မီဒီယာတွေ ဖိနှိပ်ခံနေရသလား

၂၀၁၁ ခုနှစ်ကတည်းက စာနယ်ဇင်းသမားတွေနဲ့ စာစောင်ရဲ့ အမှုဆောင်အရာရှိချုပ်တို့ကို အရေးယူတာတွေ ဆက်တိုက်ဖြစ်ပွားလာတဲ့အတွက် စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ စစ်အာဏာရှင် အုပ်ချုပ်စဉ်ကအတိုင်းနီးပါး ခြိမ်းခြောက်ခံနေရဆဲဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့အပတ်က ရှမ်းပြည်နယ်ထဲမှာ တအာင်း ပလောင်တပ်ဖွဲ့စခန်း TNLA ကို သတင်းသွားယူတဲ့ ဒီဗီဘီနဲ့ ဧရာဝတီ သတင်းထောက် သုံးယောက်ဟာ တပ်မတော်ရဲ့ ဖမ်းဆီးတာခံရပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခံရပါတယ်။

လက်ရှိ ရှမ်းပြည်နယ် သီပေါအကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး လာမယ့် ဇူလိုင် ၁၁ ရက်မှာ တရားရုံးထုတ်မှာ ဖြစ်ပါတယ်။ အလားတူ သိပ်မကြာသေးခင်တုန်းကလည်း  “ကျည်ထောင်စုသစ္စာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာရေးတာကို ပုံနှိပ်သတင်းစာနဲ့ အွန်လိုင်းမှာ ဖော်ပြလို့ ရေးသားသူ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်နဲ့ သည်ဗွိုက်စ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ နှစ်ယောက် ဖမ်းဆီးခံရပါသေးတယ်။

နောက်ပိုင်း ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်ကို စွဲဆိုထားတဲ့ နာမည်ကြီး ပုဒ်မ ၆၆(ဃ) နဲ့ မငြိစွန်းလို့ဆိုပြီး တရားရုံးက ပြန်လွှတ်လိုက်ပေမဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ အင်းစိန်ထောင်ကနေ တရားရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် အလဲဗင်းမီဒီယာဂရုဖ် စီအီးအို ဒေါက်တာသန်းထွဋ်အောင်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကနေ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ စွဲဆိုထားတဲ့အမှုကလည်း တရားရုံးမှာ  ဖြစ်ပါတယ်။ သူကတော့ အာမခံရပြီး နေအိမ်ကနေ တရားရင်ဆိုင်နေရတာပါ။

ဒီလို ဖြစ်စဉ်တွေကိုကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှု ပိုများလာတယ်၊ အင်န်အယ်လ်ဒီ အစိုးရကိုယ်တိုင် သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တယ် ဆိုပြီး ပြည်တွင်းမီဒီယာသမားတွေနဲ့ နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းတချို့ရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ ဖိနှိပ်ခံရမှု ပိုများလာသလားဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ဖမ်းဆီးခံကြရပြီး တရားရုံးကို ရောက်နေတဲ့ မီဒီယာတွေရဲ့ အမှုတွေနဲ့ပတ်သက်ရင် တစ်ခုချင်း ခွဲခြားလေ့လာသင့်ပါတယ်။ ဒီဗီဘီနဲ့ ဧရာဝတီသတင်းထောက် သုံးယောက် ဖမ်းဆီးခံရတဲ့ ပြဿနာမှာ တပ်မတော်နဲ့ တိုက်နေခိုက်နေတဲ့၊ အပစ်ရပ်စာချုပ် တစ်စုံတစ်ခုမှ လက်မှတ်ထိုးမထားတဲ့ TNLA ထိန်းချုပ်နယ်မြေထဲ သွားတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် လွှတ်တော်ကနေ TNLA အဖွဲ့အပါအဝင် လက်နက်ကိုင် သုံးဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ဆုံးဖြတ်ထားတာကလည်း သိပ်မကြာသေးပါဘူး။ ဒီအတွက် ပုံမှန်အားဖြင့်ဆိုရင် မည်သူမဆို အဲဒီလို အဖွဲ့အစည်းမျိုးနဲ့ သွားပြီးဆက်သွယ်ရင်၊ တည်ဆဲ ဥပဒေတွေထဲက မတရားအသင်းတွေနဲ့ ဆက်သွယ်ရင် အရေးယူနိုင်တဲ့ ပုဒ်မ ၁၇/၁ နဲ့ ငြိစွန်းတယ်လို့ ပြောနိုင်ပါတယ်။

