ဒုသမ္မတကို “ဆုအတု”ပေးဖို့ကြိုးစားခြင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အတိုက်အခံပါတီတွေကို ဖျက်သိမ်းပြီး ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတယ်လို့ ကြေငြာချက်ထုတ်ပေးတဲ့အဖွဲ့ဟာ မြန်မာပြည်ကိုဆုတစ်ခုပေးဖို့လုပ်နေပါတယ်။

နေယံဦး 
အောက်(စ်)ဖို့ဒ်

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု (The World Best Tourist Destination Award) ကို မြန်မာပြည်က ရရှိပါတယ်။

ဒီဆုကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) ဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-II) မှာ အခမ်းအနားနဲ့ ပေးအပ်သွားမှာ ပါ။ ဒီဆုကို ဒုတိယသမ္မတဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် တက်ရောက်လက်ခံသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးဟင်နရီဗန်ထီးယူကိုလည်း ဥရောပခရီးသွားအကယ်ဒမီ (European Tourism Academy) ရဲ့ အဖွ့ဲဝင်အဖြစ် ဆုချီးမြှင့်သွားဖို့ ရှိပါတယ်။ ဒီဆုက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ဖွံ့ဖြိုးရေးကဏ္ဍအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ရွေးချယ်ပြီး ပေးတာလို့ ဆိုပါတယ်။

ရခိုင်အရေးကြောင့် နိုင်ငံတကာမှာ မြန်မာပြည်က မျက်နှာငယ်နေရပြီး၊ ကမ္ဘာ့လှည့်ခရီးသွားတွေ အဝင်နည်းနေတဲ့အချိန်မှာ အခုလို ဆုတွေရတယ်ဆိုတော့ ဝမ်းသာစရာပေါ့။ ဒု-သမ္မတကြီးကပါ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျော်ဖြတ်ပြီး ဥရောပခရီးသွားအကယ်ဒမီရဲ့ အသိအမှတ်ပြုမှုကို ရရှိတယ်ဆိုတော့ ဂုဏ်ယူမိတယ်ပေါ့ဗျာ။

ရုတ်တရက်ကြည့်ရင် ဒီသတင်းတွေက မြန်မာပြည်အတွက် ဝမ်းသာစရာလို့ ထင်ရပါလိမ့်မယ်။

အသေအချာ လေ့လာကြည့်မယ်ဆိုရင်တော့ ဒီသတင်းတွေရဲ့နောက်ကွယ်မှာ မေးခွန်းထုတ်စရာတွေ၊ သံသယဖြစ်ဖွယ် အချက်အလက်တွေ ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။

ဘယ်သူက ဒီဆုကို မြန်မာပြည်အတွက် ပေးတာလဲ။ ဘာကြောင့် ဝန်ကြီးဌာနက ဂုဏ်ယူစွာနဲ့ အခမ်းအနားနဲ့တောင် နေပြည်တော်မှာ လက်ခံရယူဦးမှာလဲ။ ဒု-သမ္မတကြီးကရော ဘယ်လိုဖြစ်ပြီး ဥရောပခရီးသွားအကယ်ဒမီထဲပါသွားရတာလဲ။

အရေးကြီးဆုံးအချက်က ဒီဆုတွေကကော စစ်မှန်တဲ့ ဆုတွေ ဟုတ်ရဲ့လား။ ဆန်းစစ်ကြည့်ရအောင်ပါ။

အမည်ခံအဖွဲ့အစည်းနဲ့ စစ်မှန်မှုမရှိသောဆု

မြန်မာပြည်ကို ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆုကို ပေးအပ်တာက European Council on Tourism and Trade လို့ခေါ်တဲ့ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီက ပေးအပ်ချီးမြှင့်တာပါ။

ဥရောပကောင်စီ (European Council) လို့အမည်တပ်ထားတဲ့အတွက် ရုတ်တရက်ကြည့်လိုက်ရင် ဥရောပသမဂ္ဂ (EU) လက်အောက်ခံ အဖွဲ့အစည်းလို့ ထင်ရပါလိမ့်မယ်။

