် စင်ကာပူနိုင်င်နှင့် မြန်မာနိုင်ငံအကြား အထင်ကရ ပူးပေါင်းဆောင်ရွက်မှုဖြစ်သကဲ့သို့ နှစ်နိုင်ငံနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအကြား ရင်းနှီးသည့်  စီးပွားမိတ်ဖက်ဆက်ဆံရေးကရသည့် အသီးအပွင့် ရလဒ်လည်း ဖြစ်ကြောင်း စင်ကာပူလုပ်ငန်းရှင်များအဖွဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် တန်ဆွန်ကင်မ်က ပြောကြားသည်။

ထို့အပြင် ယခုဓာတ်အားပေးစက်ရုံသစ်သည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးတွင် စင်ကာပူကုမ္ပဏီများ၏ ပူးပေါင်းလုပ်ဆောင်နိုင်ကြပုံနှင့် နှစ်နိုင်ငံဆက်နွယ်မှု တစ်စထက်တစ်စ ကြီးထွားလာနေမှု၏ သက်သေလည်း ဖြစ်ကာ “စင်ကာပူလုပ်ငန်းရှင်များအဖွဲ့ဟာ ယခုလိုမျိုး အခြေခံကျတဲ့ စီမံကိန်းတွေမှာ စင်ကာပူကုမ္ပဏီတွေ ပိုမိုပါဝင်လာနိုင်ဖို့ ကူညီနေဦးမှာပါ” ဟု ၎င်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံသံမဏိစက်ရုံအနီးတွင် တည်ရှိသည့် အဆိုပါစက်ရုံ စီမံကိန်းအတွက် သဘောတူညီချက်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်နှင့် Sembcorp ၏ အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ Mr Tan Cheng Guan တို့က နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်အရ စက်ရုံကို Sembcorp Myingyan Power Co. က ၂၂ နှစ်ကြာ စီမံခန့်ခွဲ လည်ပတ်ပြီးနောက် မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

ထိုစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank)၊ Asian Infrastructure Investment Bank၊ Clifford Capital၊ DBS Bank Ltd၊ DZ Bank၊ International Finance Corporation နှင့် Oversea-Chinese Banking Corporation တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘဏ္ဍာရေးထောက်ပံ့မှုများကိုလည်း ရရှိခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.