ဒါဆိုရင် အဲလို အဖွဲ့အစည်းတွေရှိရာသွားပြီး မီဒီယာတွေက သတင်းသွားယူလို့ မရတော့ဘူးလား မေးစရာ ရှိလာပါတယ်။ တည်ဆဲ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(က) မှာ “ သတင်းမီဒီယာသမား တစ်ဦးသည် စစ်မက် ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာနေရာ ဒေသတို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းမှ ကင်းလွတ်စေရမည်” လို့ ဖော်ပြထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ရဲ့ အရေးယူဆောင်ရွက်ချက်တွေကလည်း ဥပဒေလမ်းကြောင်းအတိုင်းသွားပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကို ရယူတာမို့ မီဒီယာတွေကို သီးသန့်ဖိနှိပ်နေပါတယ်ဆိုပြီး ပြောဆိုဖို့ ခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းမီဒီယာ လုပ်ငန်းဆိုတာ မြန်မာနိုင်ငံမှမဟုတ်၊ ဘယ်နိုင်ငံမှာမဆို အနည်းနဲ့အများ စိန်ခေါ်မှုတွေဆိုတာ ရှိစမြဲပါ။

ဒီနေရာမှာ အရေးကြီးတာက “သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူ” ဖို့ ဆိုတာပါ။ ပြောရရင် အခုကိစ္စမှာ သတင်းထောက်တွေကို TNLA နယ်မြေထဲ လွှတ်ဖို့အတွက် သက်ဆိုင်ရာ သတင်းဌာန အယ်ဒီတာ၊ ဒါမှမဟုတ် အယ်ဒီတာချုပ်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ခွင့်ပြုချက် တောင်းခံပေးခဲ့သလား၊ အကြောင်းကြားပေးခဲ့သလား ဆိုတာပါ။

အဲလို ခွင့်ပြုချက် မယူခဲ့ဘူးဆိုရင် တရားဝင် ခွင့်ပြုချက်နဲ့ သတင်းသွားယူတာ မဟုတ်တဲ့အတွက် တည်ဆဲဥပဒေနဲ့ အရေးယူတာ ခံရနိုင်တယ်ဆိုတာ ကြိုတင်သိထားဖို့ လိုပါတယ်။ ဒီအတွက် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းဌာနတွေအနေနဲ့ ကြိုတင်ခွင့်ပြုချက် ရယူခဲ့ရင် ခုလို မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးခဲ့သလို၊ အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင် ဦးဝင်းထိန်ကတော့ ဒါဟာ ပုဒ်မ ၁၇/၁ နဲ့ ငြိစွန်းနေတယ်၊ ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မထိခိုက်နိုင်ဘူးဆိုပြီး ပြောဆိုထားပါတယ်။

သည်ဗွိုက်စ် သတင်းစာနဲ့ အွန်လိုင်းမှာ ကျည်ထောင်စုသစ္စာ သရော်စာ ဖော်ပြတာနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက တပ်မတော်နဲ့ သတင်းစာ တာဝန်ရှိသူတွေဟာ သတင်းမီဒီယာ ကောင်စီကနေတဆင့် ပြောဆိုညှိနှိုင်းတာ ရှိခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ သူတို့ တောင်းဆိုသလို တောင်းပန်ရင် တရားမစွဲဘူးဆိုတဲ့ သဘောပါ။

သည်ဗွိုက်စ် သတင်းစာဘက်ကတော့ သူတို့ရဲ့ ဖော်ပြချက်ဟာ တမင်တကာ ထိခိုက်နစ်နာစေတဲ့ သဘော မပါဘူး၊ ဒါကြောင့် တပ်မတော်ဘက်က တောင်းဆိုတဲ့အတိုင်း တောင်းပန်ဖို့ မဖြစ်နိုင်ဘူး၊ တရားစီရင်ရေး လမ်းကြောင်းကိုပဲ ရွေးမယ်ဆိုတဲ့သဘော ဖော်ပြလိုက်တဲ့အခါ တရားရုံးကို ရောက်ပြီး ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီအတွက် တရားစီရင်ရေး လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖို့ပဲ ရှိပါတယ်။