သူတို့ကလည်း ဒီလို ထင်ယောင်ထင်မှားဖြစ်အောင်၊ တမင် ပုံမှားရိုက်ထားတာပါ။

ဒီအဖွဲ့က ထုတ်ပြန်တဲ့ စာတွေကို ကြည့်လိုက်ရင် ဥရောပသမဂ္ဂအလားထင်ရအောင် President Office၊ Ministers၊ General Assembly အစရှိတဲ့ စာသားတွေကို အမြောက်အမြား သုံးထားတာ တွေ့ရပါလိမ့်မယ်။ ဥရောပသမဂ္ဂနဲ့ စိမ်းတဲ့သူတွေအတွက်တော့ ဒီအဖွဲ့က EU အဖွဲ့အစစ်လို့ ထင်ပါလိမ့်မယ်။

အမှန်တော့ ဒီအဖွဲ့က EU နဲ့ ပတ်သက်မှု မရှိတဲ့အပြင်၊ ယုံကြည်စိတ်ချရတဲ့အဖွဲ့လည်း မဟုတ်ပါဘူး။

ဒါကို အချက်(၆) ချက်နဲ့ ကျွန်တော် သက်သေပြပါမယ်။

(၁) ဒီအဖွဲ့အကြောင်း အင်တာနက်မှာ ရှာကြည့်လိုက်မယ်ဆိုရင်ပဲ သံသယဖြစ်စရာတွေ စတွေ့ရမှာပါ။ သူ့မှာ တရားဝင်ဝဘ်ဆိုဒ် အသေအချာမရှိပါဘူး။ အလကားရတဲ့ webs.com၊ wordpress.com တို့အပေါ်မှာ ခေါင်းစဉ်မျိုးစုံနဲ့ အရည်အသွေးမရှိတဲ့ အပေါစားဝဘ်ဆိုဒ်တွေ အမြောက်အများ ဖွင့်ထားပါတယ် (ပုံ-၁)။ သူ့ဆိုဒ်တွေကို ဝင်ကြည့်လိုက်ရင်ပဲ ဒီအဖွဲ့အစည်းက စစ်မှန်မှုမရှိဘူးဆိုတာ သိနိုင်ပါတယ်။

(၂) ဒီဘက်ခေတ်မှာ Social Media လို့ခေါ်တဲ့ ဖေစ့်ဘွတ်ခ်တို့ ၊ တွစ်တာတို့က အဖွဲ့အစည်းတွေအတွက် အလွန် အရေးပါပါတယ်။ သတင်းအချက်အလက် ထုတ်ပြန်ဖို့၊ ပြင်ပဆက်ဆံရေးအတွက် အသုံးချဖို့အပြင်၊ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်ဖို့အတွက် အသုံးဝင်ပါတယ်။ အခု ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade) ရဲ့ ဖေစ့်ဘွတ်ခ်စာမျက်နှာကို Like လုပ်ထားသူက ၁၃၀ ပဲရှိပြီး၊ တွစ်တာမှာ follow ထားသူက ၄၇ ယောက်ပဲ ရှိပါတယ် (ပုံ-၂)။

typeof=

EU ရဲ့ တကယ့် အဖွဲ့အစည်းဖြစ်တဲ့ Council of the European Union ရဲ့ ဖေစ့်ဘွတ်ခ်နဲ့ တွစ်တာကို Like လုပ်ထားသူ လေးသိန်းကျော်နဲ့ ယှဉ်ကြည့်ပါ။

(၃) မြန်မာပြည်ကို ဆုပေးမယ်ဆိုတဲ့ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (ECTT) အဖွဲ့က ဘယ်မှာရှိပြီး၊ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ မသိရပါဘူး။ EU အဖွဲ့အစည်းမှန်ရင်တော့ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ရှိသင့်ပေမယ့်၊ အခုအဖွဲ့ကတော့ ရိုမေးနီးယားနိုင်ငံ၊ ဗူးခရက် Bucharest မြို့မှာ အခြေစိုက်တယ်ပါတယ်။ ဒါပေမဲ့ ဗူးခရက်မြို့ရဲ့ ဘယ်ရပ်ကွက်မှာရှိပြီး၊ လိပ်စာကဘာ၊ တယ်လီဖုန်းနံပါတ်က ဘယ်လိုဆိုတာ မသိရပါဘူး။ ဒီအချက်အလက်တွေကို သ့ူရဲ့ အင်တာနက်ဝက်ဆိုဒ်မှာ ဖော်ပြမထားပါဘူး။