အလဲဗင်းမီဒီယာ စီအီးအို ဒေါက်တာ သန်းထွဋ်အောင် တရားစွဲခံရတာကတော့ တစ်မျိုးပါ။ သူ့သတင်းစာ၊ ဂျာနယ်၊ ဝက်ဘ်ဆိုက်၊ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာတင်မက အာဆီယံ ဒေသတွင်း သတင်းစာတွေမှာပါ ဖော်ပြတဲ့ ဆောင်းပါးမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ခရိုနီ တစ်ယောက်ဆီကနေ တန်ဖိုးကြီးနာရီ တစ်လုံးကို လာဘ်ယူတဲ့သဘော လက်ခံတယ်၊ ဝတ်ဆင်ထားတယ် ဆိုတဲ့ မမှန်စွပ်စွဲချက် ရေးသားခဲ့တဲ့ အမှုပါ။ အဲလို မှားယွင်းစွပ်စွဲ ရေးသားဖော်ပြခဲ့တယ် ဆိုတာကိုလည်း အလဲဗင်းက ဝန်ခံ တောင်းပန်ခဲ့ပြီးပါပြီ။ ခုက တရားရင်ဆိုင်နေရဆဲဖြစ်ပြီး မီဒီယာ ဖိနှိပ်မှုထဲ စာရင်းကို မဝင်တဲ့ ပြဿနာပါ။

ဒီလိုဆိုတော့ မီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဘာမှပြောစရာ မရှိဘူးလားဆိုတော့ မဟုတ်သေးပါဘူး။ လတ်တလောနှစ်အတွင်း တပ်မတော်ဟာ သူ့ခေါင်းဆောင်ကို ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကနေ စော်ကားတာ၊ ပုံနှိပ်မီဒီယာက ဖော်ပြချက်ဟာ တပ်မတော်ကို ဂုဏ်သိက္ခာကျစေတယ်လို့ သူတို့ ထင်မြင်ယူဆတာ၊ သူတို့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ ယူဆတဲ့ ကဇာတ် ကပြတာ၊ သြင်္ကန်သံချပ်ထိုးတာ စတဲ့ကိစ္စ အတော်များများ တရားစွဲဆိုမှုတွေ လုပ်ခဲ့တာပါပဲ။

တပ်မတော်က အဲလို တရားစွဲဆို တရားရုံးတင်ပို့ခဲ့တာ သတင်းမီဒီယာတွေချည်းပဲ မဟုတ်သလို၊ လူပုဂ္ဂိုလ်တွေချည်းပဲလည်း မဟုတ်ပါဘူး။ ကျောင်းသားအရွယ် လူငယ်လေးတွေတောင် ပါပါတယ်။ ဒီအတွက် သတင်းမီဒီယာတွေဟာ တပ်မတော်နဲ့ ပတ်သက်တဲ့ ရေးသားဖော်ပြချက်တွေကို ပုံနှိပ်စာစောင်တွေမှာ ဖော်ပြဖို့ ဝန်မလေးကြပေမဲ့ အွန်လိုင်းတင်ဖို့၊ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ ဖော်ပြဖို့ အတော်လေးကို သတိထားလာကြတာ တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ရဲ့ အရေးယူဆောင်ရွက်ချက်တွေကလည်း ဥပဒေလမ်းကြောင်းအတိုင်းသွားပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကို ရယူတာမို့ မီဒီယာတွေကို သီးသန့်ဖိနှိပ်နေပါတယ်ဆိုပြီး ပြောဆိုဖို့ ခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းမီဒီယာ လုပ်ငန်းဆိုတာ မြန်မာနိုင်ငံမှမဟုတ်၊ ဘယ်နိုင်ငံမှာမဆို အနည်းနဲ့အများ စိန်ခေါ်မှုတွေဆိုတာ ရှိစမြဲပါ။

ဒီလို အခြေအနေအောက်မှာ မီဒီယာတွေအနေနဲ့ တရားစွဲခံရတိုင်း၊ ဖမ်းဆီးခံရတိုင်း မီဒီယာကို လာဖိနှိပ်နေတယ်လို့ ညည်းညူမနေဘဲ ဘယ်လောက်ပဲ ခက်ခဲသည်ဖြစ်စေ ပြည်သူတွေ သတင်းအချက်အလက် သိရှိဖို့ နည်းလမ်းပေါင်းစုံရှာ ကြိုးစားရမှာပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.