(၄) ဒီအဖွဲ့အစည်းမှာ အဓိက လုပ်ရှားနေတာက ဥက္ကဋ္ဌ (president)ဖြစ်သူ ဒေါက်တာ Anton Caragea ဆိုသူပါ။ သူ့မှာလည်း ကိုယ်ပိုင် ဝဘ်ဆိုဒ်မရှိပါဘူး။ အလကားတင်ထားတဲ့ webpage ပေါ်က အချက်အလက်တွေ အရဆိုရင်တော့ သူသည် အလွန်ပင် ပညာရပ်ပိုင်းဆိုင်ရာတွေမှာ ကျွမ်းကျင်တတ်မြောက်သူပါ။

သူက ဒေါက်တာဘွဲ့အပါအဝင် ဆုတံဆိပ်ပေါင်း မြောက်မြားစွာကို နိုင်ငံတကာအဖွ့ဲအစည်းတွေဆီကနေ ရယူထားပါတယ်။ စာအုပ်ပေါင်း (၂၀) နဲ့ ဆောင်းပါးပေါင်း (၃၀၀) ကျော်ကို ရေးသားခဲ့သူဖြစ်ပြီး၊ သူရဲ့ ကျွမ်းကျင်မှုတွေကတော့ သမိုင်း၊ ယဉ်ကျေးမှုသမိုင်း၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘာသာရေးနဲ့ တခြား ကျွန်တော် ဘာသာတောင် ဘယ်လိုပြန်ရမှန်းမသိတဲ့ ဘာသာရပ်တွေ ပါဝင်ပါတယ်။

ပြဿနာက ဒါတွေက သူ့အပြောပဲရှိပြီး၊ လက်တွေ့မှာတော့ သူရေးထားတယ်ဆိုတဲ့ စာအုပ်၊ စာတမ်းတွေကို ဘယ်နေရာမှ ရှာလို့မတွေ့နိုင်တာပါပဲ။

သူ နိုင်ငံတကာဆက်ဆံရေးပါမောက္ခအဖြစ် စာသင်နေတဲ့ ရိုမေးနီးယားမှာရှိတဲ့ Spiru Haret University ဆိုတာကလည်း တက္ကသိုလ်အစစ်မဟုတ်ဘဲ၊ ကျောင်းအတုကြီးဖြစ်ကြောင်းကို သူတို့နိုင်ငံရဲ့ သတင်းထောက်တွေက ဖော်ထုတ်ထားပါတယ်။

ဒါပေမဲ့ ထိုပုဂ္ဂိုလ်ကြီးက ခပ်တည်တည်နဲ့ နိုင်ငံတကာပတ်ပြီး၊ သူ့ရဲ့ အဖွဲ့အစည်းက ဥရောပသမဂ္ဂနဲ့ ပတ်သက်သလိုလိုနဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ ဂျီဘူတီ၊ ကမ္ဘာဒီးယား၊ ကာတာ၊ ဆီးရီးယားလို နိုင်ငံတွေရဲ့ တာဝန်ရှိသူတွေနဲ့ပါ။

မြန်မာပြည်ကိုလည်း စက်တင်ဘာ (၂၇) ရက်နေ့မှာလာဖို့ရှိပြီး၊ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

(၅) ဒါပေမဲ့ သူဘယ်လိုပဲ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ အင်တာနက်ပေါ်တင်ပြီး သူ့ဂုဏ်သိက္ခာကို တည်ဆောက်တည်ဆောက်၊ သူဦးဆောင်နေတဲ့အဖွဲ့အစည်းတွေက စစ်မှန်မှုမရှိတဲ့အကြောင်းကို ကမ္ဘာကျော် သြဇာကြီး Foreign Policy မဂ္ဂဇင်းက ၂၀၁၈ ခုနှစ်ကထဲက ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါတယ် (ပုံ-၃)။

typeof=

ဒေါက်တာ Anton Caragea ဥက္ကဋ္ဌ လုပ်နေတဲ့ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (ECTT) က မြန်မာပြည်နဲ့ ဒု-သမ္မတဦးဟင်နရီဗန်ထီးယူကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆုချီးမြှင့်မှာပါ။ တကယ်တော့သူက ECTT အပြင်
– Diplomatic Center၊
– Institute of International Relations and Economic Cooperation၊
– European Council on International Relations၊
– European Diplomatic Academy၊
– Parliamentary Assembly for Sustainable Development Goals နဲ့
– World Elections Monitors Organization အစရှိတဲ့အဖွဲ့အစည်းတွေမှာ ဥက္ကဋ္ဌ (ဒါမှမဟုတ်) ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသူပါ (ပုံ-၄)

typeof=

ဒီလိုအဖွဲ့အစည်းပေါင်းမြောက်မြားစွာကို ခေါင်းစဉ်မျိုးစုံနဲ့ ထောင်ထားပြီး လုပ်ရှားနေသူပါ။ သူတို့အဖွဲ့နာမည်တွေကြည့်လိုက်ရင် ဥရောပသမဂ္ဂရဲ့ တရားဝင်အဖွဲ့အစည်းတွေလ့ို ထင်ရပေမဲ့၊ ဒီအဖွဲ့တွေသည် အဖွဲ့အတုတွေသာဖြစ်ကြောင်းကို Foreign Policy မဂ္ဂဇင်းက ဖော်ထုတ်ထားပါတယ်။

ဒီအဖွဲ့တွေက ဖွံ့ဖြိုးဆဲ၊ ဆင်းရဲတဲ့နိုင်ငံတွေကို ချဉ်းကပ်ပြီး ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆုတွေကို ချီးမြှင့်လေ့ရှိပါတယ်။

အခုနောက်ပိုင်းတော့ ခရီးသွားလုပ်ငန်းအပြင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အလုပ်တွေပါ လုပ်လာပါတယ်။

ဥပမာပြရရင် ၂၀၁၈ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်က အတိုက်အခံပါတီတွေကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို ကျင်းပတော့၊ နိုင်ငံတကာက ဒါသည် တရားမျှတမှု မရှိတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဟွန်ဆန်က ဒေါက်တာ Anton Caragea ဦးဆောင်တဲ့ အဖွဲ့တွေကို ဖိတ်ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး လုပ်ခိုင်းပါတယ်။ ဒီအဖွဲ့တွေက ကမ္ဘောဒီးယားရွေးကောက်ပွဲသည် လွတ်လပ်ပြီး၊ တရားမျှတပါတယ်ဆိုတဲ့အကြောင်း ရွေးကောက်ပွဲအပြီးမှာ ကြေငြာချက်ထုတ်ပေးပါတယ်။

တနည်းပြောရရင် ဒီအဖွဲ့တွေက ပိုက်ဆံသာရမယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာလှည့်ခရီးသွားနဲ့ ပတ်သက်တဲ့ဆုတွေ ပေးရုံသာမက၊ အာဏာရှင်တွေကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုပါ လွတ်လပ်ပြီးတရားမျှတပါတယ်ဆိုတဲ့အကြောင်း ထောက်ခံပေးဖို့ ဝန်မလေးကြသူတွေဖြစ်ကြောင်း တွေ့ရပါတယ်။

မြန်မာပြည်ကို ဆုပေးမယ်ဆိုတဲ့ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade) သည် စစ်မှန်မှုမရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ သူပေးတဲ့ ဆုတွေကလည်း အတုတွေသာဖြစ်ကြောင်းကို Foreign Policy မဂ္ဂဇင်းသာမက၊ ဇင်ဘာဘွေကသတင်းဌာနတွေနဲ့ Radio Free Europe တို့လို မီဒီယာတွေကပါ သတင်းအဖြစ် ဖော်ပြထားတာတွေ ရှိပါတယ်။ အလားတူပဲ တွစ်တာပေါ်မှာလည်း ECTT သည် အဖွဲ့အတုသာဖြစ်ကြောင်းကို အီသီယိုးပီးယားကလူတွေကလည်း ဆွေးနွေးထားတာ ရှိပါတယ် (ပုံ-၅)။

typeof=

ECTT အဖွဲ့သည် မြန်မာပြည်တင်မက၊ အဲဒီနိုင်ငံတွေအထိပါသွားပြီး ဆုချီးမြှင့်ခဲ့တာတွေရှိတော့ ဒေသခံမီဒီယာနဲ့ ပြည်သူတွေက ဒီအဖွဲ့နဲ့ပတ်သက်ပြီး သတင်းအချက်အလက် အမှန်တွေ စုံစမ်းကြတာပါ။

(၆) (တကယ်တော့ ကျွန်တော် အမှတ်စဉ် (၆) ကို မူလက ရေးဖို့ အစီအစဉ် မရှိပါဘူး။ ကျွန်တော် အပေါ်မှာ တင်ပြခဲ့တဲ့ အချက်အလက်တွေနဲ့တင် ဒီအဖွဲ့က အတုဆိုတာ သိသာနေပါပြီ။ ကျွန်တော် ဒီဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်တွေ ရှာနေတုန်းမှာပဲ မြန်မာတိုင်း(မ်)က သတင်းတစ်ပုဒ် တက်လာပါတယ်။ အဲဒီသတင်းထဲမှာ ကျွန်တော်လိုချင်တဲ့ အချက်အလက်တွေ ပါနေလို့ အောက်ကစာပိုဒ်ကို ထပ်ရေးပါတယ် (ပုံ-၆)။

typeof=

သတင်းရေးပေးတဲ့ မြန်မာတိုင်း(မ်)ကိုလည်း ကျေးဇူးတင်ပါတယ်။)

တကယ်တော့ မြန်မာပြည်ကို ဆုပေးမယ့် European Council on Tourism and Trade သည် ဥရောပသမဂ္ဂလက်အောက်ခံအဖွဲ့တစ်ခုလို့ ထင်ရပေမယ့်၊ ဒီအဖွဲ့က EU နဲ့ ပတ်သက်မှု လုံးဝမရှိပါဘူး။ ဒါကို မြန်မာပြည်အခြေစိုက် EU သံရုံးက တရားဝင် ထုတ်ဖော်ပြောဆို လိုက်ပါပြီ။

မြန်မာတိုင်း(မ်) အင်္ဂလိပ်ပိုင်းမှာ ဖော်ပြချက်အရ EU ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “European Council on Tourism and Trade သည် ဥရောပသမဂ္ဂနဲ့သော်လည်းကောင်း၊ ဥရောပသမဂ္ဂနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများနဲ့သော်လည်းကောင်း၊ (မည်သို့မျှ) ပတ်သတ်မှုမရှိပါ” လို့ အတိအလင်း ဆိုပါတယ်။

EU သံရုံးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တရားဝင်အကြောင်းကြားစာ ပို့ထားတယ်လို့ ဒီသတင်းမှာ ဖော်ပြထားပါတယ်။

ရှေ့ဆက်မတိုးသင့်ပါ ဒုတိယသမ္မတကြီးခင်ဗျာ

ကျွန်တော်အပေါ်မှာ တင်ပြခဲ့တဲ့ အချက်ငါးချက်အရရော၊ EU ရဲ့ တရားဝင်ပြောကြားချက်အရပါ မြန်မာပြည်နဲ့ ဒု-သမ္မတကိုဆုချီးမြှင့်မယ့် ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade) သည် စစ်မှန်မှုမရှိတဲ့အဖွဲ့အစည်းဆိုတာ သိနိုင်ပါပြီ။

ဒါပေမဲ့ ဒီအဖွဲ့ကတော့ စက်တင်ဘာ (၂၇) ရက်နေ့ဆိုရင် နေပြည်တော်ကိုလာပြီး၊ အခမ်းအနားနဲ့တကွ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို ဆုချီးမြှင့်တော့မယ်လို့ကြေညာထားပါတယ်။ဒီကြေညာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ဟိုတယ်/ခရီးဝန်ကြီးအမည်ကိုပါသုံးစွဲထားပါတယ်။(ပုံ-၇)။

typeof=

အမှန်က သူတို့မြန်မာပြည်ကို ဆုပေးဖို့ချောင်းနေတာ ကြာပါပြီ။ ၂၀၁၄ ခုနှစ်ကထဲက မြန်မာပြည်ကို ဝင်ဖို့ ကြိုးစားနေကြောင်း၊ နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ ကြေးမုံနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ် ။

၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆုကို မြန်မာနိုင်ငံအား ပေးအပ်ချီးမြှင့်ရန် စီစဉ်လျက်ရှိကြောင်းကို သတင်းစာတွေမှာ အဲဒီတုန်းက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။ ဒီလိုဖော်ပြတဲ့အထဲမှာ ဧရာဝတီသတင်းဌာနတို့လို ပုဂ္ဂလိက မီဒီယာတွေပါ ပါပါတယ်။

၂၀၁၄ ခုနှစ်ထဲက မြန်မာပြည်ကို ဝင်ဖို့အစီအစဉ်က အခု ၂၀၁၉ မှ အကောင်အထည်ပေါ်လာတဲ့ သဘောနဲ့ တူပါတယ်။ပုံ(၈)

typeof=

သူတို့အဖွဲ့ကပေးတဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆုကို ရခဲ့တဲ့နိုင်ငံစာရင်းကိုလည်း တချက်လောက်ကြည့်ပါဦး။

၂၀၁၃ – လာအို
၂၀၁၄ – ဇင်ဘာဘွေ
၂၀၁၅ – အီသီယိုးပီးယား
၂၀၁၆ – ကမ္ဘောဒီးယား
၂၀၁၇ – ဒူဘိုင်း
၂၀၁၈ – ကမ္ဘောဒီးယား (ဒုတိယအကြိမ်ရရှိ)
၂၀၁၉ – မြန်မာ

ဒီဆုကို ရခဲ့တဲ့ နိုင်ငံတွေကယူအေအီး(ဒူဘိုင်း)ကလွဲရင် ဆင်းရဲတဲ့၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဆင်းရဲတဲ့၊ ဖွဲ့ဖြိုးဆဲနိုင်ငံတွေကို အဓိက ပစ်မှတ်ထားပြီး ဒီအဖွဲ့က လုပ်ရှားနေတယ်ဆိုတာ သိသာပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကနေ ဒုတိယသမ္မတကြီးအပါအဝင်၊ သက်ဆိုင်ရာဝန်ကြီးဌာနဲ့ နိုင်ငံတော်အစိုးရကို အကြံပြုခွင့်ရမယ်ဆိုရင်တော့

– မြန်မာပြည်ကိုဆုပေးမယ်ဆိုတဲ့ European Council on Tourism and Trade သည် ဥရောပသမဂ္ဂနဲ့ မသက်ဆိုင်တဲ့၊ စစ်မှန်မှုမရှိတဲ့ အဖွဲ့အစည်းသာဖြစ်ကြောင်း၊

– သူတို့ပေးမယ့် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆုကလည်း ဂုဏ်သိက္ခာရှိတဲ့ ဆုတံဆိပ် မဟုတ်တဲ့အကြောင်း၊

– ဒီဆုကို လက်ခံလိုက်တဲ့အတွက် မိမိနိုင်ငံရဲ့ ခရီးသွားကဏ္ဍ ပိုမိုကောင်းမွန်လာဖို့က မသေချာပေမဲ့၊ ဒီလိုအဖွဲ့တွေနဲ့ ပတ်သက်မိတဲ့အတွက် မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာ (ထပ်မံ) ကျဆင်းသွားဖို့သာ ရှိပါကြောင်း၊

– ဒီအဖွဲ့တွေက မြန်မာပြည်အမည်ကို အသုံးချပြီး တခြားဖွံဖြိုးဆဲနိုင်ငံတွေကို ပစ်မှတ်ထားလာနိုင်ပါကြောင်း၊

– ဒါကြောင့် ECTT က ပေးမယ့်ဆုကို ငြင်းပယ်ဖို့နဲ့ သူတို့အား နေပြည်တော်ကို ဖိတ်ထားတာကိုလည်း အချိန်မှီ ရပ်တန့်ဖို့ အကြံပေးလိုပါတယ်။

အခုလို ဆောင်းပါးရေးပြီး အကြံပြုရသော်လည်း၊ အစိုးရဘက်ကနေ ခြေလွန်လက်လွန်တွေ ဖြစ်သင့်သလောက်တော့ ဖြစ်ကုန်ပါပြီ။

ဒီအဖွဲ့တွေကို နေပြည်တော်လာဖို့ အစိုးရက စရိတ်ခံခေါ်ဖို့ရှိကြောင်း မြန်မာတိုင်းမ်မှာ ဖတ်ရပါတယ်။ လေယာဉ်စရိတ်၊ ဟိုတယ်စရိတ်၊ နေထိုင်စရိတ်တွေဖြစ်ပါလိမ့်မယ်။ တခြားကော ဘယ်လို ကုန်ကျမှုတွေ ရှိလဲ အတိအကျ မသိရပါ။ ဒီဆုတွေရဖို့အတွက်ကော သူတို့ဘက်အခြမ်းကို ပိုက်ဆံတွေ ပေးရသေးသလားဆိုတာကိုလည်း စုံစမ်းဖို့လိုပါတယ်။ ဒါကြောင့်

– ဘယ်လိုဖြစ်ပြီး ဒီအဖွဲ့တွေနဲ့ မြန်မာပြည်က ချိတ်မိသွားတာလဲ။

– ဒီဆုကို လက်ခံရယူဖို့ ဘယ်သူက ဆုံးဖြတ်လိုက်တာလဲ။

– သူတို့အတွက် အသုံးစရိတ်ကို ဘယ်သူက သုံးစွဲခွင့်ပေးတာလဲ။ ဘယ်လောက်တောင် ကုန်သွားပြီလဲ။ ဘာတွေအတွက် သုံးတာလဲ။

– ဒီဖြစ်စဉ်အတွက် ဘယ်သူက တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိ ဖြေရှင်းပေးမှာလဲ။

– အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေ ထပ်မဖြစ်အောင် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားမလဲဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်သူကို ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးဖို့လိုပါတယ်။

အခုဆိုရင် ကျောင်းအတု၊ ဘွဲ့အတု၊ အဖွဲ့အစည်းအတု၊ ဆုအတုကိစ္စတွေ အစိုးရအဖွဲ့ထဲမှာဖြစ်နေတာ တစ်ခါမက၊ နှစ်ခါမကဖြစ်နေပါပြီ။ ကျွန်တော် ကိုယ်တိုင် ဆောင်းပါးရေးတာ ရာထူးဝန်အဖွဲ့အရှုပ်တော်ပုံနဲ့ အခုကိစ္စဆိုရင် နှစ်ခါရှိပါပြီ။ ဒါတောင် တခြားသူတွေရေးတာတွေ မပါသေးပါဘူး။

တစ်ခါမှား၊ နှစ်ခါမှားဆိုရင် နားလည်ပေးလို့ ရပေမယ့် ခဏခဏမှားနေတယ်ဆိုရင်တော့ မသိလို့ပါဆိုတဲ့ ဆင်ခြေက မလုံလောက်တော့ပါဘူး။ ဘာကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာ ပြည်သူကို ဖြေရှင်းဖို့အချိန်တန်ပါပြီ။

ဆက်စပ်ဖတ်ရန်

မြန်မာတိုင်း(မ်)ရဲ့သတင်း – https://www.mmtimes.com/…/vice-president-van-thio-gets-roma…

Foreign Policy Magazine ရဲ့ ဆောင်းပါး – https://foreignpolicy.com/…/fake-monitors-endorse-cambodias…

ဇင်ဘာဘွေ ရှိ Nehanda Radio ရဲ့ သတင်းဖော်ပြချက် – https://nehandaradio.com/…/pulling-wool-whose-eyes-governm…/

Radio Free Europe ရဲ့ သတင်း – https://www.rferl.org/a/tha_shady_think_tank_…/24302099.html

ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade) – https://ectt.webs.com/

ECTT ရဲ့ ဥက္ကဖြစ်သူ ဒေါက်တာ Anton Caragea ရဲ့ ဝက်ဆိုဒ် – https://antoncaragea.wordpress.com/

(နေယံဦးသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ နိုင်ငံတကာလေ့လာရေး သုတေသနအဖွဲ့တစ်ခုဖြစ်သော Pacific Forum တွင် မြန်မာ့အရေးလေ့လာသူ သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အင်္ဂလန်နိုင်ငံရှိ အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တက်ရောက်သင်ကြားနေသူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်ရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် Northern Illinois University မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ရရှိထားသူလည်းဖြစ်သည်။)

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar